တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၄သည်ပဏာမဒီကရီချမှတ်ပြီးသောအမှုများနှင့်သက်ဆိုင်ပါသလော။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၄သည်ပဏာမဒီကရီချမှတ်ပြီးသောအမှုများနှင့်သက်ဆိုင်ပါသလော ?


—————————


အမှုသည်ကွယ်လွန်သော်လည်းအမှုရပ်စဲခြင်းမရှိသည့်ကိစ္စတွင်၊တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရေးအတွက်ကာလစည်းကမ်းသတ်၊သတ်မှတ်ရန်အကြောင်းရှိပါသလား ?


———————————-


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၅ပါပြဌာန်းချက်များသည်ကာလစည်းကမ်းသတ်ကျော်လွန်မှ၊တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားသည့်ကိစ္စနှင့်သက်ဆိုင်ပါသလော ?


—————————————


ကွယ်လွန်သူ၏သားသမီးတိုင်းသည်တရားဝင်ကိုယ်စားလှယ်ဖြစ်ပါသလား ?


—————————————-


1986 BLR 124 


မြန်မာ့စီးပွါးရေးဘဏ်(ကိုယ်စား)

မန်နေဂျာ၊မြန်မာ့စီးပွါးရေးဘဏ်ခွဲ၊ပုသိမ်မြို့

                          နှင့်

မောင်ထွန်းဝင်းပါ၅


ဥက္ကဌအဖြစ်ဦးကိုကြီး၊အဖွဲ့ဝင်များအဖြစ်ဦးတွမ်မှုန်းနှင့်ဦးဘမော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။   ။တရားနိုင်ဘဏ်အနေဖြင့်ဦးစိန်အပေါ်ကြွေးမြီအတွက်တရားစွဲဆိုခွင့်မှာပဏာမဒီကရီချမှတ်သည်အထိအကျိုးဖြစ်ထွန်းခဲ့ပြီးဖြစ်သည့်အလျောက်ဦးစိန်အပေါ်စွဲဆိုသောအမှုမှာရပ်စဲသွားရန်အကြောင်းမရှိတော့ချေ။


ထပ်မံဆုံးဖြတ်ချက်။   ။တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၃(၂)နှင့်နည်း၄(၃)တွင်သတ်မှတ်ထားသည့်ကာလအတွင်းတရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမပြုလျင်အမှုရပ်စဲကြောင်းပြဌာန်းထားသည်ဖြစ်ရာ၊အပြန်အလှန်အားဖြင့်အမှုသည်ကွယ်လွန်သော်လည်းအမှုရပ်စဲခြင်းမရှိသည့်ကိစ္စတွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရေးအတွက်ကာလစည်းကမ်းသတ်၊သတ်မှတ်ထားရန်အကြောင်းရှိတော့မည်မဟုတ်ချေ။


ထပ်မံဆုံးဖြတ်ချက်။   ။တရားနိုင်ဘက်ကလျှောက်ထားခံရသူများအားတရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းပေးရန်တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၄ကိုကိုးကား၍လျှောက်ထားကြောင်းတွေ့ရသည်။ပဏာမဒီကရီချမှတ်ပြီးဖြစ်သဖြင့်အမိန့်၂၂၊နည်း၁၀အရလျှောက်ထားရန်ဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၁၂၆တွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်သည်-


“မြန်မာ့စီးပွါးရေးဘဏ်ကပြင်ဆင်မှုတင်သွင်းရာတွင်လုံလောက်သောအကြောင်းပြချက်များကိုကတိသစ္စာတွင်ဖော်ပြတင်သွင်းခဲ့ပါလျက်တိုင်းတရားရုံးကထည့်သွင်းစဉ်းစားခြင်းမပြုပဲတရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းပေးရန်လျှောက်လွှာကိုပလပ်ခဲ့သည်မှာမှားယွင်းကြောင်း၊အဓိကအကြောင်းပြသည်။ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၅ပါပြဌာန်းချက်များသည်ကာလစည်းကမ်းသတ်ကျော်လွန်မှတရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားသည့်ကိစ္စနှင့်သက်ဆိုင်ခြင်းမရှိသဖြင့်လျှောက်ထားသူ၏တင်ပြချက်ကိုလက်ခံရန်အကြောင်းမမြင်ချေ။


