ပစ္စည်းထိန်းခန့်အပ်သည့်အမိန့်ကိုမကျေနပ်လျှင်ပြင်ဆင်မှုလျှောက်ထားခွင့်ရှိပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပစ္စည်းထိန်းခန့်အပ်သည့်အမိန့်ကိုမကျေနပ်လျှင်ပြင်ဆင်မှုလျှောက်ထားခွင့်ရှိပါသလား ?


—————————-


ရုံးခွန်ထပ်မံထမ်းဆောင်ရန်ချမှတ်သောအမိန့်အပေါ်အယူခံဝင်ခွင့်ရှိပါသလား ?


——————————


ကာလစည်းကမ်းသတ်ကျော်လွန်လျက်ရှိသောအယူခံလွှာကိုလက်ခံ၍ဆုံးဖြတ်ခဲ့ခြင်းမှာဥပဒေနှင့်ညီပါသလား ?


———————————


အဆိုလွှာကိုလက်ခံကြောင်းချမှတ်သောအမိန့်သည်ဒီကရီဖြစ်ပါသလား ? 


ထို့အတူအယူခံဝင်ခွင့်ရှိသောအမိန့်ဖြစ်ပါသလား ?


————————-


လူဖမ်းဝရမ်းထုတ်ဆင့်သည့်အမိန့်အပေါ်အယူခံဝင်ခွင့်ရှိပါသလား ?


——————————-


1984 BLR 74


ဒေါ်စန်းစန်း နှင့် ဦးကျော်ဝေ


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးမြကျော်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။  ။တရားမကျင့်ထုံးဥပဒေအမိန့်၄၀၊နည်း၁အရပစ္စည်းထိန်းခန့်အပ်သည့်အမိန့်ကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁အရအယူခံဝင်ခွင့်ရှိသည်ဖြစ်ရာဤပြင်ဆင်မှုကိုလျှောက်ထားခြင်းမှာ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါပြဌာန်းချက်နှင့်မညီညွတ်ချေ။”


————————————


1984 BLR 130


မခင်အုန်းမြင့် နှင့် ဦးဘရင်


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးခင်ဇာမုံနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။  ။တိုင်းတရားရုံးကမခင်အုန်းမြင့်ထံမှရုံးခွန်ထပ်မံတောင်းခြင်းမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်သဖြင့်တိုင်းရုံး၏အမိန့်ကိုအယူခံဝင်ခွင့်မရှိချေ။”


————————————-


1984 BLR 178


ဒေါ်မြတင် နှင့် ဦးအေးမောင်


ဥက္ကဌအဖြစ်ဦးခင်ဇာမုံ၊အဖွဲ့ဝင်များအဖြစ်ဦးလှဘုန်းနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၇၉တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“xxxxxxxxxxရပ်ကွက်တရားရုံးကတရားရှုံးအားအိမ်လခအကြွေးများကိုအရစ်ကျဆက်လက်၍ပေးဆပ်ခွင့်မပြုနိုင်တော့ကြောင်းဖြင့်၃၀-၆-၈၀နေ့တွင်အမိန့်ချမှတ်သည်။ဦးအေးမောင်ကယင်းအမိန့်ကိုမင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၊တရားမပြင်ဆင်မှုအမှတ်၉/၈၀တွင်ပြင်ဆင်မှုလျှောက်ထားသောအခါမြို့နယ်တရားရုံးကအိမ်လခအကြွေးများကိုပေးစေရန်ပြင်ဆင်အမိန့်ချမှတ်သည်။ထိုအမိန့်ကိုတိုင်းတရားရုံးကတရားမပြင်ဆင်မှုအမှတ်၅၄/၈၁တွင်အတည်ပြုလိုက်သဖြင့်ဒေါ်မြတင်ကဗဟိုတရားရုံးတရားမအထွေထွေအယူခံမှုအမှတ်၁၁၂/၈၁တွင်အယူခံသောအခါဗဟိုတရားရုံးကမြို့နယ်တရားရုံးနှင့်တိုင်းတရားရုံး၏အမိန့်များကိုအယူခံဝင်ရမည့်အစားမှားယွင်း၍ပြင်ဆင်မှုတင်သွင်းခဲ့သည်ဟုအကြောင်းပြကာထိုအမိန့်များကိုပယ်ဖျက်ပြီးမူလရုံး၏အမိန့်ကိုအတည်ပြုကြောင်းအမိန့်ချမှတ်သည်။


