ဗုဒ္ဓဘာသာလင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုမယားဖြစ်သူအားပေးကမ်းခြင်းသည်အထမြောက်ပါသလော ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဗုဒ္ဓဘာသာလင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုမယားဖြစ်သူအားပေးကမ်းခြင်းသည်အထမြောက်ပါသလော ?


————————————


1993 BLR 1 


ကိုခင်မောင်သိန်း(ခ)ကိုသိန်း နှင့် မစန်းစန်းမြင့်


တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၅၊၆နှင့်၇တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“အချင်းဖြစ်အမှုတွင်အဓိကအဆုံးအဖြတ်ပြုရမည့်အချက်မှာ၊ဦးအောင်ထူးကဇနီးမစန်းစန်းမြင့်အားအချင်းဖြစ်ဥပစာကိုပေးအပ်ခဲ့ခြင်းအားဖြင့်ပစ္စည်း၏ပိုင်ဆိုင်မှုအနေအထားမည်သည့်အခြေအနေတွင်ရောက်ရှိသွားကြောင်းဆုံးဖြတ်ရန်ဖြစ်သည်။


ယင်းပစ္စည်းမှာမူလကဦးအောင်ထူး၏ဖခင်ဦးသိန်းမောင်ပိုင်ဆိုင်ပြီး၊ဦးသိန်းမောင်က၁၉-၃-၇၄ရက်နေ့စွဲပါ”ဘိုးဘပိုင်မြေနှင့်နေအိမ်အမွေလွှဲပြောင်းပေးခြင်းစာချုပ်”(၁၉၇၄ခုနှစ်စာချုပ်အမှတ်၁၂/၇၄)ဖြင့်၊သားကိုအောင်ထူးအားလွှဲပြောင်းပေးခဲ့သည့်ပစ္စည်းဖြစ်သည်။


တဖန်ဦးအောင်ထူးက၁၀-၃-၈၁ရက်နေ့စွဲပါ”တိုက်နှင့်ဘိုးဘပိုင်မြေအပေးစာချုပ်”(၁၉၈၁ခုနှစ်စာချုပ်အမှတ်၂၆/၈၁)ဖြင့်ဇနီးမစန်းစန်းမြင့်အားချစ်ခင်မြတ်နိုး၍လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။


ဖခင်ဦးသိန်းမောင်ကလွှဲပြောင်းပေးသောအချိန်တွင်ဦးအောင်ထူးနှင့်မစန်းစန်းမြင့်တို့မှာတရားဝင်အကြင်လင်မယားအဖြစ်ပေါင်းသင်းနေစဉ်အခါဖြစ်သဖြင့်မြန်မာဓလေ့ထုံးတမ်းဥပဒေအရယင်းပစ္စည်းကိုဦးအောင်ထူးကလက်ထက်ပွါးပစ္စည်းအဖြစ်ပိုင်ဆိုင်သည့်သဘောသက်ရောက်သည်။


ဇနီးမစန်းစန်းမြင့်အနေဖြင့်လည်းနိဿယနှင့်နိဿိတသဘောအရယင်းပစ္စည်းကိုပိုင်ဆိုင်ခွင့်ရရှိသည်။


လင်မယားနှစ်ဦးသဘောတူကွာရှင်းကြရာတွင်လည်းနိဿယနှင့်နိဿိတအခြေရှိပါက၊ပစ္စည်းရသူကနှစ်စုနှင့်ကျန်ခင်ပွန်း၊ဇနီးဖြစ်သူကတစုရရှိသည်။


မောင်ရွှေသာ နှင့် မဝိုင်းအမှု(၁၁၊အယ်လ်ဘီအာ၊၄၈)၊ခင်ခင်ကြီး နှင့် မောင်ကံကြီးအမှု(၂၊ယူဘီအာ(၁၉၀၂-၀၃)ကွာရှင်း-၁)၊တို့ကိုရည်ညွှန်းသည်။


မြန်မာဗုဒ္ဓဘာသာဝင်ယောကျာ်းနှင့်မိန်းမတို့တရားဝင်လက်ထပ်ပေါင်းသင်းစဉ်ရရှိလာသောပစ္စည်းများနှင့်စပ်လျဉ်း၍၊ဥပဒေပညာရှင် S. C Lahiri ကလည်း၎င်း၏ Principles of Modern Burmese Buddhist Law ဥပဒေကျမ်း(Principles of Modern Burmese Buddhist Law By S.C Lahiri (Sixth Edition)(1957)P.70-71 တွင်အောက်ပါအတိုင်းရှင်းလင်းဖော်ပြထားသည်-


“Burman Buddhist Husband and wife share each other’s properties and the party through whom the properties are acquired is given a larger share. A person who brings much property to the marriage or who is mainly instrumental in the acquisition of the joint property is called the nissaya(supporter) while the other is called the nissita(dependent).