ဤအမှုတွင်အငြင်းမပွါးသည့်အချက်မှာလျှောက်ထားသူကဦးစိန်အပေါ်ပဏာမအပေါင်ဒီကရီရရှိပြီးမှဦးစိန်ကွယ်လွန်သွားခြင်းဖြစ်သည်။တရားနိုင်ဘဏ်အနေဖြင့်ဦးစိန်အပေါ်ကြွေးမြီအတွက်တရားစွဲဆိုခွင့်မှာပဏာမဒီကရီချမှတ်သည်အထိအကျိုးဖြစ်ထွန်းခဲ့ပြီးဖြစ်သည့်အလျောက်ဦးစိန်အပေါ်စွဲဆိုသောအမှုမှာရပ်စဲသွားရန်အကြောင်းမရှိတော့ချေ။


ဤအမှုနှင့်ဖြစ်ရပ်ခြင်းတူသည့်၊အေ၊တီ၊ကေ၊ပီ၊အယ်(လ်)အမ်မူသီးရားချစ်တီးရား နှင့် သာဇံလှနှင့်အခြားသူများ(ရန်ကုန်စီရင်ထုံးများ၊အတွဲ၁၁၊စာ၄၄၆)တွင်၊စာမျက်နှာ၄၄၇၌အောက်ပါအတိုင်းထုံးဖွဲ့ထားသည်ကိုတွေ့မြင်နိုင်သည်-


“After a decree has been passed there can be no question of any right to sue surviving, because the right to sue has already been merged in the decree. I do not think that Order XII, rule 4 applies where a preliminary decree has been passed, and the suit does not abate as against the deceased defendant.”


စီရင်ထုံးစာမျက်နှာ၁၂၆နှင့်၁၂၇တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“တိုင်းတရားရုံးသည်အထက်ဖော်ပြပါစီရင်ထုံးကိုကိုးကား၍အပြီးသတ်ဒီကရီချမှတ်ခြင်းမပြုမီဦးစိန်ကွယ်လွန်သွားခြင်းကြောင့်အမှုရပ်စဲခြင်းမရှိကြောင်းသုံးသပ်ထားသည်ကိုတွေ့ရသည်။ထိုသို့ဆိုလျင်ကွယ်လွန်သူ၏တရားဝင်ကိုယ်စားလှယ်ကိုအချိန်မရွေးထည့်နိုင်ပေလိမ့်မည်။တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၄(၃)တွင်သတ်မှတ်ထားသည့်ကာလအတွင်းတရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမပြုလျင်အမှုရပ်စဲကြောင်းပြဌာန်းထားသည်ဖြစ်ရာအပြန်အလှန်အားဖြင့်အမှုသည်ကွယ်လွန်သော်လည်းအမှုရပ်စဲခြင်းမရှိသည့်ကိစ္စတွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရေးအတွက်ကာလစည်းကမ်းသတ်၊သတ်မှတ်ထားရန်အကြောင်းရှိတော့မည်မဟုတ်ချေ။


အထက်တွင်ရည်ညွှန်းသည့်စီရင်ထုံးတွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်လွှာကိုရက်၉၀ကျော်မှတင်သွင်းသော်လည်းလျှောက်ထားချက်ကိုခွင့်ပြုကြောင်းစာမျက်နှာ၄၄၈တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-


“The appeal must be allowed and the order of abatement set aside, and the legal representatives of the deceased defendant must be substituted in place of the deceased defendant.”


