အမွေဆိုင်တဦးလက်ရှိထားခြင်းသည်၊အခြားပူးတွဲအမွေဆိုင်များကိုသာမန်အားဖြင့်ဆန့်ကျင်ရာမရောက်ခြင်း ဦးဘဖေအမှု၊၁၉၆၆ မတစ ၇၂၇ မည်သည့်အခါလက်ရှိထားခြင်းဖြစ်ကြောင်းပြဆိုသော ဒေါ်ကြင်သန်းအမှု၊၁၉၉၈ မတစ ၁၄၇(စုံညီ) စီရင်ထုံးနှစ်ရပ်ကိုပူးတွဲလေ့လာရန်လိုသည်။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမွေဆိုင်တဦးလက်ရှိထားခြင်းသည်၊အခြားပူးတွဲအမွေဆိုင်များကိုသာမန်အားဖြင့်ဆန့်ကျင်ရာမရောက်ခြင်း

ဦးဘဖေအမှု၊၁၉၆၆ မတစ ၇၂၇


မည်သည့်အခါလက်ရှိထားခြင်းဖြစ်ကြောင်းပြဆိုသော

ဒေါ်ကြင်သန်းအမှု၊၁၉၉၈ မတစ ၁၄၇(စုံညီ)


စီရင်ထုံးနှစ်ရပ်ကိုပူးတွဲလေ့လာရန်လိုသည်။

———————————


1966 BLR 727 


ဦးဘဖေပါ၆ နှင့် မချိုတီး(ခေါ်)မညွန့်ပါ၂


တရားသူကြီးဦးသက်ဖေရှေ့တွင်


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၇၂၉နှင့်၇၃၀၌တရားသူကြီးဦးသက်ဖေကအောက်ပါအတိုင်းသုံးသပ်သည်-


“ဤအမှုတွင်အရေးတကြီးစဉ်းစားရမည့်ပြဿနာတရပ်သာရှိသည်။ထိုပြဿနာမှာကွယ်လွန်သူဒူခန်ရမ်းနှင့်ဒေါ်တုတ်တို့၏အမွေပုံပစ္စည်းများကိုအမွေဆိုင်များဖြစ်ကြသည့်၎င်းတို့၏သားသမီးများကခွဲဝေပြီးမပြီးဆိုခြင်းပင်ဖြစ်သည်။အကယ်၍ခွဲဝေပြီး၍အခင်းဖြစ်မြေကိုမထွေးကရရှိခဲ့ပြီးဖြစ်လျင်ကျန်အမွေဆိုင်များဖြစ်ကြသည့်မမျှင်၊မအတင်၊မောင်ဘအေးနှင့်မအပုတို့တွင်ထိုမြေအားရောင်းချပိုင်ခွင့်ရှိတော့မည်မဟုတ်သောကြောင့်မချိုတီးနှင့်မသိန်းမြတို့အမှုကိုပယ်ရပေမည်။အကယ်၍ခွဲဝေခြင်းမရှိကမထွေး၏ပိုင်ဆိုင်မှုမှာအမွေဆိုင်အားလုံးအတွက်ပိုင်ဆိုင်ခြင်းသာဖြစ်သည်ဟုကောက်ယူရမည်ဖြစ်ပြီး၊မချိုတီးနှင့်မသိန်းမြတို့အမှုကိုအနိုင်ပေးရပေမည်။”


