ဇာရီမှု၊ကြားလူ[ Third Party ]၊အမိန့်၂၁၊နည်း၅၈၊ပြင်ဆင်မှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဇာရီမှု၊ကြားလူ(Third Party)၊အမိန့်၂၁၊နည်း၅၈၊ပြင်ဆင်မှု


———————————-


ဇာရီမှုတွင်အမှုသည်မဟုတ်သူ၏လျှောက်ထားချက်အရချမှတ်သောအမိန့်သည်ဒီကရီဖြစ်ပါသလား ?


ယင်းအမိန့်အပေါ်အယူခံဝင်ခွင့်ရှိပါသလား ?


———————————


တဦးတယောက်သောသူ၏နစ်နာမှုကိုကုစားနိုင်ရန်အခြားနည်းလမ်းများပွင့်နေသေးလျှင်၊ပြင်ဆင်မှုတရားရုံးအနေဖြင့်မူလရုံး၏ဆုံးဖြတ်ချက်အပေါ်ပြင်ဆင်မှုတွင်ဝင်ရောက်စွက်ဖက်နိုင်ပါသလား ?


——————————-


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၅(၁)အရ၊ဝရမ်းထုတ်ဆင့်ခြင်းကိုတရားရှုံးမဟုတ်သောကြားလူကအမိန့်၂၁၊နည်း၅၈အရဝရမ်းခွါပေးရန်လျှောက်ထားခြင်းမှာမှန်ကန်ပါသလား ?


ထိုကြားလူသည်၊ဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်ထားခွင့်ရှိပါသလား ?


———————————-


ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့​၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။


ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။


ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။


ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။


ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။


သို့သော်ခြွင်းချက်တရပ်ရှိသည်။


ကြားလူ(တတိယပုဂ္ဂိုလ်)ကအပ်ဝရမ်းအားခုခံတားဆီးနှောင့်ယှက်သဖြင့်တရားနိုင်ကအမိန့်၂၁၊နည်း၉၇အရအရေးယူပေးရန်လျှောက်ထားသည့်ကိစ္စတွင်၊တရားမအထွေထွေမှုသီးခြားဖွင့်လှစ်ခြင်းမရှိဘဲ၊ဇာရီမှုတွင်ပင်စုံစမ်းဆုံးဖြတ်သည်။


တရားနိုင်​၏လျှောက်ထားချက်အရစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းချမှတ်သောအမိန့်သည်ကြားလူအပေါ်ချမှတ်သောအမိန့်ဖြစ်သည့်အပြင်၊မည်သူ​၏အခွင့်အရေးကိုမျှအပြီးအပြတ်အဆုံးအဖြတ်မပေးသေးခြင်းကြောင့်၊ပုဒ်မ၂(၂)တွင်အကျုံးမဝင်သည်မှာမြင်သာထင်ရှားသည်။


အဆိုပါအမိန့်ကိုပင်မဆိုထားဘိ၊စုံစမ်းစစ်ဆေးမှုပြီးဆုံးသောအခါ၊ကြားလူအပေါ်အမိန့်၂၁၊နည်း၉၈အရချမှတ်သောအမိန့်ဖြစ်စေ၊အမိန့်၂၁၊နည်း၉၉အရလျှောက်လွှာကိုပလပ်သောအမိန့်ကိုဖြစ်စေအယူခံဝင်ခွင့်မရှိ။


———————————————


1984 BLR 104


ဦးအောင်တင်ပါ၂ နှင့် ဦးခွေးပါ၄


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။   ။ဦးခွေးသည်ဇာရီမှုတွင်အမှုသည်တဦးမဟုတ်ချေ။သို့ဖြစ်ရာဦးခွေး၏တင်ပြချက်နှင့်စပ်လျဉ်း၍ချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇တွင်အကျုံးမဝင်သဖြင့်ပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ချေ။တိုင်းတရားရုံးကအယူခံမှုတွင်ချမှတ်သောအမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်နိုင်ရန်အလို့ငှါအယူခံရုံးကချမှတ်သောအမိန့်သည်ဒီကရီဖြစ်ရမည်ဖြစ်ကြောင်း၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀တွင်ပြဌာန်းထားသည်။ဦးအောင်တင်တို့အယူခံဝင်ရောက်လာသည့်အမိန့်မှာရန်ကုန်တိုင်းတရားရုံးကအယူခံမှုတွင်ချမှတ်သောအမိန့်ဖြစ်သော်လည်းအထက်တွင်ရှင်းပြခဲ့သည့်အတိုင်းယင်းအမိန့်မှာတရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်သဖြင့်အယူခံတရားလိုတို့သည်တိုင်းတရားရုံး၏အမိန့်ကိုအယူခံဝင်ခွင့်မရှိချေ။”


