အခြားတရားရုံး၏ဇာရီမှုကိုဆိုင်းငံ့မှုပြုနိုင်ပါသလား။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အခြားတရားရုံး၏ဇာရီမှုကိုဆိုင်းငံ့မှုပြုနိုင်ပါသလား ?
—————————-
အမှုနှစ်မှုတွင်ပါဝင်သောအမှုသည်များတူညီခြင်းမရှိလျင်ဇာရီမှုကို၊အမိန့်၂၁၊နည်း၂၉အရဆိုင်းငံ့ထားခြင်းပြုနိုင်ပါသလား ?
—————————
1984 BLR 270
ဦးတင်ဦး နှင့် ဦးဂွမ်ဟုတ်
ဥက္ကဌအဖြစ်ဦးအေးမောင်၊အဖွဲ့ဝင်များအဖြစ်ဦးခင်ဇာမုံနှင့်ဦးထွန်းရှိန်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၂၇၁တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“တရားမကျင့်ထုံးအမိန့်၂၁၊နည်း၂၉ပါပြဌာန်းချက်များအရဆိုလျင်၊တရားမကြီးမှုကိုစစ်ဆေးလျက်ရှိသည့်တရားရုံးသည်မိမိရုံးတွင်စစ်ဆေးဆောင်ရွက်ဆဲဖြစ်သောဇာရီမှုကိုသာဆိုင်းငံ့ပေးနိုင်သည်။
အခြားတရားရုံးရှိဇာရီမှုကိုဆိုင်းငံ့ခြင်းမပြုနိုင်ပေ။
သို့ဖြစ်ရာလမ်းမတော်မြို့နယ်တရားရုံးတရားမကြီးမှုအမှတ်၇/၈၃မပြီးပြတ်မီအတောအတွင်းအမှတ်(၃)ရပ်ကွက်တရားရုံး၊တရားမဇာရီမှုအမှတ်၁/၈၂ကိုဆိုင်းငံ့ပေးရန်အဆိုပါရပ်ကွက်တရားရုံးတရားမဇာရီမှုတွင်ဦးဂွမ်ဟုတ်ကလျှောက်ထားခြင်းသည်တရားမကျင့်ထုံးအမိန့်၂၁၊နည်း၂၉တွင်အကျုံးမဝင်သောကြောင့်ရန်ကုန်တိုင်းတရားရုံးကဦးဂွမ်ဟုတ်၏လျှောက်လွှာကိုခွင့်ပြု၍ဆိုင်းငံ့မိန့်ထုတ်ပေးခဲ့ခြင်းသည်ဥပဒေနှင့်ညီညွတ်ခြင်းမရှိပေ။
ထို့ကြောင့်ဤပြင်ဆင်မှုကိုခွင့်ပြု၍ရန်ကုန်တိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်ပြီး၊ရပ်ကွက်နှင့်မြို့နယ်တရားရုံး၏အမိန့်များကိုပြန်လည်အတည်ပြုလိုက်သည်။”
——————————-
1984 BLR 335
အယွတ်အီး-ဂျီဝါမီးရား နှင့် အမ်မိုဟာမက်မွတ်စတဖာကမာလ်ပါ၃
ဥက္ကဌအဖြစ်ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၃၃၆တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၂၉အရတရားမကြီးမှုကိုစစ်ဆေးလျက်ရှိသည့်တရားရုံးကသာမိမိရုံးတွင်အရေးယူဆောင်ရွက်ဆဲဖြစ်သောဇာရီမှုကိုဆိုင်းငံ့ပေးနိုင်သည်။
အခြားတရားရုံး၏ဇာရီမှုကိုဆိုင်းငံ့ခြင်းမပြုနိုင်ပေ။
ရန်ကုန်တိုင်းတရားရုံးတရားမကြီးမှုအမှတ်၁၂၆/၈၃တွင်တရားလိုများမှာအမ်မိုဟာမက်မွတ်စတဖာကမာလ်နှင့်မရီယံဘီဘီတို့ဖြစ်ပြီး၊ပန်းဘဲတန်းမြို့နယ်တရားရုံး၊တရားမဇာရီမှုအမှတ်၂၁/၇၈တွင်တရားနိုင်မှာအယွတ်အီး-ဂျီဝါမီးရားနှင့်တရားရှုံးမှာအက်(စ)အီးပကီးရ်မိုဟာမက်၏ဇနီးမိုမီနာဘီဘီဖြစ်သည်။
ထို့ကြောင့်အမှုနှစ်မှုတွင်ပါဝင်သောအမှုသည်များတူညီခြင်းမရှိသဖြင့်ဇာရီမှုကိုအမိန့်၂၁၊နည်း၂၉အရဆိုင်းငံ့ထားခြင်းမပြုနိုင်ပေ။
ထို့ကြောင့်ဤပြင်ဆင်မှုကိုခွင့်ပြုပြီးရန်ကုန်တိုင်းတရားရုံးကပန်းဘဲတန်းမြို့နယ်တရားရုံး၏ဇာရီမှုအမှတ်၂၁/၇၈ကိုဆိုင်းငံ့ထားသည့်အမိန့်အားပယ်ဖျက်လိုက်သည်။”
Comments
Post a Comment