တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁ပါမူလဘူတအာဏာသည်သီးခြားအာဏာဖြစ်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားသည့်လျှောက်လွှာမှာတရားမကျင့်ထုံးဥပဒေအရတင်သွင်းသည့်လျှောက်လွှာမဟုတ်သဖြင့်၊ယင်းလျှောက်လွှာအပေါ်ချမှတ်သောအမိန့်ကိုပြန်လည်သုံးသပ်ပေးစေရန်၊တရားမကျင့်ထုံးဥပဒေအရလျှောက်ထားခြင်းပြုနိုင်ပါသလား ?


———————————-


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁ပါမူလဘူတအာဏာသည်သီးခြားအာဏာဖြစ်ပါသလား ?


———————————


ပြန်လည်သုံးသပ်ပိုင်ခွင့်ကိုသီးခြားပြဌာန်းထားသည်ဖြစ်၍၊ထိုပြဌာန်းချက်ဘောင်များကိုကျော်လွန်၍၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရအာဏာကိုကျင့်သုံးကာပြန်လည်သုံးသပ်ပိုင်ခွင့်ရှိပါသလား?


————————————-


1991 BLR 59 


ဦးစောဖေသန်း နှင့် မန်နေဂျာ၊ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်(၄)


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးအေးအုန်း၊ဦးကျော်တင့်၊ဦးမျိုးထွန်းလင်းနှင့်ဦးကျော်ဝင်းတို့ရှေ့တွင်


တရားရုံးချုပ်စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။   ။ယေဘုယျအားဖြင့်တရားရုံးတရုံးကချမှတ်သောဆုံးဖြတ်ချက်ကိုထိုတရားရုံးထက်ပို၍အဆင့်မြင့်သောတရားရုံးကပြင်ဆင်ပယ်ဖျက်ရန်ဖြစ်သည်။တရားရုံးတရုံးသည်မိမိချမှတ်ထားသောစီရင်ချက်၊ဆုံးဖြတ်ချက်၊အမိန့်အစရှိသည်တို့ကိုပြန်လည်သုံးသပ်ပြင်ဆင်ခွင့်အလိုအလျောက်မရရှိချေ။ပြန်လည်သုံးသပ်ပိုင်ခွင့်ကိုဥပဒေကအပ်နှင်းမှရရှိသည်။တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၄နှင့်အမိန့်၄၇၊နည်း၁တို့တွင်တရားမမှုများ၌တရားရုံးများကမိမိချမှတ်သောစီရင်ချက်၊အမိန့်ကိုပြန်လည်သုံးသပ်ပိုင်ခွင့်အပ်နှင်းထားသည်။ထိုပြဌာန်းချက်များဘောင်ကိုကျော်လွန်ပြီးပြန်လည်သုံးသပ်ခွင့်အာဏာကိုကျင့်သုံးခြင်းမပြုနိုင်။တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁ပါမူလဘူတအာဏာသည်သီးခြားအာဏာမဟုတ်ချေ။စီရင်ပိုင်ခွင့်ကိုသီးခြားအပ်နှင်းခြင်းလည်းမဟုတ်ချေ။ပြန်လည်သုံးသပ်ပိုင်ခွင့်ကိုသီးခြားပြဌာန်းထားသည်ဖြစ်၍ထိုပြဌာန်းချက်ဘောင်များကိုကျော်လွန်၍၊ပုဒ်မ၁၅၁အရအာဏာကိုကျင့်သုံးကာပြန်လည်သုံးသပ်ပိုင်ခွင့်မရှိချေ။”


စီရင်ထုံးစာမျက်နှာ၆၀နှင့်၆၁တွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းသုံးသပ်သည်-


“တရားရုံးချုပ်ကချမှတ်သောဆုံးဖြတ်ချက်တရပ်ကိုပြန်လည်စစ်ဆေးစီရင်ပေးရန်တရားစီရင်ရေးဥပဒေပုဒ်မ၆အရလျှောက်ထားရာ၌ယင်းလျှောက်လွှာကိုပလပ်လိုက်လျင်၊ပလပ်သောအမိန့်ကိုတရားရုံးချုပ်ကပြန်လည်သုံးသပ်ခွင့်ရှိမရှိတင်ပြလျှောက်ထားရန်ကျွန်ုပ်တို့ကလျှောက်ထားသူ၏ရှေ့နေအားဖိတ်ခေါ်ရာလျှောက်ထားသူ၏ရှေ့နေကမိမိသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရလျှောက်ထားခြင်းဖြစ်သည်ဟုတင်ပြသည့်အပြင်၊ဒေါ်ရွှေစိန်မြ နှင့် ဦးထွန်းအောင်ဖြူပါ၂(၁၉၆၅၊မတစ၊စာ၆၂၈)စီရင်ထုံးကိုလည်းကိုးကားသည်။


