အယူခံမှုအဖြစ်လျှောက်ထားရမည့်အမှုကိုပြင်ဆင်မှုအဖြစ်လက်ခံနိုင်ပါသလား။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အယူခံမှုအဖြစ်လျှောက်ထားရမည့်အမှုကိုပြင်ဆင်မှုအဖြစ်လက်ခံနိုင်ပါသလား ?
—————————
အယူခံဝင်ခွင့်ရှိသောအမိန့်ကိုပြင်ဆင်မှုလျှောက်ထားနိုင်ပါသလား ?
——————————-
1984 BLR 53
ဒေါ်ကျင်ဆိုင် နှင့် ဒေါ်စန်းရီ
ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၅၄တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“မြို့နယ်တရားရုံးသည်တရားလိုဒေါ်စန်းရီစွဲဆိုသောအမှုကိုပလပ်လိုက်သည်ဖြစ်ရာထိုသို့ပလပ်သည့်ဆုံးဖြတ်ချက်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရတိုင်းတရားရုံးတွင်အယူခံဝင်ရမည်ဖြစ်သော်လည်းဒေါ်စန်းရီသည်ပြင်ဆင်မှုလျှောက်ထားခဲ့သဖြင့်တိုင်းတရားရုံးကဤမှားယွင်းချက်ကိုထောက်ပြကာဒေါ်စန်းရီထံမှအယူခံမှုတွင်ထမ်းဆောင်ရမည့်ရုံးခွန်ကိုထပ်မံတောင်းခံပြီး၊ဒေါ်စန်းရီတင်သွင်းသောပြင်ဆင်မှုကိုအယူခံမှုအဖြစ်ပြောင်းလဲမှတ်ယူ၍စီရင်ဆုံးဖြတ်ခဲ့ကြောင်းတွေ့ရသည်။
ထို့ပြင်တိုင်းတရားရုံးသည်လိုအပ်သည့်ဒီကရီကိုလည်းရေးဆွဲခဲ့သည်။
တိုင်းတရားရုံးကဒေါ်စန်းရီစွဲဆိုသောအမှုကိုပြန်လည်စစ်ဆေးစေရန်ချမှတ်သည့်အမိန့်သည်တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃တွင်အကျုံးဝင်သည်ဖြစ်၍အမိန့်၄၃၊နည်း၁(ဖ)အရအယူခံဝင်ခွင့်ရှိပေသည်။
သို့ဖြစ်ရာဒေါ်ကျင်ဆိုင်ကတိုင်းတရားရုံး၏အမိန့်ကိုပြင်ဆင်ပေးရန်လျှောက်ထားခြင်းမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါပြဌာန်းချက်များနှင့်ဆန့်ကျင်ပေသည်။
ထို့ကြောင့်ဤပြင်ဆင်မှုကိုပလပ်လိုက်သည်။”
—————————
1984 BLR 106
ဦးအောင်သိန်းပါ၂ နှင့် ဒေါ်ထွေးပါ၂
ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၁၀၇တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ပဏာမအချက်အရမြို့နယ်တရားရုံးကအမှုပလပ်သည့်စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်၍အမှုကိုဆက်လက်စစ်ဆေးရန်တိုင်းတရားရုံးကအမိန့်ချမှတ်ခြင်းမှာ၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃တွင်အကျုံးဝင်သည်ဖြစ်၍၊ယင်းအမိန့်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁အရအယူခံဝင်ခွင့်ရှိပါလျက်ဤပြင်ဆင်မှုကိုလျှောက်ထားခြင်းမှာမှားယွင်းပေသည်။
ထို့ကြောင့်ဤပြင်ဆင်မှုကိုစရိတ်နှင့်တကွပလပ်လိုက်သည်။”
Comments
Post a Comment