ထို့နောက်ဦးအေးမောင်ကဒေါ်မြတင်အပေါ်မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတရားမအထွေထွေအယူခံမှုအမှတ်၃/၈၃တွင်မူလရုံး၏၃၀-၆-၈၀ရက်စွဲပါအမိန့်ကိုထပ်မံ၍အယူခံဝင်ရာမြို့နယ်တရားရုံးကရပ်ကွက်တရားရုံး၏အမိန့်ကိုပယ်ဖျက်ပြီးအိမ်လခကြွေးများကိုဆက်လက်ပေးဆောင်ခွင့်ပြုကြောင်းအမိန့်ချမှတ်သည်။ဒေါ်မြတင်ကမြို့နယ်တရားရုံး၏အမိိန့်ကိုရန်ကုန်တိုင်းတရားရုံးတွင်အယူခံဝင်သောအခါတိုင်းတရားရုံးကအောက်ရုံးများ၏အမိန့်များကိုပယ်ဖျက်ပြီးတရားရှုံးသည်အိမ်လခကြွေးများကိုပေးဆပ်ရန်ပျက်ကွက်ခြင်းရှိမရှိစုံစမ်းစစ်ဆေးပြီးအမိန့်ချမှတ်ရန်တရားမကျင့်ထုံးအမိန့်၄၁၊နည်း၂၃အရအမိန့်ချမှတ်သောကြောင့်ဒေါ်မြတင်ကဗဟိုတရားရုံးတွင်ဤအယူခံကိုတင်သွင်းသည်။


ဦးအေးမောင်သည်လွတ်လပ်ရေးရပ်ကွက်တရားရုံးကဇာရီမှုတွင်ချမှတ်သော၃၀-၆-၈၀ရက်စွဲပါအမိန့်ကိုမင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင်၁၆-၆-၈၃နေ့၌အယူခံဝင်ခဲ့သည်ဖြစ်ရာသတ်မှတ်ထားသည့်စည်းကမ်းသတ်ကာလရက်၃၀ထက်များစွာကျော်လွန်နေသည့်အလျောက်မြို့နယ်တရားရုံးကယင်းအယူခံလွှာကိုလက်ခံ၍အဆုံးအဖြတ်ပေးခြင်းမှာမှားယွင်းပေသည်။


ထို့ကြောင့်ဤအယူခံကိုခွင့်ပြု၍တိုင်းတရားရုံး၏အမိန့်နှင့်မြို့နယ်တရားရုံး၏အမိိန့်တို့ကိုပယ်ဖျက်ပြီး၊မူလရုံး၏အမိန့်ကိုတရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွပြန်လည်အတည်ပြုလိုက်သည်။”


ဤစီရင်ထုံးစာမျက်နှာ၁၇၈အောက်ခြေမှတ်စုတွင်၊၁၉၈၃ခုနှစ်၊တရားမအထွေထွေအယူခံမှုအမှတ်၃(မင်္ဂလာတောင်ညွန့်)တွင်ချမှတ်သော(၂၈-၁၂-၈၃)နေ့စွဲပါရန်ကုန်တိုင်းတရားရုံး၏အမိန့်ကိုအယူခံသော၊၁၉၈၄ခုနှစ်၊တရားမအထွေထွေအယူခံမှုအမှတ်၃၀ဟုဖော်ပြထားချက်ကို၊စာဖတ်သူဥပဒေပညာရှင်စဉ်းစားဆင်ခြင်ကြည့်ပါရန်။


——————————


1984 BLR 220


ဦးအောင်သန်း နှင့် ဒေါ်ကြည်ကြည်စန်း


ဥက္ကဌအဖြစ်ဦးခင်ဇာမုံ၊အဖွဲ့ဝင်များအဖြစ်ဦးလှဘုန်းနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၂၂၁တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“အဆိုလွှာကိုလက်ခံရန်ဆုံးဖြတ်သောမြို့နယ်တရားရုံး၏အမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ချေ။ပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁တွင်အကျုံးဝင်သောအယူခံဝင်ခွင့်ရှိသည့်အမိန့်လည်းမဟုတ်ချေ။သို့ဖြစ်ရာမြို့နယ်တရားရုံးကချမှတ်သည့်အမိန့်ကိုရန်ကုန်တိုင်းတရားရုံးသို့အယူခံဝင်ရောက်ခြင်းမှာဥပဒေနှင့်မညီညွတ်သဖြင့်တိုင်းတရားရုံးကအယူခံကိုပလပ်လိုက်ခြင်းမှာမှန်ကန်ပေသည်။


အယူခံတရားလို၏ရှေ့နေကဗဟိုတရားရုံးတွင်တင်သွင်းသည့်ဤအယူခံကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲဆုံးဖြတ်ပေးရန်တင်ပြလျှောက်ထားသည်။တိုင်းတရားရုံး၏ဆုံးဖြတ်ချက်မှာအထက်တွင်ဖော်ပြခဲ့သည့်အတိုင်းမှန်ကန်သည်ဖြစ်၍ဦးအောင်သန်း၏အယူခံကိုပြင်ဆင်မှုအဖြစ်သို့ပြောင်းလဲခြင်းဖြင့်အကြောင်းထူးမည်မဟုတ်ချေ။


ထို့ကြောင့်ဤအယူခံကိုပလပ်လိုက်သည်။”


————————-


1984 BLR 311


ဦးသာဝင်း နှင့် ဦးအောင်ကြီး


ဥက္ကဌအဖြစ်ဦးတင်အုန်း၊အဖွဲ့ဝင်များအဖြစ်ဦးတင်အောင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။  ။လူဖမ်းဝရမ်းထုတ်ဆင့်သည့်အမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄(၁)နှင့်အမိိန့်၄၃၊နည်း၁တို့အရအယူခံဝင်နိုင်သည့်အမိိန့်မျိုးမဟုတ်ပေ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