တဦးတယောက်သောသူသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၉ပါပြဌာန်းချက်ဘောင်အတွင်း၌မိမိ၏နစ်နာချက်ကိုကုစားနိုင်ရန်တရားမမှုစွဲဆိုခွင့်ပြုထားသည်။သို့ရာတွင်တရားရုံး၏အဆုံးအဖြတ်ခံယူသည့်ကိစ္စတိုင်း၌အယူခံဝင်ခွင့်ရှိသည်မဟုတ်။ထိုအခွင့်အရေးကိုဥပဒေကခွင့်ပြုမှရရှိသည်။တနည်းအားဖြင့်အယူခံဝင်ခွင့်ဟူသည်သဘာဝအလျောက်တည်ရှိသောအရာမဟုတ်ချေ။အတိအလင်းပြဌာန်းချက်ရှိမှသာတရားရုံး၏ဆုံးဖြတ်ခြင်းကိုအယူခံဝင်ခွင့်ရှိသည်။ဒါရာဘိုင်ဂျီဝန်ဒတ်စ် နှင့် အေ၊အမ်၊အမ်၊မုရုဂပ္ပားချစ်တီးရား(ရန်ကုန်အတွဲ၁၃၊စာ၄၅၇(စုံညီ))စီရင်ထုံးကိုကြည့်ပါ။”


စီရင်ထုံးစာမျက်နှာ၆၁တွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“လျှောက်ထားသူဘက်မှရည်ညွှန်းသောစီရင်ထုံးသည်ယခင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ၆အရတင်သွင်းသည့်လျှောက်လွှာနှင့်သက်ဆိုင်သည်။ပြန်လည်သုံးသပ်ပေးစေလိုမှုနှင့်မသက်ဆိုင်ချေ။သို့ဖြစ်၍ယင်းစီရင်ထုံးသည်ဤလျှောက်ထားမှုအတွက်အဖြေမဟုတ်ချေ။”


စီရင်ထုံးစာမျက်နှာ၆၂တွင်၊တရားရုံးချုပ်စုံညီခုံရုံးက၊ဦးဘညွှန့်ပါ၂ နှင့် ဦးစိန်ကြည်ပါ၈(၁၉၇၁၊မတစ၊စာ၁၁)စီရင်ထုံးကိုရည်ညွှန်း၍အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“စီရင်ပိုင်ခွင့်အာဏာကိုမအပ်ဘဲမရချေ။မအပ်သောအာဏာကိုလည်းဖန်တီးပြုလုပ်၍မယူနိုင်ချေ။တရားရုံးချုပ်သည်ဥပဒေပြုအာဏာပိုင်အဖွဲ့မဟုတ်ချေ။အပ်နှင်းထားသောအာဏာအတွင်းကသာလျှင်၊ထုံးတမ်းသာဓကလုပ်ထုံးစသည်တို့နှင့်အညီမျှတမှန်ကန်စွာစီရင်ရသည်။”


စီရင်ထုံးစာမျက်နှာ၆၂၊နောက်ဆုံးစာပိုဒ်တွင်၊တရားရုံးချုပ်စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၄နှင့်အမိိန့်၄၇၊နည်း၁တွင်ရည်ညွှန်းထားသောစီရင်ချက်၊အမိန့်၊ဒီကရီအစရှိသည်တို့သည်တရားမကျင့်ထုံးဥပဒေအရချမှတ်သည့်ဆုံးဖြတ်ချက်နှင့်သက်ဆိုင်သည်။တရားစီရင်ရေးဥပဒေပုဒ်မ၆အရစီရင်ပိုင်ခွင့်သည်တရားမကျင့်ထုံးဥပဒေနှင့်မသက်ဆိုင်ချေ။အထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားသည့်လျှောက်လွှာမှာ၊တရားမကျင့်ထုံးဥပဒေအရတင်သွင်းသည့်လျှောက်လွှာမဟုတ်သဖြင့်ယင်းလျှောက်လွှာအပေါ်ချမှတ်သောအမိန့်ကိုပြန်လည်သုံးသပ်ပေးစေရန်တရားမကျင့်ထုံးဥပဒေအရလျှောက်ထားခြင်းမပြုနိုင်။”