If the husband alone is instrumental in the acquisition of the property, while the wife is maintained by him, then he shall be deemed to be the supporter (nissaya) and she the dependent (nissita).


If the wife is the principal acquirer of the property, while the husband depends on her, then she becomes the supporter and he the dependent.


The supporter gets more than the dependent.”


သို့ဖြစ်ရာအချင်းဖြစ်ပစ္စည်းကိုဦးအောင်ထူးကလွှဲပြောင်းပေးကမ်းခဲ့သည်ဟုဆိုသော်လည်း၊လင်မယားနှစ်ဦးတရားဝင်ပေါင်းသင်းနေထိုင်ကြစဉ်ဖြစ်ထွန်းတိုးပွါးလာသောပစ္စည်းဖြစ်သည့်အတွက်မြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်မယားနှစ်ဦးစလုံးဥပဒေနှင့်အညီခွဲဝေပိုင်ဆိုင်ကြမည်သာဖြစ်သည်။


မည်သူကပေးသည်ဖြစ်စေတဦးတည်းပိုင်ပစ္စည်းအဖြစ်ရပ်တည်နိုင်မည်မဟုတ်ချေ။


ယခင်က”သင်းသီး”ဟုခေါ်ဆိုသောတဦးတယောက်တည်းသီးခြားပိုင်သည့်ပစ္စည်းဟူ၍ရှိခဲ့သော်လည်း၊ယခုအခါလင်နှင့်မယားတို့အတွက်ထိုပစ္စည်းမျိုးမရှိတော့ပေ။


အကြောင်းမှာလင်နှင့်မယားတို့သည်တဦးပစ္စည်းတွင်တဦးအကျိုးခံစားခွင့်ရှိကြသောကြောင့်ဖြစ်သည်။


ဤဥပဒေသဘောကို၊မအေးတင် နှင့် ဒေါ်သန့်အမှု(၁၉၄၀၊အာအယ်လ်အာ၊၈၃၁)တွင်ထုံးဖွဲ့လမ်းညွှန်ပြီးဖြစ်သည်။”


တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၇တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်-


“ဤအမှုတွင်ထူးခြားသည့်အခြေအနေတရပ်မှာဦးအောင်ထူးသည်မိမိအားဖခင်ကပေးကမ်းခဲ့သောအချင်းဖြစ်ပစ္စည်းကိုဇနီးဖြစ်သူမစန်းစန်းမြင့်အားတရားဝင်အပေးစာချုပ်ဖြင့်ထပ်မံလွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။


ထိုသို့လွှဲပေးစဉ်အခါတွင်လည်းဦးအောင်ထူးနှင့်မစန်းစန်းမြင့်တို့မှာတရားဝင်လင်မယားအဖြစ်ပေါင်းသင်းကြဆဲဖြစ်သဖြင့်ပစ္စည်းအားလုံးကိုမစန်းစန်းမြင့်အားပေးလိုက်စေကာမူ၊မြန်မာဓလေ့ထုံးတမ်းဥပဒေအရမစန်းစန်းမြင့်တဦးတည်းပစ္စည်းအားလုံးပိုင်ဆိုင်မည်မဟုတ်ဘဲ၊မစန်းစန်းမြင့်ရရှိသောပစ္စည်းတွင်လင်ဖြစ်သူဦးအောင်ထူးသည်နိဿိတအနေဖြင့်ပိုင်ရေးဆိုင်ခွင့်ရှိလာနိုင်မည်ဖြစ်သည်။


ထို့ကြောင့်အချင်းဖြစ်ပစ္စည်းနှင့်စပ်လျဉ်း၍မစန်းစန်းမြင့်သည်နိဿယအနေဖြင့်ရထိုက်ခွင့်ရှိပြီးဦးအောင်ထူးမှာနိဿိတအဖြစ်ယင်းပစ္စည်းအပေါ်ခွဲဝေခံစားခွင့်ရှိမည်ဖြစ်သည်။”


———————————


ဥပဒေသဘောအရလင်သည်မယားအကျိုးငှါ၎င်း၏အကျိုးခံစားခွင့်ကိုပေးကမ်းလိုက်သောအခါမယားသည်ပစ္စည်း၏အပြည့်အဝပိုင်ရှင်ဖြစ်သွားသည်ဟုစာတွေ့သဘောအရဆိုနိုင်သော်လည်း၊လင်ခန်းမယားခန်းဆိုင်ရာမြန်မာဓလေ့ထုံးတမ်းဥပဒေအရမယားပိုင်ဆိုင်သောပစ္စည်းထက်ဝက်သည်လင်ပိုင်ဆိုင်သောပစ္စည်းပြန်ဖြစ်သွားမည်ဖြစ်သောကြောင့်၊ပေးကမ်းခြင်းသည်လက်တွေ့တွင်အကျိုးသက်ရောက်မှုမရှိနိုင်ဟုဆိုလိုခြင်းဖြစ်သည်။


———————————-


ဒေါက်တာဧမောင်၏ဗုဒ္ဓဘာသာတရားဥပဒေ(၁၉၇၀ပြည့်နှစ်၊ဇွန်လထုတ်)စာမျက်နှာ၆၂နှင့်၆၃တို့တွင်အောက်ပါအတိုင်းပြဆိုထားသည်-


“a decree for partition cannot be effective, as the share partitioned under the decree and come to the possession of the wife or husband automatically reverts into common enjoyment of husband and wife.”


