တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပြင်ဆင်မှုလျှောက်ထားခြင်းမပြုစေကာမူ၊ထိုအမှုတွင်ချမှတ်သည့်ဒီကရီကိုအယူခံဝင်ရာ၌၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅အရထိုအမိန့်မှားယွင်းကြောင်း၊ချွတ်ချော်ကြောင်း၊နည်းလမ်းမကျကြောင်းကိုအယူခံအကြောင်းပြချက်တရပ်အဖြစ်ဖော်ပြအယူခံဝင်နိုင်သည်။


——————————————


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


“အခြားနည်းအတိအလင်းပြဌာန်းထားသည့်အတိုင်းမှတပါးမူလစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ၊အယူခံစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေကျင့်သုံးလျက်တရားရုံးတရုံးရုံးကချမှတ်သောအမိိန့်ကိုအယူခံဝင်ခွင့်မရှိစေရ။သို့သော်ဒီကရီကိုအယူခံဝင်ရာတွင်အမှုအဆုံးအဖြတ်ကိုထိခိုက်သောအမိိန့်တရပ်ရပ်ပါမှားယွင်းမှု၊ချွတ်ယွင်းမှုသို့မဟုတ်နည်းလမ်းမကျမှုတရပ်ရပ်ကိုအယူခံလွှာ၌ကန့်ကွက်ရန်အကြောင်းပြချက်အဖြစ်ဖော်ပြနိုင်သည်။”


“Save as otherwise expressly provided”ဟူသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆၊၁၀၀၊၁၀၄တို့တွင်ပြဌာန်းချက်မှတပါးဟုဆိုလိုသည်။


——————————————


A I R 1943 Madras 3 အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-

Narayan Nambissan v Krishnan Nair

“တရားမကြီးမှုတမှုတွင်ချမှတ်သောကြားဖြတ်အမိန့်ကိုအယူခံဝင်နိုင်သည်လည်းရှိသည်(ပုဒ်မ၁၀၄)၊အယူခံမဝင်နိုင်သည်လည်းရှိသည်။


ကြားဖြတ်အမိိန့်ကိုအယူခံဝင်နိုင်စေကာမူအမိိန့်ချမှတ်ခြင်းခံရသည့်အမှုသည်သည်အယူခံဝင်ရန်တာဝန်မရှိ။


ထိုအမိိန့်ကိုချမှတ်သည့်အမှုတွင်(အမှုပြီးသောအခါ)ချမှတ်မည့်ဒီကရီကိုအယူခံဝင်သည့်အခါကျမှအယူခံအကြောင်းပြချက်များတွင်ထိုအမိိန့်မှာမှားယွင်းကြောင်းထည့်သွင်းတင်ပြနိုင်သည်။


တနည်းဆိုရသော်အယူခံဝင်နိုင်သည့်အမိန့်ကိုသီးခြားအယူခံခြင်းမပြုဘဲအမှု၌နောက်ဆုံးချမှတ်သည့်ဒီကရီကိုအယူခံဝင်ရာ၌အယူခံအကြောင်းပြချက်တရပ်အဖြစ်ထည့်သွင်းအယူခံရန်ပုဒ်မ၁၀၅တွင်ခွင့်ပြုထားသည်။”


[ The present section makes it quite clear that an order appealable under section 104 may be questioned under section 105 in an appeal from the decree in the suit although no appeal from the Order has been preferred under section 104. ]


———————————


1990 BLR 34(39)


ဒေါ်တင်ကြည် နှင့် ဦးစန်းမြင့်ပါ၂


တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးအေးအုန်း၊ဦးကျော်တင့်နှင့်ဦးမျိုးထွန်းလင်း၊ဦးကျော်ဝင်းတို့ရှေ့တွင်


တရားရုံးချုပ်စုံညီခုံရုံးက၊စီရင်ထုံးစာမျက်နှာ၃၉တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“xxxxxxxxxxxကြားဖြတ်အမိန့်တရပ်ချမှတ်ပြီးနောက်အမှုကိုအပြီးသတ်ဆုံးဖြတ်လိုက်လျှင်ယေဘုယျအားဖြင့်အပြီးသတ်ဆုံးဖြတ်ချက်ကိုသာအယူခံဝင်နိုင်မည်ဖြစ်သည်။ထိုသို့အယူခံဝင်ရာတွင်ကြားဖြတ်အမိိန့်နှင့်စပ်လျဉ်း၍တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)တွင်ခွင့်ပြုထားသည့်အတိုင်းအကြောင်းပြချက်တရပ်အဖြစ်တင်ပြလျှောက်ထားခွင့်ရှိသည်။ဤကားယေဘုယျဥပဒေသဖြစ်သည်။”


