တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရမည်သည့်အခါလျှောက်ထားစွဲဆိုနိုင်ပါသလဲ?


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၈၊၉၉သို့မဟုတ်နည်း၁၀၁အရ၊အမိန့်တရပ်ရပ်ချမှတ်ထားပြီးဖြစ်မှသာ၊နည်း၁၀၃အရလျှောက်ထားခွင့်ရှိသည်။


—————————


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောအမှုတွင်၊တရားလို၏အမှုကိုပယ်သောအဆုံးအဖြတ်၊တရားလိုစွဲဆိုသည့်အတိုင်းခွင့်ပြုသောအဆုံးအဖြတ်အပေါ်အယူခံဝင်ခွင့်ရှိပါသလား ?


—————————————


စာအုပ်တအုပ်တွင်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောအမှုတွင်ချမှတ်သောအပြီးသတ်စီရင်ချက်အမိန့်အပေါ်အယူခံမခံနိုင်သည့်အကြောင်းအောက်ပါအတိုင်းရေးသားထားသည်-


“တရားနိုင်နဲ့တရားရှုံးတို့အကြားသို့မဟုတ်တရားနိုင်နှင့်တရားရှုံး၏ကိုယ်စားလှယ်တို့အကြားပေါ်ပေါက်သောပြဿနာအပေါ်ဆုံးဖြတ်ချက်အမိန့်သို့မဟုတ်အမိိန့်မဟုတ်သဖြင့်တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇တွင်အကျုံးမဝင်သကဲ့သို့၊ပုဒ်မ၂(၂)အရဒီကရီလည်းမဟုတ်သဖြင့်နည်း၁၀၃အရစွဲဆိုမှုတွင်ချမှတ်သောအမိန့်ဆုံးဖြတ်ချက်အပေါ်အယူခံမဝင်နိုင်၊(ဒေါ်ဆင့် နှင့် ဦးမောင်မြရှိန်ပါ၂၊1958 BLR ( HC )252)


အမိန့်၂၁၊နည်း၁၀၃အရချမှတ်သောအမိန့်ကိုအယူခံမဝင်သော်လည်းပြင်ဆင်မှုတင်နိုင်သည်။(1904 Cal. Vol. 31 page 737)”


————————————


အထက်ဖော်ပြပါရေးသားချက်အတွက်သာဓကကို၊ 1996 BLR 43 (ဒေါ်မာရီးယား နှင့် ဒေါ်ဝင်းစိန်ပါ၂)စီရင်ထုံးတွင်တွေ့မြင်နိုင်သည်။


အဆိုပါအမှုသည်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောအမှုကိုတိုင်းတရားရုံးကပလပ်သောကြောင့်တရားရုံးချုပ်(မန္တလေးရုံးထိုင်)သို့တက်ရောက်သောအယူခံမှုဖြစ်သည်။


အဆိုပါအယူခံတွင်အောက်ရုံး၏ဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်မရှိကြောင်းနှစ်ဘက်အမှုသည်များအငြင်းမပွါးကြ။


တရားရုံးချုပ်ကလည်းအယူခံဝင်ရောက်ခြင်းသည်မှားယွင်းကြောင်းဆုံးဖြတ်ခြင်းမပြု။


ထို့ကြောင့်အထက်ဖော်ပြပါစာအုပ်တွင်ကိုးကားထားသောစီရင်ထုံးများနှင့်ဆန့်ကျင်နေသည်ဟုထင်မြင်စရာအကြောင်းရှိသည်။


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောအမှုသည်တရားမကြီးမှုဖြစ်ကြောင်းပြဌာန်းချက်အရအငြင်းပွါးရန်အကြောင်းမရှိ။


ဒီကရီကို၊တရားမကြီးမှုသို့မဟုတ်ဇာရီမှုတွင်ချမှတ်ရသည်ဆိုခြင်းမှာလည်း၊ပုဒ်မ၂(၂)ပါ”ဒီကရီ”၏အဓိပ္ပာယ်ဖွင့်ဆိုချက်အရပေါ်လွင်သည်။


ထို့ကြောင့်တရားမကျင့်ထုံးဥပဒေအမိိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောတရားမကြီးမှုတွင်၊တရားလို၏အမှုကိုပယ်သောအဆုံးအဖြတ်၊တရားလိုစွဲဆိုသည့်အတိုင်းခွင့်ပြုသောအဆုံးအဖြတ်တို့သည်”ဒီကရီ”ဖြစ်သောကြောင့်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်ခွင့်ရှိကြောင်းယုံမှားသံသယမရှိနိုင်။


