မီးသေခြင်းဆိုင်ရာဥပဒေသသည်ဇာရီမှုများနှင့်သက်ဆိုင်ပါသလော။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မီးသေခြင်းဆိုင်ရာဥပဒေသသည်၊ဇာရီမှုများနှင့်သက်ဆိုင်ပါသလော ?


—————————————


1986 BLR 12


ဦးတင်မောင်ပါ၃ နှင့် ဒေါ်သိန်းတင်


ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးခင်မောင်ကျော်နှင့်ဦးဘမော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။   ။တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁တွင်တရားမဇာရီမှုများကိုရည်ညွှန်းထားခြင်းမရှိသော်လည်း၊မီးသေခြင်းဆိုင်ရာဥပဒေသသည်ဇာရီမှုများနှင့်လည်းသက်ဆိုင်သည်။”


စီရင်ထုံးစာမျက်နှာ၁၄တွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်သည်-


“မြို့နယ်တရားရုံး၏၂၀-၂-၇၆ရက်စွဲပါအမိန့်သည်ဒေါ်သိန်းတင်တို့၏၆-၇-၈၃ရက်စွဲပါကန့်ကွက်လွှာ၌ဖော်ပြထားသည့်ကန့်ကွက်ချက်များကိုမီးသေခြင်းဆိုင်ရာသဘောတရားအရပိတ်ပင်ခြင်းရှိမရှိနှစ်ဖက်ရှေ့နေများအားလျှောက်လဲစေခဲ့သည်။”


စီရင်ထုံးစာမျက်နှာ၁၅တွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“တရားရှုံးဒေါ်သိန်းတင်တို့သည်၂၁-၁-၇၆ရက်စွဲပါကန့်ကွက်လွှာတင်သွင်း၍ဦးတင်မောင်တို့သည်ဒီကရီကိုအတည်ပြုခွင့်မရှိကြောင်းကန့်ကွက်တင်ပြခဲ့ငည်။အချင်းဖြစ်ဂရိတ်ဗုဒ္ဓဘာသာခြင်းလုံးအသင်းကိုမှတ်ပုံတင်ထားခြင်းမရှိ၍အသင်းမှာဆက်လက်ရပ်တည်နိုင်တော့ခြင်းမရှိသဖြင့်ဦးတင်မောင်တို့သည်အသင်းကိုကိုယ်စားပြုပြီးဒီကရီကိုအတည်ပြုခွင့်မရှိကြောင်း၊၂၁-၁-၇၆ရက်စွဲပါကန့်ကွက်လွှာ၌ဖော်ပြကန့်ကွက်နိုင်ပေသည်။ဖော်ပြကန့်ကွက်သင့်သောကိစ္စရပ်လည်းဖြစ်ပေသည်။သို့ဖြစ်ရာဦးတင်မောင်တို့အနေဖြင့်အသင်းကိုကိုယ်စားပြု၍ဒီကရီကိုအတည်ပြုခွင့်ရှိမရှိဆိုသောပြဿနာကို၂၁-၁-၇၆ရက်စွဲပါကန့်ကွက်လွှာနှင့်စပ်လျဉ်း၍မြို့နယ်တရားရုံးအမိန့်ချမှတ်စဉ်အခါကတပါတည်းအဆုံးအဖြတ်ပြုပြီးရာရောက်သည်ဟု၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၏ရှင်းလင်းချက်(၄)အရမှတ်ယူရပေမည်။တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ကိုပြဌာန်းထားခြင်း၏အဓိကအကြောင်းတရပ်မှာအမှုပွါးများခြင်းကိုပိတ်ပင်ရန်ဖြစ်ပေသည်။


