ပြုပြင်၍မရသောအမှားများ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြုပြင်၍မရသောအမှားများဆိုသည်မှာ၊အမှုပုံစံမှား၍စွဲခြင်း၊ကျင့်ထုံးမှားယွင်းခြင်းအစရှိသည်တို့ကြောင့်အရေးနိမ့်ခဲ့ရာတွင်ကာလစည်းကမ်းသတ်ကျော်မှု၊မီးသေမှုနှင့်တရားမကျင့်ထုံးဥပဒေပါအခြားတားမြစ်ပိတ်ပင်မှုများကြောင့်အမှုမှန်၊အမှုသစ်ထပ်မံစွဲဆိုခွင့်မရတော့ဘဲအရှုံးနှင့်သာစခန်းသတ်လိုက်ရသဖြင့်အမှားကိုပြုပြင်၍မရတော့ခြင်းဖြစ်ပါသည်။
ကျူးလွန်ပြီးသောအမှားများကိုဖော်ထုတ်လေ့လာခြင်းဖြင့်ယင်းအမှားမျိုးကိုရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
ကြားဖြတ်အမိန့်များကိုပြင်ဆင်မှုတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရပြင်ဆင်နိုင်ခြင်းရှိမရှိအလျင်စလိုတင်သွင်းခြင်းမပြုရန်သင်ခန်းစာယူသင့်ပါသည်။
မှားယွင်းသောကြားဖြတ်အမိန့်များသည်နောက်ဆုံးအမှု၏အဆုံးအဖြတ်ကိုထိခိုက်စေမည်ဖြစ်လျင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)အရမူလအမှုတွင်ချမှတ်သောဒီကရီအပေါ်တင်သွင်းသောအယူခံတွင်တင်ပြခွင့်ရှိပါသည်။
အယူခံတရားပြိုင်ဘက်မှအမိန့်၄၁၊နည်း၂၂(၁)အရတင်ပြလျောက်ထားခွင့်ရှိပါသည်။
အမှုတွင်ကာလစည်းကမ်းသတ်ကိစ္စ၊မီးသေသည့်ကိစ္စတို့ကိုအယူခံတွင်တင်ပြခွင့်ရှိပါသည်။
အောက်ရုံးအမိန့်များအပေါ်ပြင်ဆင်မှုတင်သွင်းရာ၌မအောင်မြင်ခြင်းကြောင့်အယူခံတွင်တင်ပြခွင့်ဆုံးရှုံးသွားနိုင်ပါသည်။
သာဓကကို၊၁၉၉၅ခုနှစ်တရားမအထူးအယူခံမှုအမှတ်၁၆နှင့်၁၇(ဦးတင်မောင်ပါ၆/ဒေါ်လှကြည်ပါ၉ နှင့် ဒေါ်သန်းကြည်ပါ၁၆/ဒေါ်အုန်းမေပါ၁၆)အမှုတွင်တွေ့မြင်နိုင်ပါသည်။
မန္တလေးတိုင်းတရားရုံးတရားမကြီးမှုအမှတ်၃/၈၃တွင်ပဏာမဒီကရီချမှတ်ပြီးနောက်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၆၊နည်း၁၁အရကွယ်လွန်သူဒေါ်ဘီကျန်ရစ်သောအမွေပစ္စည်းများနှင့်ကွယ်လွန်သူဦးတင်ရွှေကျန်ရစ်သောအမွေပစ္စည်းများကိုစာရင်းကောက်ယူစေရန်နှင့်အမိန့်၂၆၊နည်း၁၃အရချမှတ်ထားသည့်ပဏာမဒီကရီနှင့်အညီအမွေပုံပစ္စည်းခွဲဝေပေးရန်အတွက်ကော်မရှင်နာခန့်အပ်တာဝန်ပေးခဲ့သည်။
ကော်မရှင်နာကတရားမကျင့်ထုံးဥပဒေအမိိန့်၂၆၊နည်း၁၁အရပေးအပ်သည့်တာဝန်အတိုင်းစုံစမ်းမှုပြုလုပ်ပြီးနောက်၊ဦးတင်ရွှေ၊ဒေါ်ဘီတို့၏အမွေပစ္စည်းအဖြစ်ကျန်ရစ်ခဲ့ကြောင်းအစီရင်ခံစာတင်ပြသည်။
