တရားရုံးကအမှုကိုပလပ်လိုက်ခြင်းသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်ပါသလော။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားရုံးကအမှုကိုပလပ်လိုက်ခြင်းသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်ပါသလော ?
————————-
အယူခံဝင်ခွင့်ရှိသောဒီကရီကိုအယူခံမဝင်ပဲပြင်ဆင်မှုအဖြစ်တင်သွင်းခြင်းပြုနိုင်ပါသလော ?
——————————
1983 BLR 71
ဦးရင်ထွန်း နှင့် မစ္စတာဂျေအိပ်(ချ်)ဒစ်မင်း
ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၇၂တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ဤအမှုတွင်မြို့နယ်တရားရုံးသည်၂၁-၄-၈၁ရက်စွဲပါအမိန့်အရလျှောက်ထားခံရသူ၏အဆိုလွှာကိုစရိတ်နှင့်တကွပလပ်ခဲ့ကြောင်းတွေ့ရှိရသည်။
မြို့နယ်တရားရုံးကအမှုကိုပလပ်လိုက်ခြင်းသည်လျှောက်ထားခံရသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍အပြီးသတ်ဆုံးဖြတ်လိုက်ရာရောက်သောကြောင့်ယင်းအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်သည်။
ထိုဒီကရီကိုမကျေနပ်လျှင်လျှောက်ထားခံရသူအနေဖြင့်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရတိုင်းတရားရုံးတွင်အယူခံဝင်ခွင့်ရှိသော်လည်းထိုသို့အယူခံဝင်ရောက်ခြင်းမပြုပဲတိုင်းတရားရုံးသို့ပြင်ဆင်မှုတင်သွင်းခဲ့ခြင်းမှာမှားယွင်းပေသည်။
တိုင်းတရားရုံးကပြင်ဆင်မှုတွင်မူလရုံး၏ဒီကရီကိုပယ်ဖျက်လိုက်ခြင်းမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါပြဌာန်းချက်များနှင့်မညီညွတ်ပေ။”
———————————————-
ဒီကရီကိုတရားရုံးအဆင့်ဆင့်တွင်၊တဆင့်ပြီးတဆင့်အယူခံဝင်နိုင်သည်။
တရားမကြီးမှုသို့မဟုတ်ဇာရီမှုတွင်ချမှတ်သောဆုံးဖြတ်ချက်များသည်သုံးမျိုးသုံးစားရှိသည်။
၎င်းတို့မှာ-
( ၁ )ဒီကရီ
( ၂ )အယူခံဝင်နိုင်သောအမိန့်
( ၃ )ဒီကရီလည်းမဟုတ်၊အယူခံဝင်နိုင်သောအမိန့်လည်းမဟုတ်သည့်အမိန့်
အယူခံဝင်ခွင့်ရှိသောအမိန့်များကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄နှင့်အမိန့်၄၃၊နည်း၁တွင်ဖော်ပြထားသဖြင့်ပြဿနာမရှိနိုင်။
ဒီကရီဟုတ်မဟုတ်အငြင်းပွားဖွယ်ရာပေါ်ပေါက်တတ်သော်လည်း၊ဒီကရီ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလေ့လာလျှင်ရှင်းလင်းစွာသိရှိနိုင်သည်။
အမှုတွင်အငြင်းပွားသောအကြောင်းအရာအားလုံးသို့မဟုတ်တခုခုနှင့်ဆက်စပ်၍အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်ပေးသောဆုံးဖြတ်ချက်ဖြစ်သည်။
အမှုကိုအမှုသွားအမှုလာအရပလပ်သောဆုံးဖြတ်ချက်၊တရားလိုစွဲဆိုသည့်အတိုင်းသက်သာခွင့်ပေးသောဆုံးဖြတ်ချက်များသည်ဒီကရီဖြစ်ကြောင်းနားလည်နိုင်သည်။
——————————————-
1967 BLR 489
မောင်ထန်ခုပ်ပါ၃ နှင့် ဦးလွှန်းထမ်း
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်
အမှုတွင်၊ဒီကရီ၏သဘောသဘာဝကိုမြန်မာဘာသာဖြင့်အောက်ပါအတိုင်းထုံးဖွဲ့ပြထားသည်-
"ဒီကရီ၏သဘောသည်နှစ်ဖက်အမှုသည်များရပိုင်ခွင့်နှင့်တာဝန်တို့ကိုပြည့်စုံတိကျစွာအပြီးအပြတ်သတ်မှတ်ပေးခြင်းပင်ဖြစ်သည်။စီရင်ချက်တွင်အမှု၏အကြောင်းခြင်းရာ၊ဥပဒေပြဿနာစသည်တို့ကိုဖော်ပြ၍အငြင်းပွားသည်တို့ကိုကောက်ချက်ထုတ်နုတ်ကာကောက်ချက်တရပ်စီကိုဆုံးဖြတ်ရသည်။ထိုဆုံးဖြတ်ချက်တို့ကိုအခြေခံ၍တဖက်နှင့်တဖက်တို့၏ရပိုင်ခွင့်နှင့်တာဝန်တို့ကိုအပြီးသတ်အပြည့်အစုံသတ်မှတ်ရသည်။ထိုသတ်မှတ်ချက်တို့ကိုခြုံငုံမိအောင်ဒီကရီအမိန့်တွင်ရေးဆွဲဖော်ပြရသည်။
အမှုများတွင်စီရင်ချက်၌အမိန့်ပါသည်။ထိုအမိန့်တွင်အမှုသည်တို့၏ရပိုင်ခွင့်နှင့်တာဝန်တို့ကိုဖော်ပြထားပြီးဖြစ်သည်။မည်သည့်ဖက်ကမည်မျှငွေ၊တရားစရိတ်ကိုရ၍မည်သည့်ဖက်မှထိုငွေ၊ထိုစရိတ်တို့ကိုပေးရမည်ဟုအတိအကျသတ်မှတ်ထားပြီးဖြစ်သည်။ထို့ကြောင့်အမိန့်များတွင်ဒီကရီ၏အဓိကအင်္ဂါရပ်တို့ပါဝင်နေပြီဟုဆိုနိုင်သည်။"
——————————————-
ဒီကရီရေးဆွဲလျှင်ဒီကရီဖြစ်မည်ဟုတရားသေသတ်မှတ်၍မရ။
အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်အဆုံးအဖြတ်မပေးဘဲချမှတ်သောအမိန့်အရ၊ဒီကရီရေးဆွဲရုံမျှနှင့်ဒီကရီဖြစ်မလာနိုင်ပါ။
စီရင်ချက်သည်ဒီကရီမမြောက်ပဲဒီကရီရေးဆွဲလျှင်အယူခံဝင်ခွင့်မရနိုင်ပါ။
Comments
Post a Comment