————————————-


တရားမကျင့်ထုံးဥပဒေအမိန့်၄၇၊နည်း၁တွင်စီရင်ချက်ကိုပြန်လည်သုံးသပ်နိုင်သောအကြောင်းသုံးရပ်ကိုဖော်ပြရာ၌၊ပထမနှစ်ရပ်ကိုတိတိကျကျပြဌာန်းပြီးနောက်”for any other sufficient reason”ဆိုသောစကားရပ်ကိုတတိယအချက်အဖြစ်ဖော်ပြသည်။


ယင်းစကားရပ်သည်ပထမအချက်နှစ်ရပ်နှင့်မျိုးတူသောအကြောင်းဖြစ်ရန်လိုမလိုအမြင်များကွဲလွဲခဲ့ရာ၊၁၉၂၂ခုနှစ်၊ပရီဗီကောင်စီက၊အေအိုင်အာ ၁၉၂၂ ပီစီ ၁၁၂(လာဟိုး အတွဲ၃ စာ၁၂၇)တွင်၊ယုတ်စွအဆုံးပထမအချက်နှစ်ရပ်၌ဖော်ပြထားသောအကြောင်းများနှင့်သဘောချင်းတူသောလုံလောက်သည့်အကြောင်းဖြစ်သည်ဟုဖွင့်ဆိုသည်။


အထက်ပါစီရင်ထုံးကိုလိုက်နာ၍


5 Ran 675


K. K. S. A. R. Firm v. Maung Kya Nyun and one.


Before Mr. Justice Maung Ba.


အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့သည်-


“The words “any other sufficient reason” occuring in O. 47, rule 1 of the Civil Procedure Code, mean a reason sufficient on grounds at least analogous to those specified immediately previously. The Latin phrase “ejusdem generis” which mean “of the same kind” is more restricted than the word “analogous.”


————————————


1957 BLR ( H C ) 259


Ma Thaung  v. Maung Pe Tin .


Before U Aung Khine and U Choon Foung , JJ .


အမှုတွင်လည်းအောက်ပါအတိုင်းပြဆိုပါသည်-


“It is settled law that the words “any other sufficient reason” are ejusdem generis having reference to grounds analogous to those other two mentioned in the rule.


It is settled law that a wrong or incorrect exposition of law is no ground for review.”


————————————


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်၊ပရီဗီကောင်စီနှင့်ယခင်တရားလွှတ်တော်ချုပ်တို့နည်းတူ၊အမြင့်ဆုံးတရားရုံး၊နောက်ဆုံးအယူခံဝင်ရာတရားရုံး၊ 1956 BLR ( SC ) 1 တွင်ရည်ညွှန်းသော( Court of last resort )ဖြစ်သည်။


အများပြည်သူအားထားရာတရားရုံးဖြစ်သည်။


သို့သော်ထိုပရီဗီကောင်စီနှင့်ယခင်တရားလွှတ်တော်ချုပ်တို့နှင့်မတူဘဲ၊တပန်းရှုံးနေသောအနေအထားတွင်ရှိလျက်ရှိသည်။


ယခင်တရားလွှတ်တော်ချုပ်က၊တရားလွှတ်တော်ချုပ်ကိုစတင်တည်ထောင်ခဲ့သည့်နှစ်ကစီရင်ခဲ့သောစီရင်ထုံးများကိုလေ့လာကြည့်လျှင်ပင်၊တပန်းရှုံးမှုမှာမြင်သာသည်။


နိုင်ငံအရပ်ရပ်ရှိအမြင့်ဆုံးတရားရုံးအများစုမှာဤအားနည်းချက်မျိုးနှင့်ရင်ဆိုင်ရခြင်းမရှိ။


