2003 BLR 210 စီရင်ထုံးအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2003 BLR 210


ဦးခင်မောင်လင်းပါ၁၀ နှင့် ဦးလှမြင့်ပါ၂


စီရင်ထုံးအဆုံးအဖြတ်ကိစ္စ


—————————————


2003 BLR 210


ဦးခင်မောင်လင်းပါ၁၀ နှင့် ဦးလှမြင့်ပါ၂


တရားရုံးချုပ်တရားသူကြီးဦးစိန်လှိုင်၏ရှေ့တွင်


တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။  ။တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆(၁)တွင်တရားရုံးတရုံးကမူလစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သောဒီကရီအရပ်ရပ်ကိုအယူခံဝင်ခွင့်ရှိသည်ဟုပြဌာန်းထားသည်။


မန္တလေးတိုင်းတရားရုံးကပြင်ဆင်မှုအာဏာကိုကျင့်သုံး၍ချမှတ်သောအမိန့်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၉၆(၁)အရအယူခံဝင်ခွင့်ရှိသည်ဟုမဆိုနိုင်ပေ။ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်းပါ၂(၁၉၈၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၄၈)အမှုကိုရည်ညွှန်းသည်။


ထပ်မံဆုံးဖြတ်ချက်။  ။အယူခံဝင်ခွင့်မရှိသောအမိန့်ကိုပြင်ဆင်မှုလျှောက်ထားနိုင်သည်။


တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ၈(ခ)အရဖြည့်စွက်ထားသည့်ယင်းဥပဒေပုဒ်မ၏ခြွင်းချက်တွင်အဆိုပါဥပဒေပုဒ်မပါပြဌာန်းချက်များသည်တရားရုံးတရုံးရုံးကပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံး၍သော်လည်းကောင်း၊အယူခံမှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံး၍သော်လည်းကောင်းဆုံးဖြတ်သည့်အမှုများနှင့်မသက်ဆိုင်စေရဟုပြဌာန်းထားသည်။


မန္တလေးတိုင်းတရားရုံးကပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာဖြင့်ချမှတ်သည့်အမိန့်ကိုအယူခံမှုသော်လည်းကောင်း၊ပြင်ဆင်မှုသော်လည်းကောင်းလျှောက်ထားပိုင်ခွင့်မရှိပေ။”


——————————————


၂၀၀၀ပြည့်နှစ်၊ဇူလိုင်လ၁၂ရက်နေ့စွဲပါ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၆/၂၀၀၀အရ၊တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေထုတ်ပြန်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅နှင့်ပတ်သက်၍ပြင်ဆင်ချက်မှာအောက်ပါအတိုင်းဖြစ်သည်-


၈။(က)တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်ပါရှိသော”the High Court”ဆိုသည့်စကားရပ်အသီးသီးနောက်၌”or the State or Divisional Court or the District Court”ဆိုသည့်စကားရပ်ကိုဖြည့်စွက်ရမည်။


၈။(ခ)တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်အောက်ပါခြွင်းချက်ကိုဖြည့်စွက်ရမည်-


"Provided that this provision shall not apply to the record of any case which has been decided by any Court in the exercise of its revisional jurisdiction or its appellate jurisdiction."


———————————————-


၂၀၀၈ခုနှစ်၊ဩဂုတ်လ၂၈ရက်နေ့စွဲပါ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၆/၂၀၀၈အရ၊တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေထုတ်ပြန်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅နှင့်ပတ်သက်၍ပြင်ဆင်ချက်မှာအောက်ပါအတိုင်းဖြစ်သည်-


၈။တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅၏ခြွင်းချက်နောက်တွင်အောက်ပါခြွင်းချက်ကိုဖြည့်စွက်ရမည်-


"Provided also that nothing in this proviso shall affect the power of Supreme Court in the exercise of its revisional jurisdiction"


—————————————————


2003 BLR 210 အမှုကိုကြားနာဆုံးဖြတ်စဉ်အခါက၊အထက်ဖော်ပြပါတရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ကိုပြင်ဆင်ထားသည့်လက်ရှိအခြေအနေကိုထောက်ချင့်၍အထက်ပါအတိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


