ပြင်ဆင်မှု၏အခြားမျက်နှာစာတရပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပြင်ဆင်မှု၏အခြားမျက်နှာစာတရပ်


——————————


အယူခံဝင်ခွင့်မရှိသောပဏာမငြင်းချက်အပေါ်ဆုံးဖြတ်ချက်ကို၊ပြင်ဆင်မှုမတင်သွင်းလင့်ကစား၊အပြီးသတ်ဆုံးဖြတ်ချက်အပေါ်ပြင်ဆင်မှုတင်သွင်းရာတွင်တင်ပြခွင့်ရှိပါသလား ?


——————————-


1997 BLR 91


ဦးမြဝေပါ၂ နှင့် ဒေါ်တင်မြင့်မော်


တရားရုံးချုပ်၊တရားသူကြီးဦးသန်းဖေရှေ့တွင်


စီရင်ထုံးစာမျက်နှာ၉၄နှင့်၉၅တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“အမှုတွင်အဓိကအငြင်းပွါးလျက်ရှိသည့်ပြဿနာမှာမူလရုံးတရားလို(လျှောက်ထားခံရသူ)စွဲဆိုသောအမှုသည်ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိမရှိနှင့်၊တရားပြိုင်(လျှောက်ထားသူ)များ၏မတရားကျူးကျော်ဝင်ရောက်မှုကြောင့်တရားလိုလက်ရှိဖြစ်ခဲ့သည်ဆိုသောအချင်းဖြစ်မြေကိုမတရားလက်လွတ်ခဲ့ရခြင်းရှိမရှိဖြစ်သည်။


ကာလစည်းကမ်းသတ်နှင့်ဆိုင်သောပဏာမငြင်းချက်ကိုမူလရုံးကဦးစွာကြားနာ၍၂၇-၉-၉၃နေ့ကပင်တရားလိုဘက်သို့အသာပေးဖြေဆို၍ကာလစည်းကမ်းသတ်ကျော်လွန်သည်ဆိုခြင်းမမှန်ဟုဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။


ယင်းဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍တရားပြိုင်များကအထက်ရုံးသို့တက်၍ပယ်ဖျက်ပေးရန်လျှောက်ထားခဲ့ခြင်းမရှိသဖြင့်အဆိုပါဆုံးဖြတ်ချက်မှာယနေ့တိုင်အတည်ဖြစ်လျက်ရှိကြောင်းအငြင်းမထွက်ချေ။


သို့သော်ယခုပြင်ဆင်မှုတွင်အဆိုပါကာလစည်းကမ်းသတ်နှင့်သက်ဆိုင်သောဆုံးဖြတ်ချက်၊ဥပဒေအရမှန်ကန်မှုမရှိကြောင်းပြင်ဆင်မှုအကြောင်းပြချက်တရပ်အဖြစ်တင်ပြထားသဖြင့်ယင်းအချက်ကိုလက်ခံစိစစ်ဆုံးဖြတ်ပိုင်ခွင့်ရှိမရှိ၊ဦးစွာစိစစ်ဖို့လိုမည်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်တရားရုံးချုပ်သည်မိမိလက်အောက်ခံတရားရုံးတရုံးရုံးကဆုံးဖြတ်ခဲ့၍မိမိတရားရုံးသို့အယူခံဝင်ခွင့်မရှိသောအမှုတမှု၏အမှုတွဲကိုတောင်းယူ၍လက်အောက်ခံတရားရုံးသည်-


(က)ယင်းတရားရုံးအားဥပဒေကအပ်နှင်းခြင်းမရှိသည့်စီရင်ပိုင်ခွင့်ကိုကျင့်သုံးခဲ့ကြောင်း၊သို့မဟုတ်