ယခင်တရားလွှတ်တော်ချုပ်တွင်လိုက်ပါခဲ့သောရှေ့နေရှေ့ရပ်တို့သည်၊ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကရင်ဆိုင်နေရသည့်ပကတိဖြစ်ရပ်မှန်ကိုထောက်ရှုကာ၊တရားမအထွေထွေလျှောက်လွှာ(အထူး)နှင့်အထူးအယူခံမှုများတွင်ချမှတ်သောအဆုံးအဖြတ်များကိုပြန်လည်သုံးသပ်နိုင်ရန်လမ်းဖွင့်ပေးသင့်ပါသည်။


ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၂(ခ)ကိုလိုအပ်သလိုဖြည့်စွက်ပြင်ဆင်သင့်ပါသည်။


ထိုသို့ပြင်ရာ၌ AIR 1937 Ran 56 စီရင်ထုံးကိုလေ့လာသင့်သည်။


ပြန်လည်သုံးသပ်ပေးရန်လျှောက်လွှာကိုပယ်ရာ၌အကြောင်းပြရမည်ဟုထည့်သွင်းပြဌာန်းသင့်သည်။


တရားမကျင့်ထုံးဥပဒေအမိန့်၄၇၊နည်း၁မှာကဲ့သို့ပြန်လည်သုံးသပ်ခွင့်ကိုကျယ်ကျယ်ပြန်ပြန့်ပြဌာန်းခြင်းမပြုဘဲ"some mistake or error apparent on face of the several."အကြောင်းတရပ်ရပ်တည်းအရသာလျှင်ပြန်လည်သုံးသပ်ခွင့်ပြုခြင်းဖြင့်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်ပြန်လည်သုံးသပ်ပေးရန်လျှောက်ထားမှုများစုပုံခြင်းကိုရှောင်ရှားနိုင်ပေလိမ့်မည်။


အထူးအယူခံဝင်ခွင့်ပြုရန်ငြင်းပယ်သောအမိန့်ကိုသာပြန်လည်သုံးသပ်ခွင့်ရှိသည်ဟုကန့်သတ်ရန်လိုမည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်မိမိ​၏အမှားကိုသိမြင်ခွင့်ရပြီး၊အမှားကိုထိုက်သင့်သည့်အားလျော်စွာပြင်ဆင်ပေးခြင်းဖြင့်၊အများပြည်သူတို့ယုံကြည်အားထားရာတရားရုံးအဖြစ်သို့ရောက်ရှိအောင်ဖန်တီးခွင့်မုချရရှိမည်ဖြစ်ရာ၊ကောင်းမှုပြုခြင်းဖြစ်ပေလိမ့်မည်ဟုယုံကြည်ပါသည်။


မိမိအမှားကိုဆင်ခြင်ခြင်းဖြင့်ဥပဒေပညာတိုးတက်ဖြစ်ထွန်းသည်နှင့်အမျှအမှားကင်းသွားပါလိမ့်မည်။


ပြန်လည်သုံးသပ်ပေးစေလိုမှုသည်၊ဖုံးနေသောမောဟကိုဖယ်ရှားပေးစေနိုင်သည့်ကျင့်စဉ်တရပ်ဖြစ်သည်ဟုနှလုံးသွင်းကြရန်ဖြစ်သည်။


အမှားကိုထောက်ပြသောရှေ့နေများကို၊မကြည်လင်သောမျက်လုံးအစုံဖြင့်ကြည့်ရန်မဟုတ်ပဲ၊အန္တိမခရီးအဆုံးဖြစ်သောအမှန်တရားဆီသို့တူရူလျှောက်လှမ်းလျက်ရှိသည့်၊တလှေတည်းစီးခရီးသည်များအဖြစ်ရှုမြင်သင့်သည်။


ရှေ့နေများကလည်းပြန်လည်သုံးသပ်ပေးစေရန်လျှောက်ထားခွင့်ပေးသည်ကိုအမြတ်မထုတ်ကြဖို့လိုသည်။


အမှားကင်းစင်ရေးကိုသာမီးမောင်းထိုးပြသင့်သည်။


ပြန်လည်သုံးသပ်ပေးစေလိုမှု​၏ပန်းတိုင်သည်အမှန်တရားဖော်ထုတ်ရေးဖြစ်သည်။


ယုတ်စွအဆုံးအမှားကင်းစင်ရေးကိုဦးတည်သင့်သည်။


ထိုသို့ဆောင်ရွက်ကြလျှင်၊အများပြည်သူများ​၏နှလုံးစိတ်ဝမ်းကိုငြိမ်းချမ်းစေနိုင်သည်။


——————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]