———————————————


သို့သော်၂၀၁၄ခုနှစ်၊ဇူလိုင်လ၃ရက်နေ့စွဲပါ၊၂၀၁၄ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၂၉အရ၊တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေထုတ်ပြန်ရာတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅နှင့်ပတ်သက်၍ထပ်မံပြင်ဆင်ချက်မှာအောက်ပါအတိုင်းဖြစ်သည်-


၁၆။တရားမကျင့်ထုံးဥပဒေတွင်-


(က)ပုဒ်မ၁၁၅၌ပါရှိသော "the High Court or the State or Divisional Court or the District Court "ဆိုသည့်စကားရပ်ကို “the Supreme Court of the Union, or the High Court of the Region or the High Court of the State, or the Court of the Self-administered Division or the Court of the Self-administered Zone, or the District Court"ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။


(ခ)ပုဒ်မ၁၁၅၏ပထမခြွင်းချက်နှင့်ဒုတိယခြွင်းချက်တို့ကိုပယ်ဖျက်ရမည်။


—————————————-


၂၀၁၄ခုနှစ်၊ဇူလိုင်လ၇ရက်နေ့စွဲပါ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ညွှန်ကြားချက်အမှတ်၁/၂၀၁၄တွင်၊တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေတွင်အဓိကကျသည့်ပြင်ဆင်ချက်များကိုဖော်ပြရာ၌တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅နှင့်ပတ်သက်သည့်အချက်များမှာအောက်ပါအတိုင်းဖြစ်သည်-


ပုဒ်မ၁၁၅။ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးသို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးသို့မဟုတ်ခရိုင်တရားရုံးသည်လက်အောက်ခံတရားရုံးတရုံးရုံးကဆုံးဖြတ်ထား၍၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးသို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးသို့မဟုတ်ခရိုင်တရားရုံးတွင်အယူခံဝင်ခွင့်မရှိသောမည်သည့်အမှု၏အမှုတွဲကိုမဆိုတောင်းခေါ်ကာ၎င်းလက်အောက်ခံတရားရုံးက-


(က)၎င်းအားတရားဥပဒေအရအပ်နှင်းထားခြင်းမရှိသည့်စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးခဲ့ကြောင်းသို့မဟုတ်


(ခ)ဤသို့အပ်နှင်းထားသည့်စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရန်ပျက်ကွက်ခဲ့ကြောင်းသို့မဟုတ်


(ဂ)၎င်း၏စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာတွင်တရားဥပဒေနှင့်မညီဘဲဖြစ်စေ၊အရေးပါသောနည်းလမ်းမကျမှုဖြင့်ဖြစ်စေဆောင်ရွက်ခဲ့ကြောင်းထင်မြင်ယူဆလျှင်ယင်းအမှုတွင်သင့်သည်ထင်မြင်သည့်အတိုင်းအမိန့်ချမှတ်နိုင်သည်။


၃။(ခ)ပြင်ဆင်ထားသည့်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးသို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးသို့မဟုတ်ခရိုင်တရားရုံး၏လက်အောက်ခံတရားရုံးတရုံးရုံးကဆုံးဖြတ်ထားသည့်အယူခံဝင်ခွင့်မရှိသောအမှု၏အဆုံးအဖြတ်အပေါ်စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးအဆင့်ဆင့်တွင်ပြင်ဆင်မှုတင်သွင်းနိုင်သည်။


တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်သည်ခရိုင်တရားရုံးကပြင်ဆင်မှုတွင်ချမှတ်သည့်အမိိန့်အပေါ်ထပ်မံတင်သွင်းလာသည့်ပြင်ဆင်မှုကိုစီရင်ပိုင်ခွင့်ရှိသည်။