(ခ)ထိုသို့အပ်နှင်းထားသောစီရင်ပိုင်ခွင့်ကိုကျင့်သုံးခြင်းမပြုခဲ့ကြောင်း၊သို့မဟုတ်


(ဂ)မိမိ၏စီရင်ပိုင်ခွင့်ကိုဥပဒေနှင့်ဆန့်ကျင်လျက်ဖြစ်စေ၊အရေးကြီးသောကျင့်ထုံးနည်းလမ်းကျနခြင်းမရှိဘဲဖြစ်စေပြုလုပ်ခဲ့ကြောင်း


တွေ့ရှိပါက၊တရားရုံးချုပ်အနေဖြင့်ထိုအမှုတွင်မိမိသင့်သည်ထင်မြင်ရာအမိန့်ကိုချမှတ်နိုင်သည်ဟုပြဌာန်းထားသည်။


ယင်းပြဌာန်းချက်အရဆိုလျင်တရားရုံးချုပ်သည်မိမိလက်အောက်ခံတရားရုံးတရုံးကစီရင်ဆုံးဖြတ်ခဲ့သောအယူခံဝင်ခွင့်မရှိသည့်မည်သည့်အမှုတွဲကိုမဆိုတောင်းယူ၍အထက်ပါအချက်(၃)ချက်အရစိစစ်ပြင်ဆင်ခွင့်ရှိကြောင်းထင်ရှားသည်။


“အမှုတွဲ”ဟုသုံးနှုန်းထားသောစကားရပ်အရအပြီးသတ်စီရင်ဆုံးဖြတ်ချက်ကိုသာမကအမှုတွဲတခုလုံးရှိ၊အမိန့်၊စီရင်ဆုံးဖြတ်ချက်မှန်သမျှကိုစိစစ်ပြင်ဆင်ခွင့်ရှိသဖြင့်၊မူလမှုတွင်ကနဦးချမှတ်ခဲ့သော၂၇-၉-၉၃နေ့စွဲပါကာလစည်းကမ်းသတ်နှင့်သက်ဆိုင်သည့်ငြင်းချက်အမှတ်(၁)အပေါ်ဆုံးဖြတ်ချက်ကိုဤပြင်ဆင်မှု၌စိစစ်ခွင့်ရှိမည်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၉၆တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်-


“xxxxxxxxxxxxxxxxxတိုင်းတရားရုံးတရားမကြီးမှုအမှတ်၄၆၂/၉၂အမှုနေ့စဉ်မှတ်တမ်းနှင့်ထိုအမှုတွင်တင်သွင်းထားသောအဆိုလွှာအရတိုင်းတရားရုံးတွင်အဆိုလွှာတင်သွင်းသည့်နေ့မှာ၂၃-၁၁-၉၂ဖြစ်ကြောင်းတွေ့ရှိရသဖြင့်မူလရုံးတရားလိုကတိုင်းတရားရုံးတွင်အဆိုလွှာတင်သွင်းချိန်၌သတ်မှတ်ထားသည့်ကာလစည်းကမ်းသတ်ထက်(၃)ရက်ကျော်လွန်နေပြီးဖြစ်ကြောင်းပေါ်ပေါက်သည်။


လျှောက်ထားသူတို့ကလည်းထိုအချက်ကိုပင်အဓိကထား၍ဤပြင်ဆင်မှု၌တင်ပြထားသည်။


ယင်းတင်ပြချက်မမှန်ပါဟူ၍လည်းလျှောက်ထားခံရသူဘက်ကတင်ပြနိုင်ခြင်းမရှိချေ။


ဤအခြေအနေတွင်မူလရုံးကကာလစည်းကမ်းသတ်နှင့်သက်ဆိုင်သောငြင်းချက်အမှတ်(၁)ကိုတရားလိုဘက်သို့အသာပေးဖြေဆို၍အမှုကိုဆက်လက်စစ်ဆေးပြီးတရားလိုစွဲဆိုသည့်အတိုင်းအနိုင်ဒီကရီချပေးခဲ့ခြင်းသည်ဥပဒေနှင့်ညီညွတ်သည်ဟုမဆိုနိုင်ပေ။