အခြားတရားမကြီးမှုများတွင်ချမှတ်သောအပြီးသတ်ဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်ရှိခြင်းကိုငြင်းခုံစရာမရှိပါ။


ပုဒ်မ၂(၂)တွင်”အမှုသည်များ”ကိုရည်ညွှန်းသည်။


မည်သည့်အမှုသည်များဖြစ်ကြောင်းသီးခြားရည်ညွှန်းခြင်းမရှိ။


ထို့ကြောင့်တရားဘက်များသည်တရားနိုင်နှင့်တရားရှုံးသို့မဟုတ်ထိုသူတို့၏အခွင့်အရေးကိုဆက်ခံသူများအချင်းချင်းဖြစ်ပါမှအယူခံဝင်ခွင့်ရှိရမည်ဟုပုဒ်မ၂(၂)တွင်ကန့်သတ်ထားခြင်းမရှိ။


အဆိုပါကန့်သတ်ချက်သည်ပုဒ်မ၄၇အရဇာရီမှုနှင့်သက်ဆိုင်သည်။


ထို့ကြောင့်အထက်ဖော်ပြပါရည်ညွှန်းစာအုပ်တွင်သုံးသပ်ချက်သည်၊ပုဒ်မ၂(၂)တွင်ဖွင့်ဆိုထားသော”ဒီကရီ”ဆိုသည့်စကားရပ်နှင့်ညီညွတ်ခြင်းမရှိ။


တရားမကျင့်ထုံးဥပဒေက၊ဒီကရီကိုအဆင့်ဆင့်အယူခံဝင်ခွင့်ပေးထားသည်။


အယူခံဝင်ခွင့်ရှိသောအမိိန့်ကိုတကြိမ်သာအယူခံဝင်ခွင့်ပေးထားသည်။


အဆိုပါခြားနားချက်ကြောင့်၊”ဒီကရီ”နှင့်”အယူခံဝင်ခွင့်ရှိသောအမိိန့်”ဟုခွဲခြားထားခြင်းဖြစ်သည်။


နားရှုပ်အောင်ပြဌာန်းထားခြင်းမဟုတ်။


——————————-


1996 BLR 43


ဒေါ်မာရီးယား နှင့် ဒေါ်ဝင်းစိန်ပါ၂


တရားရုံးချုပ်တရားသူကြီးဦးသန်းဖေရှေ့တွင်


တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။   ။တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃လျှောက်ထားစွဲဆိုနိုင်ရန်အတွက်ဒီကရီအတည်ပြုရာ၌မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရယူခြင်းကိုခုခံခြင်းသို့မဟုတ်တားဆီးနှောင့်ယှက်ခြင်းတို့နှင့်စပ်လျဉ်း၍အဆိုပါဥပဒေအမိန့်၂၁၊နည်း၉၈အရသော်လည်းကောင်း၊နည်း၉၉အရသော်လည်းကောင်းအမိန့်တရပ်ရပ်ချမှတ်ထားမှုသို့မဟုတ်မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရယူရန်ဒီကရီ၏တရားနိုင်ကြောင့်ဖြစ်စေ၊ဒီကရီအတည်ပြုရောင်းချရာတွင်ဝယ်သူကြောင့်ဖြစ်စေပစ္စည်းလက်လွတ်ဖြစ်ရမှုအတွက်သဘောရိုးဖြင့်ပိုင်ဆိုင်ကြောင်းတောင်းဆိုမှုနှင့်စပ်လျဉ်း၍စုံစမ်းမှုပြုပြီးတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၁အရတောင်းဆိုသူအားပစ္စည်းလက်ရောက်ပေးအပ်ခြင်းရှိမရှိအမိန့်ချမှတ်ထားမှုတခုခုရှိရန်လိုသည်။


ယခုအမှုတွင်ဆိုခဲ့သောအမိန့်တစုံတရာကိုချမှတ်ခဲ့ရခြင်းမရှိကြောင်းပေါ်ပေါက်သည့်အပြင်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၀အရလျှောက်ထားသောအမှုမှာလည်းကာလစည်းကမ်းသတ်ကျော်လွန်မှုကိုအကြောင်းပြု၍ပလပ်ခံခဲ့ရခြင်းဖြစ်ကြောင်းတွေ့ရသည်။


ကာလစည်းကမ်းသတ်ကျော်လွန်မှုကြောင့်ဆုံးရှုံးခဲ့ရသောအခွင့်အရေးကိုပြန်လည်ရရှိရန်အလို့ငှါ၊တရားမကျင့်ထုံးဥပဒေအမိိန့်၂၁၊နည်း၁၀၃အရလျှောက်ထားစွဲဆိုခွင့်မရှိချေ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