ဦးတင်မောင်နှင့်ဦးဘချိုတို့ကအချင်းဖြစ်ပစ္စည်းများသည်ဦးတင်ရွှေ၊ဒေါ်ဘီတို့၏အမွေဆိုင်ပစ္စည်းများမဟုတ်ဘဲအစုစပ်လုပ်ငန်းပိုင်ပစ္စည်းများသာဖြစ်ကြောင်းဖော်ပြ၍ကော်မရှင်နာ၏အစီရင်ခံစာကိုကန့်ကွက်သည်။
တိုင်းတရားရုံးကကော်မရှင်နာ၏အစီရင်ခံစာကိုအတည်ပြုသည်။
ဦးတင်မောင်နှင့်ဦးဘချိုတို့ကအဆိုပါအမိန့်ကိုမကျေနပ်၍တရားရုံးချုပ်(မန္တလေးရုံးထိုင်)သို့တရားမပြင်ဆင်မှုအမှတ်၃၁၇/၉၀အရပြင်ဆင်မှုလျောက်ထားခဲ့သော်လည်းမအောင်မြင်။
တရားရုံးချုပ်အထူးအယူခံမှုတွင်အောက်ပါအတိုင်းသုံးသပ်သည်-
“မန္တလေးတိုင်းတရားရုံးတရားမကြီးမှုအမှတ်၃၀၂/၈၉တွင်ဦးဘချိုနှင့်ဦးတင်မောင်တို့အဆိုပြုသည့်အချင်းဖြစ်ပစ္စည်းများသည်ဒေါ်ဘီနှင့်ဦးတင်ရွှေတို့ကျန်ရစ်ခဲ့သည့်အမွေပုံပစ္စည်းမဟုတ်ဘဲအစုစပ်လုပ်ငန်းပိုင်ပစ္စည်းဖြစ်သည်ဆိုသည့်အကြောင်းပြချက်နှင့်စပ်လျဉ်း၍ကော်မရှင်နာ၏အစီရင်ခံစာအားအတည်ပြုစဉ်ကပင်အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်သည်။တိုင်းတရားရုံး၏ဆုံးဖြတ်ချက်ကိုတရားရုံးချုပ်ကအတည်ပြုခဲ့ပြီးဖြစ်သည်။”
ထိုအချိန်ကအတည်ဖြစ်လျက်ရှိသော၂၀၀၀ပြည့်နှစ်တရားစီရင်ရေးဥပဒေပုဒ်မ၇အရ၊တရားရုံးချုပ်ပြင်ဆင်မှုတွင်ဆုံးဖြတ်သောစီရင်ချက်ကိုအထူးအယူခံဝင်ခွင့်မရတော့ပါ။
ထိုစီရင်ချက်မှားသည်ဟုအပြီးသတ်ဒီကရီမှပေါ်ပေါက်သောအထူးအယူခံတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)အရတင်ပြခွင့်ရှိပါသလား ?
တရားရုံးချုပ်တွင်ပြင်ဆင်မှုကိုဆုံးဖြတ်သောတရားသူကြီးအရေအတွက်နှင့်အပြီးသတ်ဒီကရီမှတင်သွင်းသောအယူခံကိုဆုံးဖြတ်သောတရားသူကြီးအရေအတွက်တူပါက(တူရန်အကြောင်းများပါသည်) A I R 1951 Hyd 132 စီရင်ထုံးအရအယူခံမှုကိုဆုံးဖြတ်သောတရားသူကြီးသည်ပြင်ဆင်မှုတွင်ချမှတ်သောစီရင်ချက်နှင့်ကွဲလွဲဆုံးဖြတ်ခွင့်မရှိ၍အထူးအယူခံတွင်ပုဒ်မ၁၀၅(၁)အရတင်ပြခွင့်မရှိပါ။
သို့ပါ၍ကော်မရှင်နာ၏အစီရင်ခံစာကိုအတည်ပြုသောတိုင်းတရားရုံး၏အမိန့်ကိုပြင်ဆင်မှုမတက်ဘဲအပြီးသတ်ဒီကရီကိုတင်သွင်းသောအယူခံမှု၌တရားရုံးချုပ်တရားမပထမအယူခံတွင်တိုင်းတရားရုံး၏အမိန့်မှားယွင်းကြောင်းပုဒ်မ၁၀၅(၁)အရတင်ပြခွင့်ရှိမည့်အပြင်တရားရုံးချုပ်ကတရားမပထမအယူခံတွင်တိုင်းတရားရုံး၏ဆုံးဖြတ်ချက်ကိုအတည်ပြုလျင်၊အထူးအယူခံ၌တရားရုံးချုပ်၏အဆုံးအဖြတ်အပေါ်အယူခံဝင်ခွင့်ရနိုင်ပါသည်။
Comments
Post a Comment