ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍အမှုကိုပလပ်လိုက်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်ပါသလော။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍အမှုကိုပလပ်လိုက်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်ပါသလော ?


ထိုဒီကရီအပေါ်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆(၁)အရအယူခံဝင်ခွင့်ရှိပါသလော ?


————————————-


ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရချမှတ်သောဒီကရီကိုအယူခံဝင်ရမည်ဟု၊တရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားပါသလော ?


————————


အယူခံ၊ပြင်ဆင်ဆိုသည်မှာပညတ်များဖြစ်သည်။


အထက်အဆင့်မြင့်ရုံးသို့တက်ရောက်ပြီးအရေးဆိုသောကိစ္စဖြစ်သည်။


ပြင်ဆင်မှုမှာထက်ရုံးခွန်ပိုဆောင်ပြီးအယူခံဝင်ရောက်ခြင်းကြောင့်နိုင်ငံတော်ကရုံးခွန်ပိုမိုရရှိသည်။


လုပ်နည်းဆောင်တာများ(technicalities)ကိုအလေးမပေးသင့်။


အယူခံဝင်ခွင့်မရှိလျင်ပြင်ဆင်မှုအဖြစ်ဆုံးဖြတ်နိုင်သည်ဟုအကြောင်းပြကြသည်လည်းရှိသည်။


အမှုမှားယွင်းတက်ရောက်သူ၏တာဝန်ကိုလျော့ပစ်ရန်မသင့်ဟုဆင်ခြေပေးစရာအကြောင်းလည်းရှိပါသည်။


ဥပဒေအရ၊ရရှိသောအခွင့်အရေးကိုလုပ်နည်းဆောင်တာကိစ္စများဟုအကြောင်းပြပြီးနုတ်ပယ်ရန်မသင့်ပါ။


———————————


1983 BLR 48


ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်းပါ၂


ဥက္ကဌအဖြစ်ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ်ဦးမွန်စံလှိုင်နှင့်ဦးသန့်စင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၄၉တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်သည်-


“ဤပြင်ဆင်မှုတွင်လျှောက်ထားခံရသူတို့၏အကျိုးဆောင်ကတိုင်းတရားရုံးကချမှတ်သောအမိန့်သည်ဒီကရီဖြစ်သဖြင့်လျှောက်ထားသူသည်ထိုဒီကရီကိုအယူခံဝင်ရောက်ရမည်ဖြစ်ကြောင်း၊သို့ဖြစ်ရာပြင်ဆင်မှုလျှောက်ထားခြင်းကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရလက်ခံခွင့်မရှိကြောင်းဖြင့်ပဏာမကန့်ကွက်တင်ပြသည်။ယင်းကန့်ကွက်ချက်နှင့်စပ်လျဉ်း၍လျှောက်ထားသူ၏အကျိုးဆောင်ကတစုံတရာဖြေကြားခြင်းမပြုပေ။


တိုင်းတရားရုံးကဒေါ်ထိုက်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုကောက်ယူကာလျှောက်ထားခံရသူဦးပေါ်ထွန်းတို့အားအနိုင်ပေးလိုက်သည်ဖြစ်၍တိုင်းတရားရုံး၏အမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်ပေသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆(၁)တွင်တရားရုံးတရုံးရုံးကမူလစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သောဒီကရီအရပ်ရပ်ကိုအယူခံဝင်ခွင့်ရှိသည်ဟုပြဌာန်းထားသည်။


ဤအမှုတွင်တိုင်းတရားရုံးကချမှတ်သောအမိန့်မှာအထက်တွင်ဖော်ပြထားသည့်အတိုင်းဒီကရီဖြစ်သော်လည်းပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သောဒီကရီဖြစ်သဖြင့်ပုဒ်မ၉၆(၁)အရအယူခံဝင်ခွင့်ရှိသည်ဟုမဆိုနိုင်ပေ။


အယူခံဝင်ခွင့်မရှိသောအမိန့်ကိုပြင်ဆင်မှုလျှောက်ထားနိုင်ကြောင်းတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်ပြဌာန်းထားသည်။”


စီရင်ထုံးစာမျက်နှာ၅၀နှင့်၅၁တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“တိုင်းတရားရုံးသည်ယင်းငြင်းချက်များနှင့်စပ်လျဉ်း၍ငြင်းချက်အမှတ်(၁)နှင့်(၂)တို့မှာဦးပေါ်ထွန်းတို့နှင့်တိုက်ရိုက်ဆက်စပ်ခြင်းမရှိပဲငြင်းချက်အမှတ်(၃)အရ၊ဒေါ်ထိုက်ကအမှုကိုစွဲဆိုနိုင်ခြင်းဆိုသည်မှာမမှန်ကြောင်းသုံးသပ်သည်။သို့သော်အကြောင်းတစုံတရာမပြချေ။ထို့ပြင်ဒေါ်ထိုက်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုကောက်ယူဆုံးဖြတ်ခဲ့သည်။အမှုတွင်အဆိုအချေများ၌ကာလစည်းကမ်းသတ်နှင့်စပ်လျဉ်း၍အငြင်းပွါးမှုတစုံတရာမရှိခဲ့သည့်အလျောက်မြို့နယ်တရားရုံးကယင်းပြဿနာနှင့်စပ်လျဉ်း၍ငြင်းချက်ထုတ်နုတ်ထားခြင်းမရှိသည်ကိုတွေ့ရသည်။