ဇာရီမှုတမှုတွင်တရားရှုံးဘက်က၊တရားနိုင်အနေဖြင့်ဒီကရီကိုအတည်ပြုခွင့်မရှိကြောင်းအကြောင်းပြချက်များကိုတပေါင်းတည်း၊တကြိမ်တည်းတင်ပြကန့်ကွက်ရန်ဖြစ်သည်။အကြိမ်ကြိမ်ခွဲ၍တင်ပြခွင့်ပြုမည်ဆိုပါကဇာရီမှုမှာပြီးပြတ်ရန်အကြောင်းမရှိနိုင်တော့ချေ။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁တွင်တရားမဇာရီမှုများကိုရည်ညွှန်းထားခြင်းမရှိသော်လည်း၊မီးသေခြင်းဆိုင်ရာဥပဒေသသည်ဇာရီမှုများနှင့်လည်းသက်ဆိုင်သည်။မလှရီ နှင့် မသန်းစိိန်ပါ၃(၁၉၅၃၊မတစ၊၅၅(တရားလွှတ်တော်ချုပ်))၊မောင်မောင်ပါ၂ နှင့် ဗွီ၊ဗွီ၊အာရ်၊ချစ်တီးယားဖမ်း(၁၉၄၀၊ရန်ကုန်စီရင်ထုံးများ၊စာ၁၂)၊စီရင်ထုံးများတွင်ဤအတိုင်းထုံးဖွဲ့ထားသည်ကိုတွေ့ရသည်။သို့ဖြစ်၍ဒေါ်သိန်းတင်တို့၏၂၁-၁-၇၆ရက်စွဲပါကန့်ကွက်လွှာနှင့်စပ်လျဉ်း၍မြို့နယ်တရားရုံးကချမှတ်သော၂၀-၂-၇၆ရက်စွဲပါအမိန့်သည်၊ဒေါ်သိန်းတင်တို့၏၆-၇-၈၃ရက်စွဲပါကန့်ကွက်လွှာ၌ဖော်ပြထားသည့်ကန့်ကွက်ချက်များကို၊မီးသေခြင်းဆိုင်ရာသဘောတရားအရပိတ်ပင်သည်ဟုကောက်ယူသင့်ပေသည်။”


————————————-


1989 BLR 60 


ဒေါ်လင်အာလန် နှင့် ဒေါ်သန်းလှပါ၅


တရားရုံးချုပ်တရားသူကြီးဦးအေးအုန်း၊ဦးကျော်ဝင်းနှင့်ဦးကျော်တင့်တို့ရှေ့တွင်


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၆၄တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“ဒေါ်လင်အာလန်တို့၏ရှေ့နေကမူလရုံးသည်ဒီကရီရေးဆွဲခဲ့ခြင်းမရှိသဖြင့်ယင်းဒီကရီကိုအယူခံဝင်သောအခါတရားရုံးအဆင့်ဆင့်ကချမှတ်သောဒီကရီများမှာပျက်ပြယ်ကြောင်းအကျယ်တဝင့်တင်ပြလျှောက်ထားသည်။အိမ်ရှင်များ၏ရှေ့နေကအိမ်ငှါးဘက်မှတင်ပြသောအထက်ပါကိစ္စရပ်များမှာယခင်တင်သွင်းခဲ့သောအယူခံအဆင့်ဆင့်တွင်တင်ပြရမည့်ကိစ္စဖြစ်ကြောင်း၊ယင်းကိစ္စကိုဗဟိုတရားရုံးအထိအရေးမဆိုခဲ့ကြောင်း၊ဒီကရီကိုအတည်ပြုတော့မှအယူခံတရားရုံးများကချမှတ်သည့်ဒီကရီမှာပျက်ပြယ်သည်ဟုပြောဆိုခွင့်မရှိတော့ကြောင်း၊ယခင်ဗဟိုတရားရုံးကချမှတ်သည့်ဒီကရီပျက်ပြယ်သည်ဟုတောင်းဆိုလာခြင်းမှာစတုတ္ထအယူခံတက်ရောက်သည့်သဘောသက်ရောက်လျက်ရှိကြောင်းစသည်ဖြင့်ဖြေကြားသည်။