—————————-


1996 BLR 1


ဒေါ်ခင်ခင်မေ နှင့် အာဆူးဘီဘီ(ခ)မလှလှဝင်း


တရားရုံးချုပ်တရားသူကြီးဦးတင်အုံးရှေ့တွင်


စီရင်ထုံးစာမျက်နှာ၂နှင့်၃တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“အယူခံတရားလို၏ရှေ့နေကဤအမှုသည်ဆိုင်းငံ့မိန့်ထုတ်ခြင်းကိုမကျေနပ်သဖြင့်တက်ရောက်သည့်အမှုဖြစ်၍ပြင်ဆင်မှုတင်သွင်းရမည်ဟုသဘောရိုးဖြင့်ယုံကြည်ကြောင်း၊အကယ်၍ပြင်ဆင်မှုလျှောက်ထားရမည့်အမှုဖြစ်သည်ဟုရုံးတော်ကတွေ့ရှိခဲ့ပါလျှင်၊ယခုအမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲသတ်မှတ်ကြားနာပေးပါရန်ရှေးဦးစွာလျှောက်ထားတင်ပြသည်။


ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့သည့်အမိန့်ကိုဖြစ်စေ၊ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်ကိုဖြစ်စေ၊အယူခံဝင်ခွင့်မရှိပေ။ဦးစံဝ နှင့် ဦးချစ်စံ(ရန်ကုန်၊အတွဲ၉၊စာ-၃၅၄)၊မထွန်း နှင့် မညိုအမှု(၁၉၅၉၊မတစ၊စာ-၂၅၇(တရားလွှတ်တော်))၊ဦးကိုကိုလတ် နှင့် ဒေါ်တင်ညွန့်အမှု၊(၁၉၈၄၊မတစ၊စာ-၁၁၃)တို့ကိုကြည့်ပါ။


ထို့ကြောင့်ဤအထွေထွေအယူခံမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲသတ်မှတ်ပြီးကြားနာမည်ဖြစ်ကြောင်း၊ရှေးဦးစွာအမိန့်ချမှတ်သည်။”


တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၄တွင်၊အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“မူလရုံးကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၅(၁)အရဝရမ်းထုတ်သည့်ကိစ္စတွင်၊တရားရှုံးမဟုတ်သောကြားလူကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၅၈ကိုကိုးကား၍ဝရမ်းခွါပေးရန်လျှောက်ထားခြင်းမှာမှန်ကန်ခြင်းမရှိပေ။


တရားနိုင်အားလက်ထိလက်ရောက်ပေးအပ်ရမည့်ဥပစာတွင်နေထိုင်သူသည်တရားရှုံးကိုအကြောင်းပြု၍ရောက်လာသူမဟုတ်လျှင်၊ဒီကရီကိုလိုက်နာရန်တာဝန်မရှိကြောင်းဖြင့်နည်း၃၅အရထုတ်ဆင့်သည့်အခါဝရမ်းကိုခုခံနိုင်သည်။


ထိုအခါတရားနိုင်တွင်ထိုကဲ့သို့ခုခံတားဆီးခံရခြင်းကိုစုံစမ်းမှုပြုလုပ်ပေးရန်နည်း၉၇အရလျှောက်ထားခွင့်ရရှိသည်။


စုံစမ်းမှုပြုလုပ်ရန်တရားရုံးကဆင့်ခေါ်သည့်အခါခုခံတားဆီးသူကြားလူသည်လည်းအကျိုးအကြောင်းရှင်းလင်းတင်ပြခွင့်ရရှိမည်ဖြစ်သည်။


ထိုအဆင့်မရောက်သေးမီကြားလူတွင်တရားရုံးသို့တစုံတရာအရေးဆိုတင်ပြခွင့်မရှိသေးသဖြင့်ဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်ထားခွင့်မရှိပေ။


မူလရုံးကဤကဲ့သို့လျှောက်ထားခွင့်မရှိသူ၏လျှောက်ထားမှုကိုလက်ခံကာဇာရီမှုကိုဆိုင်းငံ့ပေးခြင်းမှာမှားယွင်းသည်။”


———————————


1990 BLR 15


ဦးဇော် နှင့် ဒေါ်ဖြူ


တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၆နှင့်၁၇တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“တရားရှုံးအပေါ်ဒီကရီအတည်ပြုရာတရားရှုံးပိုင်ပစ္စည်းကိုတရားရုံးကဝရမ်းဖမ်းဆီးသည့်အခါတရားရှုံးမဟုတ်သောအခြားသူကအချင်းဖြစ်ဝရမ်းဖမ်းဆီးသည့်ပစ္စည်းမှာတရားရှုံးပိုင်ပစ္စည်းမဟုတ်တရားရှုံးလက်တွင်မိမိပိုင်ပစ္စည်းအဖြစ်ထားရှိသည့်ပစ္စည်းသာဖြစ်ကြောင်းသို့မဟုတ်လျှောက်ထားသူမိမိလက်ရှိပစ္စည်းသာဖြစ်ကြောင်းဖော်ပြလျက်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၅၈အရဝရမ်းခွါပေးရန်လျှောက်ထားနိုင်သည်။ယခုအမှုတွင်လျှောက်ထားသူကမှားယွင်းပြီးအမိန့်၂၁၊နည်း၆၀အရလျှောက်ထားခဲ့ခြင်းဖြစ်သည်။