စီရင်ထုံးစာမျက်နှာ၇၃၀နှင့်၇၃၁တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“မထွေးသည်ယင်းသို့မခွဲဝေရသေးသည့်အမွေပုံပစ္စည်းအပေါ်လက်ရှိနေထိုင်ခဲ့ခြင်းမှာအခြားအမွေဆိုင်များ၏ပိုင်ဆိုင်ခွင့်ကိုဆန့်ကျင်၍နေထိုင်ခဲ့သည်ဟုမဆိုနိုင်ပေ။ဒေါ်တုတ်သေဆုံးပြီးနောက်၊၎င်း၏သမီးများဖြစ်ကြသည့်မရွှေသက်နှင့်မအေးတို့သည်ထိုမြေပေါ်၌နေထိုင်ခဲ့ကြပြီး၊ထိုမြေပေါ်၌ပင်ကွယ်လွန်ခဲ့ကြကြောင်းမထွေး၏သက်သေတဦးဖြစ်သူဦးဘညိုကထွက်ဆိုသွားသည့်အပြင်မထွေးသည်အခြားအမွေဆိုင်များ၏အခွင့်အရေးကိုပေါ်လွင်ထင်ရှားစွာဆန့်ကျင်လျက်ပိုင်ဆိုင်ခဲ့သည်ဆိုသောလုံလောက်သည့်သက်သေအထောက်အထားမရှိသောကြောင့်၎င်းသည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၁၄၄အရ၊အခင်းဖြစ်မြေအပေါ်ဆန့်ကျင်ဘက်ပိုင်ဆိုင်သူတယောက်ဖြစ်လာခဲ့သည်ဟုမယူဆနိုင်ပေ။၎င်း၏ပိုင်ဆိုင်မှုမှာအမွေဆိုင်အားလုံးအတွက်ဖြစ်သည်ဟုကောက်ယူရန်သာရှိပေသည်။မောင်အောင်ထွန်း နှင့် မောင်စံညွန့်(အတွဲ၅၊ရန်ကုန်စီရင်ထုံး၊စာ၅၇၆)အမှုကိုကြည့်ပါ။”


စီရင်ထုံးစာမျက်နှာ၇၃၁၊နိဂုံးပိုင်းတွင်တရားသူကြီးဦးသက်ဖေကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“ယခုအမှုတွင်မထွေးသည်အခြားအမွေဆိုင်များကအခင်းဖြစ်မြေနှင့်ပတ်သက်၍၎င်းတို့ဝေစုများအားအယူခံတရားခံများသို့ရောင်းချခဲ့သည့်အရောင်းအဝယ်စာချုပ်အားပယ်ဖျက်ရန်တရားစွဲဆိုခဲ့ခြင်းမရှိသေးပေ။သို့ဖြစ်ရာအယူခံတရားခံတို့ကိုးကားခဲ့သောအရောင်းအဝယ်စာချုပ်မှာခိုင်မာတည်မြဲလျက်ပင်ရှိနေသည့်အလျောက်အယူခံတရားလိုတို့သည်အယူခံတရားခံတို့စွဲဆိုသောအမှုကိုခုခံခြင်းမပြုနိုင်ပေ။”

——————————


1998 BLR ( F B ) 147


ဒေါ်ကြင်သန်းပါ၈(ကိုယ်တိုင်နှင့်အမှတ်၂မှ၈ထိကိုယ်စားလှယ်စာရသူ) နှင့် ဒေါ်ဟယ်လင်ပါ၂


တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


အမှုတွင်၊ဥပဒေပြဿနာ(၂)ရပ်ကိုကြားနာပြီး၊ဆန့်ကျင်လက်ရှိထားသူကိုအနိုင်ပေးခဲ့သည်။


စုံညီခုံရုံးကအမွေဆိုင်တဦးဖြစ်သူကအချင်းဖြစ်ပစ္စည်းများကိုပိုင်ဆိုင်ကြောင်းအခြားအမွေဆိုင်တဦးဖြစ်သူအပေါ်တရားစွဲဆိုခြင်းသည်၊တဦးတည်းသောပိုင်ရှင်အဖြစ်လက်ရှိထားကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်ဖြစ်ကြောင်း၊အခြားအမွေဆိုင်အားလုံး၏အကျိုးသက်ဆိုင်မှုကိုဆန့်ကျင်ကြောင်းပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်ဟုအကြောင်းပြသည်။


စုံညီခုံရုံးကအကြောင်းပြချက်မျိုးစုံပြဆိုထားသော်လည်း၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၁၁(၁)ကိုရည်ညွှန်းဖော်ပြထားခြင်းမရှိပေ။


