ဇာရီမှုတွင်အမှုသည်မဟုတ်သူ၏လျှောက်ထားချက်အရချမှတ်သောအမိန့်သည်ဒီကရီဖြစ်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဇာရီမှုတွင်အမှုသည်မဟုတ်သူတဦး၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သောအမိန့်ကိုအယူခံဝင်နိုင်ပါသလား ?


——————————


ဇာရီမှုတွင်အမှုသည်မဟုတ်သူ၏လျှောက်ထားချက်အရချမှတ်သောအမိန့်သည်ဒီကရီဖြစ်ပါသလား ?


ယင်းအမိန့်အပေါ်အယူခံဝင်ခွင့်ရှိပါသလား ?


———————————————


1984 BLR 104


ဦးအောင်တင်ပါ၂ နှင့် ဦးခွေးပါ၄


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။   ။ဦးခွေးသည်ဇာရီမှုတွင်အမှုသည်တဦးမဟုတ်ချေ။သို့ဖြစ်ရာဦးခွေး၏တင်ပြချက်နှင့်စပ်လျဉ်း၍ချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇တွင်အကျုံးမဝင်သဖြင့်ပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ချေ။တိုင်းတရားရုံးကအယူခံမှုတွင်ချမှတ်သောအမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်နိုင်ရန်အလို့ငှါအယူခံရုံးကချမှတ်သောအမိန့်သည်ဒီကရီဖြစ်ရမည်ဖြစ်ကြောင်း၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀တွင်ပြဌာန်းထားသည်။ဦးအောင်တင်တို့အယူခံဝင်ရောက်လာသည့်အမိန့်မှာရန်ကုန်တိုင်းတရားရုံးကအယူခံမှုတွင်ချမှတ်သောအမိန့်ဖြစ်သော်လည်းအထက်တွင်ရှင်းပြခဲ့သည့်အတိုင်းယင်းအမိန့်မှာတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်သဖြင့်အယူခံတရားလိုတို့သည်တိုင်းတရားရုံး၏အမိန့်ကိုအယူခံဝင်ခွင့်မရှိချေ။


—————————-


ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့​၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။


ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။


ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။


ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။


ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။


———————————————


1983 BLR 53


ဦးထွန်းစိန် နှင့် ဒေါ်ခင်မိမိပါ၃


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးအေးမောင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၅၄တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“ဤအထွေထွေအယူခံမှုသည်၊ဦးထွန်းစိန်၏လျှောက်ထားချက်ကိုတိုင်းတရားရုံးကပလပ်ခဲ့သောအမိန့်နှင့်စပ်လျဉ်း၍အယူခံဝင်ရောက်လာခြင်းဖြစ်သည်။သို့ရာတွင်ဦးထွန်းစိန်သည်အမှုသည်တဦးမဟုတ်၍တိုင်းတရားရုံးကချမှတ်ခဲ့သောအမိန့်သည်အယူခံဝင်နိုင်သောအမိန့်မဟုတ်ပေ။တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇ပါရှင်းလင်းချက်အရမူလတရားလိုနှင့်တရားပြိုင်များအကြားပေါ်ပေါက်အငြင်းပွါးလာသည့်အချက်များနှင့်စပ်လျဉ်း၍ချမှတ်သောအမိန့်များသည်သာတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)အရဒီကရီဖြစ်သောကြောင့်မူလတရားလို၊တရားပြိုင်တို့ကသာအမိန့်မကျေနပ်လျင်အယူခံဝင်ခွင့်ရှိသည်။


သို့ဖြစ်၍ဦးထွန်းစိန်၏ဤတရားမအထွေထွေအယူခံမှုကိုစရိတ်နှင့်တကွပလပ်ကြောင်းအမိန့်ချမှတ်သည်။”


———————————


1983 BLR 53 နှင့် 1984 BLR 104 စီရင်ထုံးနှစ်ရပ်ကို၊ပူးတွဲဖတ်ရှူလေ့လာမှတ်သား၍ချိတ်ဆက်စဉ်းစားဆင်ခြင်ရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