စီရင်ထုံးစာမျက်နှာ၁၂၇၊တတိယအပိုဒ်တွင်ဗဟိုတရားရုံးက၊တရားဝင်ကိုယ်စားလှယ်နှင့်ပတ်သက်၍အောက်ပါအတိုင်းသုံးသပ်သည်-


“နောက်ပြဿနာမှာဦးစိန်၏သားသမီး၄ဦးအားတရားဝင်ကိုယ်စားလှယ်များအဖြစ်ထည့်သွင်းရန်လျှောက်ထားသည့်ကိစ္စနှင့်ပတ်သက်သည့်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၁၁)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားချက်အရဆိုလျင်ကွယ်လွန်သူ၏သားသမီးတိုင်းသည်တရားဝင်ကိုယ်စားလှယ်မဖြစ်နိုင်ချေ။အမွေဆက်ခံခွင့်ရှိသူသာလျင်တရားဝင်ကိုယ်စားလှယ်ဖြစ်နိုင်ပေသည်။”


—————————-


1999 BLR ( F B ) 169 


မမြစန်း နှင့် ဒေါ်မိုးစိန်ပါ၄


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးသန်းဦး၊ဦးခင်မောင်လတ်၊ဦးခင်မြင့်နှင့်ဒေါက်တာတင်အောင်အေးတို့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၇၆တွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းသုံးသပ်သည်-


“ဤအမှုတွင်အငြင်းမပွါးသည့်အချက်မှာဒေါ်မိုးစိန်ကဒေါ်ကောင်းရှိတို့အပေါ်ပဏာမဒီကရီရရှိပြီးနောက်မှဒေါ်ကောင်းရှိကွယ်လွန်ခြင်းဖြစ်သည်။အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်ပဏာမဒီကရီချမှတ်သည့်အခါအမွေဆိုင်များ၏အမွေစုများကိုဥပဒေနှင့်အညီသတ်မှတ်ပေးပြီးဖြစ်သည်။၎င်းတို့၏အခွင့်အရေးနှင့်တာဝန်များကိုလည်းပြဌာန်းပေးပြီးဖြစ်သည်။တရားလိုအနေဖြင့်အမွေဆိုင်များအပေါ်တရားစွဲဆိုခွင့်မှာပဏာမဒီကရီချမှတ်သည်အထိအကျိုးဖြစ်ထွန်းခဲ့ပြီးဖြစ်သည့်အလျောက်အမွေဆိုင်တို့အပေါ်တရားစွဲဆိုသောအမှုမှာရပ်စဲသွားရန်အကြောင်းမရှိတော့ချေ။ပဏာမဒီကရီချမှတ်ပြီးလျှင်တရားစွဲဆိုခွင့်ကျန်ရှိခြင်းရှိမရှိပြဿနာမပေါ်ပေါက်တော့ပေ။အကြောင်းမူတရားစွဲဆိုခွင့်သည်အဆိုပါပဏာမဒီကရီတွင်ပေါင်းစပ်သွားသောကြောင့်ဖြစ်သည်။ထို့ပြင်အမှုတမှု၌၊ဒီကရီတရပ်ချမှတ်ပြီးလျှင်အယူခံရုံးကပယ်ဖျက်ခြင်းမပြုသရွေ့ထိုအမှုကိုပလပ်ခြင်းမပြုနိုင်ပေ။ထို့ကြောင့်ပဏာမဒီကရီချမှတ်ပြီးမှတရားပြိုင်ကွယ်လွန်သွားရာတွင်ကွယ်လွန်သူတရားပြိုင်နှင့်စပ်လျဉ်း၍အမှုရပ်စဲခြင်းမရှိနိုင်ပေ။တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၄သည်ပဏာမဒီကရီချမှတ်ပြီးသောအမှုများနှင့်မသက်ဆိုင်ချေ။


စီရင်ထုံးစာမျက်နှာ၁၇၇တွင်စုံညီခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“A. T. K. P. L. M Muthiah Chettyar v. Tha Zan Hla and others.(ILR Ran Vol XI စာ-၄၄၆)အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


“Where a preliminary decree has been passed and no application has been made within ninety days from the date of the death of a defendant who has died after the passing of the preliminary decree to bring his legal representatives on the record, the suit does not abate as against the deceased defendant. Order 22, rule 4 of the Civil Procedure Code has no application in such a case.”