—————————————-


2012 BLR 71


ဦးမောင်ကြီး နှင့် ဒေါ်သီတာပါ၅


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင်


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။  ။တရားမကြီးမှုတမှုတွင်ချမှတ်သောကြားဖြတ်အမိန့်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄အရအယူခံဝင်နိုင်သည်လည်းရှိသည်။အယူခံမဝင်နိုင်သည်လည်းရှိသည်။ကြားဖြတ်အမိန့်ကိုအယူခံဝင်နိုင်စေကာမူအမိန့်ချမှတ်ခြင်းခံရသည့်အမှုသည်သည်အယူခံဝင်ရန်တာဝန်မရှိပေ။ထိုအမှုကိုအပြီးသတ်ဒီကရီချမှတ်သည့်အခါထိုအပြီးသတ်ဒီကရီကိုအယူခံဝင်သည့်အခါကျမှအယူခံအကြောင်းပြချက်များတွင်ကြားဖြတ်အမိန့်မှာမှားယွင်းကြောင်းထည့်သွင်းတင်ပြနိုင်သည်။တနည်းဆိုရသော်အယူခံဝင်နိုင်သည့်အမိန့်ကိုသီးခြားအယူခံဝင်ခြင်းမပြုဘဲအမှု၌နောက်ဆုံးချမှတ်သည့်ဒီကရီကိုအယူခံဝင်ရာ၌အယူခံအကြောင်းပြချက်တရပ်အဖြစ်ထည့်သွင်းအယူခံရန်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅တွင်ခွင့်ပြုထားသည်။ကြားဖြတ်အမိန့်ကိုအယူခံမဝင်နိုင်စေကာမူအမှုတွင်ချမှတ်သည့်ဒီကရီကိုအယူခံဝင်ရာ၌ထိုအမိန့်မှားယွင်းကြောင်း၊ချို့ယွင်းကြောင်း၊နည်းလမ်းမကျကြောင်းကိုအယူခံအကြောင်းပြချက်တရပ်အဖြစ်ဖြင့်ဖော်ပြအယူခံဝင်နိုင်သည်။ဒေါ်တင်ကြည် နှင့် ဦးစန်းမြင့်ပါ၂အမှု(၁၉၉၀ပြည့်နှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၃၄(၃၉)ကိုကြည့်ပါ။


ကော်မရှင်နာအစီရင်ခံစာနှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သည့်အမိန့်အပေါ်အယူခံဝင်ခွင့်မရှိသဖြင့်မလွဲမသွေပြင်ဆင်မှုလျှောက်ထားရန်လိုသည်ဟုယူဆခြင်းမှာအစဉ်အဆက်မှားယွင်းခဲ့သည့်အယူအဆဖြစ်သည်။


ကော်မရှင်နာ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သည့်အမိန့်ကိုပြင်ဆင်မှုလျှောက်ထားခြင်းမပြုစေကာမူထိုအမှုတွင်ချမှတ်သည့်အပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅အရထိုအမိိန့်မှားယွင်းကြောင်း၊ချို့ယွင်းကြောင်း၊နည်းလမ်းမကျကြောင်းကိုအယူခံအကြောင်းပြချက်တရပ်အဖြစ်ဖော်ပြအယူခံဝင်နိုင်သည်။”


“ထပ်မံဆုံးဖြတ်ချက်။  ။ကော်မရှင်နာ၏အစီရင်ခံစာကိုအတည်ပြုခြင်း၊ပြင်ဆင်ခြင်းနှင့်ထိုသို့အတည်ပြုသည့်အတိုင်းပြောင်းလဲပြင်ဆင်သည့်အတိုင်းအပြီးသတ်ဒီကရီချမှတ်ခြင်းတို့သည်တဆက်တည်းဆောင်ရွက်ခြင်း(same transaction)ဖြစ်၍အယူခံရုံးကမူလရုံး၏အပြီးသတ်ဒီကရီပယ်ဖျက်လိုက်သည့်အခါကော်မရှင်နာ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍ချမှတ်သည့်တရားရုံး၏အမိန့်သည်တပါတည်းပယ်ဖျက်ပြီးဖြစ်ပေသည်။”


——————————-


အထက်ဖော်ပြပါဥပဒေသဘောကိုခြုံငုံနားလည်နိုင်စေရန်အတွက်၊ A I R 1943 Madras 3 ၊ 1990 BLR 34(39) ၊ 2012 BLR 71 စီရင်ထုံးများကိုပူးတွဲမှတ်သားဖတ်ရှုလေ့လာရန်လိုပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]