တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်သည်ဒီကရီဖြစ်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအပြီးသတ်အမိန့်များသည်၊ဒီကရီဖြစ်ပါသလား ?


————————————


တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်သည်၊ဒီကရီဖြစ်ပါသလား ?


————————————-


ဇာရီရုံးအနေဖြင့်ဇာရီမှုပြုလုပ်နိုင်သည်သို့မဟုတ်ဇာရီမှုမပြုလုပ်နိုင်ဟုချမှတ်သောအမိန့်အပေါ်အယူခံဝင်ရမည်သို့မဟုတ်ပြင်ဆင်မှုလျှောက်ထားရမည်လား ?


————————


အယူခံ၊ပြင်ဆင်ဆိုသည်မှာပညတ်များဖြစ်သည်။


အထက်အဆင့်မြင့်ရုံးသို့တက်ရောက်ပြီးအရေးဆိုသောကိစ္စဖြစ်သည်။


ပြင်ဆင်မှုမှာထက်ရုံးခွန်ပိုဆောင်ပြီးအယူခံဝင်ရောက်ခြင်းကြောင့်နိုင်ငံတော်ကရုံးခွန်ပိုမိုရရှိသည်။


လုပ်နည်းဆောင်တာများ(technicalities)ကိုအလေးမပေးသင့်။


အယူခံဝင်ခွင့်မရှိလျင်ပြင်ဆင်မှုအဖြစ်ဆုံးဖြတ်နိုင်သည်ဟုအကြောင်းပြကြသည်လည်းရှိသည်။


အမှုမှားယွင်းတက်ရောက်သူ၏တာဝန်ကိုလျော့ပစ်ရန်မသင့်ဟုဆင်ခြေပေးစရာအကြောင်းလည်းရှိပါသည်။


ဥပဒေအရ၊ရရှိသောအခွင့်အရေးကိုလုပ်နည်းဆောင်တာကိစ္စများဟုအကြောင်းပြပြီးနုတ်ပယ်ရန်မသင့်ပါ။


———————————


1986 BLR 70 


ဒေါ်အုန်းမြင့် နှင့် ဒေါ်ခင်မြပါ၂


ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့က၊စီရင်ထုံးစာမျက်နှာ၇၅နှင့်၇၆တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“ဤစီရင်ချက်ကိုအဆုံးမသတ်မီမှတ်ချက်ပြုလိုသည့်အချက်မှာ၊ဒေါ်အုန်းမြင့်ကတိုင်းတရားရုံး၏အမိန့်ကိုဗဟိုတရားရုံးတွင်တရားမပထမအယူခံမှုအဖြစ်ဖြင့်အယူခံဝင်ခြင်းနှင့်ပတ်သက်သည်။တရားမမူလမှုတမှုတွင်မူလမှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍ချမှတ်သောဒီကရီကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်ခွင့်ရှိပေသည်။ယင်းအယူခံကိုတရားမပထမအယူခံမှုအဖြစ်လုပ်ထုံးလုပ်နည်းအရသတ်မှတ်ထားသည်။တရားမပထမအယူခံမှုတွင်ဒီကရီကိုအယူခံဝင်ခြင်းဖြစ်သည်။

အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်ရှိကြောင်းအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်ပြဌာန်းထားသည်။သို့ဖြစ်ရာဒေါ်အုန်းမြင့်၏လျှောက်ထားချက်ကိုပလပ်သောအမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်ခြင်းမှာအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်အယူခံဝင်ခွင့်ပေးထားခြင်းကြောင့်ဖြစ်သည်။တိုင်းတရားရုံးကဒေါ်အုန်းမြင့်၏လျှောက်ထားမှုကိုပလပ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ပေ။ဒေါ်အုန်းမြင့်ကအမွေထိန်းစာလျှောက်ထားသည့်ကိစ္စကိုဒေါ်ခင်မြတို့ကကန့်ကွက်သဖြင့်အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅တွင်ပြဌာန်းထားသည့်အတိုင်းအမှုကိုတရားမကြီးမှုသဘောစစ်ဆေးရသည်မှန်သော်လည်းယင်းအမှုတွင်ချမှတ်သောအမိန့်သည်ဒီကရီဖြစ်စေရမည်ဟုသတ်မှတ်ထားခြင်းမရှိချေ။ဒီကရီဖြစ်ပါမူပုဒ်မ၂၉၉ကိုပြဌာန်းထားခြင်းမှာအပိုဖြစ်ပေလိမ့်မည်။ထို့ပြင်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရဒီကရီကိုအယူခံဝင်ရာ၌ရုံးခွန်ထမ်းဆောင်ရခြင်း၊အယူခံဝင်ခွင့်ရှိသောအမိန့်ကိုအယူခံဝင်ရာ၌ရုံးခွန်ထမ်းဆောင်ရခြင်းတို့သည်သီးခြားကိစ္စရပ်များဖြစ်သည်။အယူခံဝင်ခွင့်ရှိသောအမှုများကိုအယူခံဝင်ရာတွင်ရုံးခွန်အက်ဥပဒေဒုတိယဇယားအမှတ်စဉ်၁၁အရရုံးခွန်ထမ်းဆောင်ရသည်။ဒေါ်အုန်းမြင့်သည်တိုင်းတရားရုံး၏အမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်ရာ၌တရားမအထွေထွေအယူခံမှုအဖြစ်ဖြင့်အယူခံဝင်ရန်ဖြစ်ပေသည်။