၄။သို့ဖြစ်ပါ၍ပြင်ဆင်ထားသည့်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀(၁)၊၁၀၂၊၁၁၅တို့အရအယူခံမှုများ၊ပြင်ဆင်မှုများတင်သွင်းလာပါကစီရင်ပိုင်ခွင့်ရှိသည့်တရားရုံးအသီးသီးကဥပဒေနှင့်အညီလက်ခံစစ်ဆေးစီရင်ရန်ညွှန်ကြားလိုက်သည်။


——————————


အထက်ပါတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပြင်ဆင်ချက်အရ၊ 2003 BLR 210 စီရင်ထုံးကိုလိုက်နာရန်မဟုတ်တော့။


——————————-


သတိချပ်ရန်အချက်မှာပြင်ဆင်မှုတင်သွင်းသူသည်၊မိမိနစ်နာမှုကိုအခြားနည်းကုစားနိုင်ရန်လမ်းပွင့်နေပါကပြင်ဆင်မှုတွင်စွက်ဖက်မည်မဟုတ်ဟူသောတရားစီရင်ရေးမူသည်၊အတည်တကျဖြစ်လျက်ရှိသည်မှာမငြင်းနိုင်။


တရားမပြင်ဆင်မှုဘောင်တွင်အကျုံးမဝင်သောပြင်ဆင်မှုများကိုလက်ခံကြားနာဆုံးဖြတ်ခြင်းသည်၊ပြင်ဆင်မှုတရားရုံးများ​၏အချိန်ကိုအလဟဿဖြုန်းတီးရာရောက်သည်။


ယခင်ကပြင်ဆင်မှုတရားရုံးသည်တရားလွှတ်တော်သာဖြစ်သည်။


ယခုခရိုင်တရားရုံး၊တရားလွှတ်တော်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင်ပြင်ဆင်မှုတမှုပြီးတမှုတင်သွင်းခွင့်ရနေခြင်းသည်ဖြစ်သင့်မသင့်၊ဥပဒေပြုအဖွဲ့ကပြန်လည်စိစစ်သင့်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆၊ပုဒ်မ၁၀၀၊ပုဒ်မ၁၀၉(က)တို့တွင်၊တင်သွင်းသောတရားမအယူခံတို့ကိုအမျိုးမျိုးဘောင်ခတ်ထားသည်။


တရားမပြင်ဆင်မှုတွင်မူ၊သုံးဆင့်သောတရားရုံးတို့သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါ၊အခွင့်အာဏာတခုတည်းကိုထပ်တလဲလဲသုံးခွင့်ရခြင်းသည်ဖြစ်သင့်ပါသလား။


ထိုသို့မဖြစ်စေရန်ယခင်ကတရားလွှတ်တော်တခုတည်းကိုသာ၊ပြင်ဆင်မှုအာဏာအပ်နှင်းထားခြင်းဖြစ်သည်။


ယခင်တရားလွှတ်တော်ချုပ်တွင်တရားမပြင်ဆင်မှုအာဏာမရှိ။


တရားလွှတ်တော်တွင်သာထိုအခွင့်အာဏာကိုသုံးစွဲသဖြင့်၊ပြင်ဆင်မှုများတွင်ချမှတ်သောအဆုံးအဖြတ်တို့သည်၊ညီညွတ်(consistent)ခဲ့သည်။


ယခုအခါပြင်ဆင်မှုတရားရုံး(အရေအတွက်အားဖြင့်ငါးဆယ်ထက်နည်းမည်မဟုတ်)တို့က၊ထိုအခွင့်အာဏာကိုသုံးစွဲရာတွင်မူ၊ထိုသို့ညီညွတ်မှု(consistency)ရှိမရှိ၊ဥပဒေကော်မရှင်ဖွဲ့၍စိစစ်သင့်သည်။


တနည်းအားဖြင့်၊တရားရေးဝန်ထမ်းအဆင့်(၂)ကဲ့သို့၊ဥပဒေပညာမရင့်ကျက်သေးသောတရားသူကြီးက၊သိမ်မွေ့သောဥပဒေပြဿနာသက်ဝင်သည့်တရားမပြင်ဆင်မှုကိုစီရင်သင့်ပါသလား။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]