ဒီကရီအတည်ပြုသည့်တရားရုံးတွင်တရားရှုံးဘက်မှအတည်ပြုရန်ဖြစ်သောဒီကရီသည်ပျက်ပြယ်သည်ဟုယေဘုယျအားဖြင့်စောဒကတက်ခွင့်မရှိချေ။ဦးဘအေးပါ၂ နှင့် ဦးမြိုင်ပါ၂၊၁၉၆၇ မတစ၊စာ၄၃၀တွင်လမ်းဖွင့်ပေးထားသည့်အကြောင်းတရပ်ရပ်နှင့်စပ်လျဉ်း၍သာဒီကရီမှာတရားမဝင်ကြောင်းဇာရီမှုတွင်တင်ပြခွင့်ရှိသည်။အိမ်ငှါးဘက်မှတင်ပြသောအကြောင်းအရာမှာအဆိုပါစီရင်ထုံးတွင်အကျုံးမဝင်သဖြင့်ယင်းပြဿနာကိုဖော်ထုတ်အဆုံးအဖြတ်ပေးခွင့်မရှိပေ။


ထို့ပြင်ဒီကရီရေးဆွဲထားခြင်းမရှိသဖြင့်အယူခံခွင့်မရှိဟူသောအချက်ကိုအယူခံရုံးအဆင့်ဆင့်တွင်တင်ပြသင့်သည်။တင်ပြနိုင်ခွင့်လည်းရှိသည်။သို့ဖြစ်ရာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၏ရှင်းလင်းချက်၄အရအဆိုပါပြဿနာကိုအဆုံးအဖြတ်ပေးပြီးပြီဟုကောက်ယူရန်သာရှိပေတော့သည်။”


——————————


မီးသေခြင်းဆိုင်ရာဥပဒေ​၏မျက်နှာစာတရပ်


မီးသေခြင်းဆိုင်ရာဥပဒေ​၏မူသဘော


11 I.A. 37


( Ram Kirpal Shukul  v. Mussumat Rup Kuari)


(delivered 1st December 1883)


(Present : Lord Fitzgerald. , Sir Barnes Peacock., Sir Robert P. Collier., Sir Richard Couch., Sir Arthur Hobhouse.)


စီရင်ထုံးတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁တွင်မီးသေခြင်းဆိုင်ရာဥပဒေသဘောကိုအကုန်အစင်ပြဌာန်းထားသည်မဟုတ်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁သည်၊ဇာရီမှုများနှင့်အတိအကျသက်ဆိုင်သည်မဟုတ်သော်လည်း၊မီးသေခြင်းဆိုင်ရာဥပဒေနှင့်သက်ဆိုင်သည်ဟုထုံးဖွဲ့သည်။


—————————————


1994 AIR  ( SC ) 152


Sulochana Amma  vs. Narayanan Nair 


On 24 September , 1993 


မူလာ​၏တရားမကျင့်ထုံးဥပဒေကျမ်း(အကျဉ်း)(၂၀၁၈ခုနှစ်၊၁၇ကြိမ်မြောက်ထုတ်)တွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ကိုအကျယ်ချဲ့ရာ၌၊စာမျက်နှာ၈၄တွင်-


AIR 1994 ( SC ) 152 , [ (1994)2SC(88) ]


စီရင်ထုံးကိုကိုးကားကာ၊မီးသေခြင်းဆိုင်ရာဥပဒေသသည်၊တရားရေးဆိုင်ရာမှုခင်းအရပ်ရပ်နှင့်လည်းကောင်း၊တရားရေးသက်ဝင်သောမှုခင်းအရပ်ရပ်နှင့်လည်းကောင်းသက်ဆိုင်သည်ဟုထုံးဖွဲ့သည်။


အထက်ပါကျမ်းစာမျက်နှာ၈၄၌-


AIR 210 SC 818[ (2009)10SC(273)]


စီရင်ထုံးကိုကိုးကား၍တရားရုံး​၏မှားယွင်းသောစီရင်ချက်များကို၊အယူခံသို့မဟုတ်ပြင်ဆင်မှုတွင်အစားထိုးခြင်းမပြုလျှင်၊ထိုစီရင်ချက်သည်မီးသေသည်ဟုအောက်ပါအတိုင်းပြဆိုထားသည်ကိုလည်းမှတ်သားသင့်သည်-


" In determining the application of the rule of res judicata , the court is not concerned with the correctness there must or otherwise of the earlier judgment . A wrong decision by a court having jurisdiction is as much binding between the parties as a right one and it may be superseded by an appeal or revision to a higher court or tribunal or other procedure known to law. "


—————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]