အထက်ပါမူသဘောကို၊မြန်မာ့စီးပွါးရေးဘဏ်(ကိုယ်စား)မန်နေဂျာ၊မြန်မာ့စီးပွါးရေးဘဏ်ခွဲ၊ပုသိမ်မြို့ နှင့် မောင်ထွန်းဝင်းပါ၅(၁၉၈၆၊မတစ၊စာ-၁၂၄)အမှုတွင်လိုက်နာသည်ကိုတွေ့ရသည်။”


တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၃(၂)နှင့်နည်း၄(၃)တွင်သတ်မှတ်ထားသည့်ကာလအတွင်းတရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမပြုလျှင်အမှုရပ်စဲကြောင်းပြဌာန်းထားသည်။အပြန်အလှန်အားဖြင့်အမှုသည်ကွယ်လွန်သော်လည်းအမှုရပ်စဲခြင်းမရှိသည့်ကိစ္စတွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရေးအတွက်ကာလစည်းကမ်းသတ်၊သတ်မှတ်ထားရန်အကြောင်းမရှိချေ။


သို့ဖြစ်၍ပဏာမဒီကရီချမှတ်ပြီးနောက်တရားပြိုင်ကွယ်လွန်ရာတွင်ထိုသူကွယ်လွန်သည့်နေ့မှရက်ပေါင်း၉၀အတွင်းတရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားခြင်းမပြုသော်လည်းကွယ်လွန်သူတရားပြိုင်နှင့်စပ်လျဉ်း၍အမှုရပ်စဲခြင်းမရှိပေ။”


————————


သတိချပ်ရန်အချက်မှာ၊ပဏာမဒီကရီကိုအယူခံဝင်ဆဲတွင်အမှုသည်တဦးဦးသေဆုံးသွားပြီးတရားဝင်ကိုယ်စားလှယ်ကိုအချိန်မီမထည့်သွင်းခဲ့လျင်အမှုရပ်စဲသွားမည်ဖြစ်သည်။


စုံညီခုံရုံး၊ပရီဗီကောင်စီတို့၏ထုံးဖွဲ့ချက်များသည်ပဏာမဒီကရီအပေါ်အယူခံဝင်သောအမှုများတွင်ချမှတ်ထားခြင်းမဟုတ်။


ပဏာမဒီကရီအပြီးသတ်အတည်ဖြစ်သွားပြီးနောက်တွင်၊အမှုသည်သေဆုံးသွားရာမှ၊အမှု၏နောက်တဆင့်(အပြီးသတ်ဒီကရီချမှတ်ရေးအတွက်ဆောင်ရွက်သည့်အဆင့်)အတွင်း၊အမှုသည်သေဆုံးသည့်ကိစ္စအပေါ်ဆုံးဖြတ်ခြင်းဖြစ်သည်။


ပဏာမဒီကရီကိုအယူခံဝင်သောအမှုတွင်၊ပဏာမဒီကရီသည်ပင်လျှင်အတည်ဖြစ်မည်၊မဖြစ်မည်မှာမသေချာသေးပေ။


အယူခံရုံးကပယ်ဖျက်ခွင့်ရှိဆဲဖြစ်သည်။


တနည်းအားဖြင့်၊ပဏာမဒီကရီမှန်၊မမှန်၊ခိုင်လုံခြင်းရှိ၊မရှိစောဒကတက်သောအယူခံမှုတွင်၊အမှုသည်သေဆုံးပါလျက်၊တရားဝင်ကိုယ်စားလှယ်မထည့်သွင်းလျင်အမှုရပ်စဲမည်ဖြစ်ကြောင်း၊ A. I. R. 1961. Raj. 72 နှင့် A. I. R. 1962 Pat. 285( FB )အမှုများတွင်ပြဆိုထားသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]