အထက်တွင်ဖော်ပြထားသောအကြောင်းများကြောင့်၊ဤအယူခံကိုခွင့်ပြု၍တိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်လိုက်သည်။”


—————————


1986 BLR 156


ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ်


ဥက္ကဌအဖြစ်ဦးဝင်းမောင်(၂)၊အဖွဲ့ဝင်များအဖြစ်ဦးဘမော်နှင့်ဦးမျိုးမြင့်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားရုံးကစီရင်ထုံးစာမျက်နှာ၁၆၁တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“စစ်ကိုင်းတိုင်းတရားရုံးကဒေါ်ကြွယ်စွဲဆိုသည့်အမှုကိုပလပ်သည့်ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီးအမှုကိုဆက်လက်စစ်ဆေးရန်အယူခံအမှုတွင်ချမှတ်သောအမိန့်မှာ၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်ဖြစ်သဖြင့်ယင်းအမိန့်ကိုတရားမကျင့်ထုံးဥပဒေအမိန့်၄၃၊နည်း၁(ပ)အရအယူခံဝင်ခွင့်ရှိသောအမိန့်ဖြစ်သဖြင့်ပုဒ်မ၂(၂)(က)တွင်ပြဌာန်းထားသည့်အတိုင်းယင်းအမိန့်သည်ဒီကရီမဟုတ်ချေ။သို့ဖြစ်ရာဤအယူခံအတွက်ရုံးခွန်ကိုရုံးခွန်အက်ဥပဒေဇယား၂၊အမှတ်စဉ်၁၁(ခ)အရရုံးခွန်၅-ကျပ်သာထမ်းဆောင်ရမည်ဖြစ်သည်။ထို့အပြင်ထိုအယူခံအတွက်တရားမအထွေထွေအယူခံမှုဖွင့်လှစ်ဆောင်ရွက်ရန်ဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၁၆၁၏နောက်ဆုံးအပိုဒ်တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ထို့ကြောင့်ဤအယူခံကိုခွင့်ပြု၍တိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး၊မြို့နယ်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပြန်လည်အတည်ပြုလိုက်သည်။”


————————————


1999 BLR 135


ဒေါ်ပန်းတင် နှင့် ဦးအောင်တင်


တရားရုံးချုပ်တရားသူကြီးဦးချစ်လွင်ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၃၇၊ဒုတိယအပိုဒ်နှင့်တတိယအပိုဒ်တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“ဒေါ်ပန်းတင်၏ရှေ့နေကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)ကချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးမဝင်ပါကဤအထွေထွေအယူခံမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲလက်ခံခွင့်ပြုပါရန်လျှောက်ထားသည်။”


“တရားနိုင်တဦးကမိမိရရှိခဲ့သောဒီကရီကိုအကျိုးသက်ရောက်အောင်ဇာရီမှုဖွင့်လှစ်ရာ၌တရားရုံးကဒီကရီကိုဇာရီမှုမပြုလုပ်နိုင်ကြောင်းကန့်ကွက်လာသောကိစ္စတွင်ဇာရီရုံးအနေဖြင့်ဇာရီမှုပြုလုပ်နိုင်သည်၊သို့တည်းမဟုတ်ဇာရီမှုမပြုလုပ်နိုင်ဟုတနည်းနည်းအဆုံးအဖြတ်ပြုသည့်ဆုံးဖြတ်ချက်မှာ၊တရားမကျင့်ထုံးပုဒ်မ၄၇အရအမိန့်ဖြစ်သည်။ထိုကဲ့သို့သောအမိန့်မှာတရားနိုင်၊တရားရှုံးတို့၏အခွင့်အရေးနှင့်ပတ်သက်၍အပြီးအပိုင်ဆုံးဖြတ်ချက်ဖြစ်၍တရားမကျင့်ထုံးပုဒ်မ၂(၂)အရဒီကရီဖြစ်သည်ဟုကောက်ယူရမည်ဖြစ်သည်။ဒီကရီဖြစ်လျှင်ပုဒ်မ၉၆အရအယူခံဝင်နိုင်သည်ဆိုခြင်းမှာယုံမှားဖွယ်မရှိနိုင်ပေ။ဤဥပဒေသဘောကို၊မလှရီ နှင့် မသန်းစိန်(၁၉၅၃၊မတစ၊စာ-၅၅(တရားလွှတ်တော်ချုပ်))အမှု၊ချင်နီးယား နှင့် အေစီဒေး(၁၉၅၄၊မတစ၊စာ-၉(တရားလွှတ်တော်))အမှု၊ဦးစောမြပါ၆ နှင့် နိုင်ငံတော်ကူးသန်းရေးဘဏ်၊ပြည်မြို့(၁၉၆၆၊မတစ၊စာ-၁၂၇၉(၁၂၈၀))အမှုတို့တွင်တွေ့မြင်နိုင်သည်။သို့ဖြစ်ရာဤအမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲဖွင့်လှစ်ရန်မလိုပေ။”


စီရင်ထုံးစာမျက်နှာ၁၄၀၊နောက်ဆုံးအပိုဒ်တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ထို့ကြောင့်ဤအထွေထွေအယူခံမှုကိုခွင့်ပြုပြီး၊မွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)၏၂၄-၅-၉၉နေ့စွဲပါအမိန့်နှင့်မုဒုံမြို့နယ်တရားရုံး၏၂-၄-၉၉နေ့စွဲပါအမိန့်တို့ကိုစရိတ်နှင့်တကွပယ်ဖျက်လိုက်သည်။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]