ထို့ကြောင့်ဤပြင်ဆင်မှုကိုခွင့်ပြု၍ရန်ကုန်တိုင်းတရားရုံး(တရားမ)၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး၊မူလရုံးတရားလိုစွဲဆိုသောအမှုကိုတရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွပလပ်လိုက်သည်။”


———————————————


ပြင်ဆင်မှုတင်သွင်းသူသည်၊မိမိနစ်နာမှုကိုအခြားနည်းကုစားနိုင်ရန်လမ်းပွင့်နေပါကပြင်ဆင်မှုတွင်စွက်ဖက်မည်မဟုတ်ဟူသောတရားစီရင်ရေးမူသည်၊အတည်တကျဖြစ်လျက်ရှိသည်မှာမငြင်းနိုင်။


တရားမပြင်ဆင်မှုဘောင်တွင်အကျုံးမဝင်သောပြင်ဆင်မှုများကိုလက်ခံကြားနာဆုံးဖြတ်ခြင်းသည်၊ပြင်ဆင်မှုတရားရုံးများ​၏အချိန်ကိုအလဟဿဖြုန်းတီးရာရောက်သည်။


ယခင်ကပြင်ဆင်မှုတရားရုံးသည်တရားလွှတ်တော်သာဖြစ်သည်။


ယခုခရိုင်တရားရုံး၊တရားလွှတ်တော်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင်ပြင်ဆင်မှုတမှုပြီးတမှုတင်သွင်းခွင့်ရနေခြင်းသည်ဖြစ်သင့်မသင့်၊ဥပဒေပြုအဖွဲ့ကပြန်လည်စိစစ်သင့်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆၊ပုဒ်မ၁၀၀၊ပုဒ်မ၁၀၉(က)တို့တွင်၊တင်သွင်းသောတရားမအယူခံတို့ကိုအမျိုးမျိုးဘောင်ခတ်ထားသည်။


တရားမပြင်ဆင်မှုတွင်မူ၊သုံးဆင့်သောတရားရုံးတို့သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါ၊အခွင့်အာဏာတခုတည်းကိုထပ်တလဲလဲသုံးခွင့်ရခြင်းသည်ဖြစ်သင့်ပါသလား ?


ထိုသို့မဖြစ်စေရန်ယခင်ကတရားလွှတ်တော်တခုတည်းကိုသာ၊ပြင်ဆင်မှုအာဏာအပ်နှင်းထားခြင်းဖြစ်သည်။


ယခင်တရားလွှတ်တော်ချုပ်တွင်တရားမပြင်ဆင်မှုအာဏာမရှိ။


တရားလွှတ်တော်တွင်သာထိုအခွင့်အာဏာကိုသုံးစွဲသဖြင့်၊ပြင်ဆင်မှုများတွင်ချမှတ်သောအဆုံးအဖြတ်တို့သည်၊ညီညွတ်(consistent)ခဲ့သည်။


ယခုအခါပြင်ဆင်မှုတရားရုံး(အရေအတွက်အားဖြင့်ငါးဆယ်ထက်နည်းမည်မဟုတ်)တို့က၊ထိုအခွင့်အာဏာကိုသုံးစွဲရာတွင်မူ၊ထိုသို့ညီညွတ်မှု(consistency)ရှိမရှိ၊ဥပဒေကော်မရှင်ဖွဲ့၍စိစစ်သင့်သည်။


တနည်းအားဖြင့်၊တရားရေးဝန်ထမ်းအဆင့်(၂)ကဲ့သို့၊ဥပဒေပညာမရင့်ကျက်သေးသောတရားသူကြီးက၊သိမ်မွေ့သောဥပဒေပြဿနာသက်ဝင်သည့်တရားမပြင်ဆင်မှုကိုစီရင်သင့်ပါသလား ?

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