ဤအမှုတွင်လျှောက်ထားသူဦးဇော်အနေဖြင့်တရားရုံးကတရားရှုံးဦးမြသိန်းတို့ထံမှဝရမ်းဖမ်းဆီးလိုက်သောမြင်းလှည်းနှင့်မြင်းမအနီတကောင်သည်တရားရှုံးလက်ဝယ်ရှိလျှောက်ထားသူမိမိပိုင်ပစ္စည်းဖြစ်ကြောင်းတင်ပြခြင်းဖြစ်သည်။ဝရမ်းဖမ်းဆီးသည့်ပစ္စည်းသည်ဝရမ်းဖမ်းဆီးစဉ်လျှောက်ထားသူလက်ရှိမဟုတ်ပေ။တရားရှုံးလက်ရှိဖြစ်ပြီးလျှောက်ထားသူကခေတ္တအပ်နှံထားခြင်းသာဖြစ်ကြောင်းအဓိကတင်ပြသည်။


မူလမြို့နယ်တရားရုံးကစုံစမ်းစစ်ဆေးပြီးလျှောက်ထားသူဦးဇော်လက်ရှိမြင်းလှည်းမဟုတ်၊ဦးဇော်ပိုင်လည်းမဟုတ်ဘဲတရားရှုံးပိုင်ပစ္စည်းအဖြစ်တရားရှုံး၏လက်ရှိပစ္စည်းဖြစ်ကြောင်းပေါ်ပေါက်သည်ဆိုကာဝရမ်းခွါပေးရန်လျှောက်ထားခြင်းအားငြင်းပယ်လိုက်ခြင်းဖြစ်သည်။


ဤကဲ့သို့တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၅၈အရဝရမ်းခွါပေးရန်လျှောက်ထားမှုတွင်တရားရုံးကစုံစမ်းစစ်ဆေးပြီးနည်း၆၀အရဝရမ်းခွါပေးရန်ဆုံးဖြတ်သည်ဖြစ်စေ၊နည်း၆၁အရဝရမ်းခွါပေးရန်ငြင်းပယ်လိုက်သည်ဖြစ်စေ၊ချမှတ်သည့်အမိန့်တစုံတရာကိုမကျေနပ်သူသည်အချင်းဖြစ်ပစ္စည်းပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်းပြီးအမိန့်၂၁၊နည်း၆၃အရတရားတထုံးစွဲဆိုခွင့်ရှိသည်။ယင်းကဲ့သို့တဦးတယောက်၏နစ်နာမှုကိုဥပဒေအရကုစားရန်နည်းလမ်းပွင့်နေသည့်ကိစ္စမျိုး၌မူလရုံး၏ဆုံးဖြတ်ချက်အပေါ်ပြင်ဆင်မှုတရားရုံးကပြင်ဆင်မှုတွင်ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။မခင်သက် နှင့်ဦးဘမှန်းအမှု(၁၉၈၄၊ မတစ၊ စာ၁၂၈)နှင့်၊ဦးခင်လှပါ၂ နှင့် ဦးရဲလွင်ဦးအမှု(၁၉၈၇၊ မတစ၊ စာ၅)တို့ကိုကြည့်ပါ။”


————————


1984 BLR 128


မခင်သက် နှင့် ဦးဘမှန်း


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးခင်ဇာမုံနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။   ။မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများကိုလက်ရောက်ပေးအပ်စေရန်ချမှတ်သောဒီကရီကိုအတည်ပြုရာ၌ပစ္စည်းလက်ရောက်ပေးအပ်ခြင်းကိုခုခံခြင်းနှင့်စပ်လျဉ်း၍တရားမကျင့်ထုံးအမိန့်၂၁၊နည်း၉၇၊၁၀၀နှင့်၁၀၃တို့တွင်ပြဌာန်းထားသည်။ဤကဲ့သို့တဦးတယောက်သူ၏နစ်နာမှုကိုကုစားနိုင်ရန်အခြားနည်းလမ်းများပွင့်နေသေးပါကပြင်ဆင်မှုတရားရုံးအနေဖြင့်အောက်ရုံး၏ဆုံးဖြတ်ချက်အပေါ်ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ချေ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