အထက်ပါပြဆိုချက်သည်၊ဗုဒ္ဓဘာသာအိမ်ထောင်ရှိပစ္စည်းများအနက်အထက်ပါပစ္စည်းမှအပ(သင်းသီးပစ္စည်းစသည်တို့သည်ယခုမရှိတော့)မယားသို့မဟုတ်ခင်ပွန်းတသီးပုဂ္ဂလပိုင်သောပစ္စည်းဟူ၍မရှိကြောင်းတရားဥပဒေကိုပြဆိုခြင်းဖြစ်သည်။


AIR 1935 Ran 497 ( D B )စီရင်ထုံးသည်၊ဤဥပဒေသဘောတရားကိုထင်ဟပ်ပြဆိုထားခြင်းဖြစ်သည်။


မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆိုပါကလင်မယားပေါင်းသင်းဆဲတွင်(အထက်ပါပစ္စည်းမှအပ)လင်တဦးတည်းပိုင်ပစ္စည်း၊မယားတဦးတည်းပိုင်ပစ္စည်းဟူ၍၊သီးခြားပစ္စည်းမရှိခြင်းကို၊မြန်မာဟိုက်ကုတ်လွှတ်တော်ခုံရုံးက၊ AIR 1935 Ran 497(D B)အမှုတွင်ပြဆိုသည်။


————————-


A I R 1935 Rangoon 497( D B )


U Po Kha v. Ma Gyi.


Mya Bu and Baguley, JJ.


စီရင်ထုံးစာမျက်နှာ၄၉၈တွင်၊မြန်မာတရားဝန်ကြီးဦးမြဘူးကအောက်ပါအတိုင်းပြဆိုသည်-


“Since a Burmese Buddhist wife cannot claim separate possession of the joint estate, or a portion of it from her husband, and during the subsistence of the marriage, the ordinary property belonging to one belongs to both, it is obvious that a Burmese Buddhist wife cannot make a claim against her husband, a claim such as is put forward by the respondent in the present proceeding.”


———————


6 Ran 234 


Ma Pu v. Maung Ngo and others.


Before Mr. Justice Brown


စီရင်ထုံးတွင်၊ယခင်အိမ်ထောင်လက်ထက်တွင်ကျူးကျော်ဝင်ရောက်နေထိုင်သည့်မြေ(squatting plot)အဖြစ်ပါလာသော”ပါရင်း”ပစ္စည်းသည်နောက်အိမ်ထောင်လက်ထက်၌အစိုးရထံမှဂရန်ရရှိရာထိုမြေသည်နောက်အိမ်ထောင်၏”လက်ထက်ပွါး”ပစ္စည်းဖြစ်လာကြောင်း၊အင်္ဂလိပ်တရားသူကြီး Brown ကအောက်ပါအတိုင်းဆုံးဖြတ်ထုံးဖွဲ့သည်-


“Where Payin Property formed a piece of land occupied as a squatter, held that a subsequent grant of lease during the second coverture converts the property into lettetpwa.”


—————————-


ဥပဒေသဘောအနှစ်ချုပ်မှာ၊ခင်ပွန်းဂရန်ရရှိသောမြေသည်ခင်ပွန်းနှင့်မယားတို့၏လက်ထက်ပွါးပစ္စည်းဖြစ်ပေရာ၊ခင်ပွန်းကအပိုင်ပေးစာချုပ်ချုပ်ဆိုကာမယားဖြစ်သူအားအပိုင်ပေးစာချုပ်ချုပ်ဆိုလွှဲပြောင်းပေးခြင်းကြောင့်မယားတဦးတည်းပိုင်ဖြစ်မသွားချေ။


လင်မယားပိုင်ပစ္စည်းဖြစ်မြဲဖြစ်ခြင်းသည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေ၏ထူးခြားသောသဘောတရားဖြစ်သည်။


ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်လည်းဖြစ်သည်။


ထို့ကြောင့်အထက်ဖော်ပြပါဥပဒေသဘောကိုနားလည်နိုင်ရန်အတွက်၊ A I R 1935 Rangoon 497 ( DB )၊ 6 Ran 234 ၊ 1993 BLR 1 ၊ 1999 BLR 103 စီရင်ထုံးများကိုပူးတွဲလေ့လာမှတ်သားဖတ်ရှုကာစဉ်းစားဆင်ခြင်ရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]