အထက်ဖော်ပြပါငြင်းချက်သုံးရပ်နှင့်စပ်လျဉ်း၍မြို့နယ်တရားရုံးကချမှတ်သောအမိန့်ကိုမကျေနပ်သဖြင့်ဦးပေါ်ထွန်းတို့ကတင်သွင်းသောပြင်ဆင်မှုတွင်တိုင်းတရားရုံးသည်မြို့နယ်တရားရုံး၏အမိန့်မှန်မမှန်စိစစ်ရန်သာဖြစ်ပါလျက်၊အမှုတွင်အငြင်းမပွါးသည့်ပြဿနာတရပ်ကိုဖော်ထုတ်ကာဒေါ်ထိုက်၏အမှုကိုပလပ်လိုက်ခြင်းမှာတိုင်းတရားရုံး၏စီရင်ပိုင်ခွင့်ဘောင်ကိုကျော်လွန်အဆုံးအဖြတ်ပြုရာရောက်သည်။


လျှောက်ထားခံရသူ၏အကျိုးဆောင်ကငြင်းချက်အမှတ်(၃)နှင့်စပ်လျဉ်း၍မြို့နယ်တရားရုံး၏ဆုံးဖြတ်ချက်မှာမှားယွင်းကြောင်းအကျယ်တဝင့်တင်ပြလျှောက်ထားသည်။အထက်တွင်သုံးသပ်ခဲ့သည့်အတိုင်း၊တိုင်းတရားရုံးသည်ငြင်းချက်သုံးရပ်နှင့်စပ်လျဉ်း၍ကောင်းစွာစိစစ်ဆုံးဖြတ်ခြင်းမပြုခဲ့ကြောင်းပေါ်ပေါက်နေသည်ဖြစ်ရာယင်းပြဿနာများကိုအဆုံးအဖြတ်ပြုရန်အမှုကိုတိုင်းတရားရုံးသို့ပြန်လည်ပေးပို့ရမည်ဖြစ်သည့်အလျောက်၊ဗဟိုတရားရုံးအနေဖြင့်ငြင်းချက်များနှင့်စပ်လျဉ်း၍တစုံတရာဝေဖန်သုံးသပ်ရန်မသင့်ပေ။လျှောက်ထားခံရသူ၏အကျိုးဆောင်တင်ပြသောအချက်များကိုတိုင်းတရားရုံးတွင်တင်ပြရန်သာဖြစ်ပေသည်။”


———————————-


1984 BLR 317


ဒေါ်သိန်းခင် နှင့် ဦးအောင်ကို


ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးတင်အောင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၃၁၇နှင့်၃၁၈တွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်သည်-


“လှိုင်မြို့နယ်တရားရုံး၊တရားမကြီးမှုအမှတ်၁၇/၇၉တွင်ဒေါ်သိန်းခင်ကဦးအောင်ကိုအပေါ်၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)နှင့်(ဂ)တို့အရတရားစွဲဆိုရာမြို့နယ်တရားရုံးကအိမ်ရှင်ပေးပို့သောနို့တစ်စာသည်ဥပဒေနှင့်ညီညွတ်မှုရှိမရှိပဏာမငြင်းချက်ထုတ်၍ကြားနာပြီးနောက်အိမ်ရှင်အားအသာပေး၍ဆုံးဖြတ်သည်။ဦးအောင်ကိုကမြို့နယ်တရားရုံး၏အမိန့်ကိုပြင်ဆင်ပေးရန်ရန်ကုန်တိုင်းတရားရုံးတွင်လျှောက်ထားရာတိုင်းတရားရုံးကနို့တစ်စာတရားမဝင်ကြောင်းကောက်ယူ၍ဒေါ်သိန်းခင်၏အမှုကိုပလပ်လိုက်သောကြောင့်ဒေါ်သိန်းခင်ကဗဟိုတရားရုံးတွင်ဤပြင်ဆင်မှုကိုလျှောက်ထားခြင်းဖြစ်သည်။


လျှောက်ထားခံရသူ၏ရှေ့နေကတိုင်းတရားရုံးသည်ဒေါ်သိန်းခင်၏အမှုကိုပလပ်လိုက်သောအမိန့်မှာဒီကရီဖြစ်သောကြောင့်အယူခံဝင်ရမည်ဖြစ်၍ပြင်ဆင်မှုလျှောက်ထားခြင်းမှာမှားယွင်းကြောင်းလျှောက်ထားသည်။တိုင်းတရားရုံး၏အမိန့်သည်ဒီကရီဖြစ်သည်မှာအငြင်းမပွါးချေ။မူလမှုဆိုင်ရာစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍ချမှတ်သောဒီကရီကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်နိုင်သည်။ထိုနည်းတူအယူခံတွင်ချမှတ်သောဒီကရီကိုအဆိုပါဥပဒေပုဒ်မ၁၀၀အရအယူခံဝင်နိုင်သည်။သို့ရာတွင်ပြင်ဆင်မှုဆိုင်ရာစီရင်ပိုင်ခွင့်အရချမှတ်သောဒီကရီကိုအယူခံဝင်ရမည်ဟုတရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားခြင်းမရှိချေ။”


————————


ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်ဖြစ်သဖြင့်၊စာဖတ်သူဥပဒေပညာရှင်သည်၊ 1983 BLR 48 နှင့် 1984 BLR 317 စီရင်ထုံးနှစ်ရပ်ကိုယှဉ်တွဲမှတ်သားလေ့လာရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