အဆိုပါပြဌာန်းချက်အရသေသူအမွေရှင်၏ပစ္စည်းအားလုံးသည်အမွေထိန်းထံသို့သက်ရောက်သည်။


အမွေထိန်းသည်သေသူ၏တရားဝင်ကိုယ်စားလှယ်လည်းဖြစ်သည်။


ထို့ကြောင့်အမွေထိန်းကိုဆန့်ကျင်လက်ရှိထားခြင်းသည်၊မူလပစ္စည်းပိုင်ရှင်မသေဆုံးခဲ့လျင်၊ထိုသူကိုဆန့်ကျင်လက်ရှိထားခြင်းနှင့်သဘောချင်းအတူတူပင်ဖြစ်သည်။


အခြားအမွေဆိုင်များကိစ္စအားထည့်သွင်းစဉ်းစားရန်အကြောင်းမရှိတော့ပေ။


စီရင်ထုံးပါဒုတိယဥပဒေပြဿနာကိုအဆုံးအဖြတ်ပေးရန်လိုမလို၊စောဒကတက်စရာရှိပါသည်။


အခြားအမွေဆိုင်များအနေဖြင့်၊ဆန့်ကျင်လက်ရှိထားခြင်းကိစ္စသိမသိသည်၊အဓိကမဟုတ်ကြောင်း၊စုံညီခုံရုံးကကိုးကားသော၊ A. I. R. 1937 Ran 180 နှင့် 1961 BLR ( H C ) 111 စီရင်ထုံးများအရ၊အတည်တကျဖြစ်လျက်ရှိသောဥပဒေသဖြစ်သည်။


သိခြင်း၊မသိခြင်းထက်၊လူမြင်သူမြင်ဟုတ်ခြင်း၊မဟုတ်ခြင်းကပို၍အရေးကြီးသည်။


ကာလစည်းကမ်းသတ်ဆိုင်ရာဥပဒေပြဿနာကိုဆုံးဖြတ်ရာတွင်၊တရားမျှတမှုပြဿနာမပေါ်ပေါက်။


ကာလစည်းကမ်းသတ်ဥပဒေကိုယ်တိုင်သည်ပင်လျင်၊တရားမျှတမှုရှိသောဥပဒေဟုပြောဆိုရန်ခက်ခဲလှသည်။


အမှုအမျိုးမျိုးအတွက်၊စည်းကမ်းသတ်အမျိုးမျိုးကိုသင့်တော်မည်၊ကောင်းမည်ထင်သလိုသတ်မှတ်ထားသည်ကိုတွေ့မြင်နိုင်သည်။


လက်တွေ့လိုအပ်ချက်အရစည်းကမ်းသတ်ကာလကိုသတ်မှတ်ရခြင်းဖြစ်သည်။


တရားမျှတမှုနှင့်တိုက်ရိုက်သက်ဆိုင်ခြင်းမရှိ။

—————————-


1998 BLR ( F B ) 147 အမှုတွင်စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။     ။အမွေဆိုင်တဦးဖြစ်သူဒေါ်ကီးကအချင်းဖြစ်မြေနှင့်အိမ်ကို၎င်းသာပိုင်ဆိုင်ကြောင်းအခြားအမွေဆိုင်တဦးဖြစ်သူတန်အိမ်ဖိုးအပေါ်တရားစွဲဆိုခြင်းသည်အချင်းဖြစ်မြေနှင့်အိမ်ကိုတဦးတည်းသောပိုင်ရှင်အဖြစ်လက်ရှိထားကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်ဖြစ်သည်။အခြားအမွေဆိုင်အားလုံး၏အကျိုးသက်ဆိုင်မှုကိုဆန့်ကျင်ကြောင်းပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။”


“ထပ်မံဆုံးဖြတ်ချက်။     ။ဒေါ်ကီးကတန်အိမ်ဖိုးအပေါ်တရားစွဲဆိုသည့်အချိန်မှစ၍ဒေါ်ကီးသည်အချင်းဖြစ်မြေနှင့်အိမ်ကိုပိုင်ရှင်တဦးတည်းအနေဖြင့်ပွင့်ပွင့်လင်းလင်းဆန့်ကျင်လက်ရှိထားပြီးဖြစ်ရာထိုအချိန်မှစ၍ကာလစည်းကမ်းသတ်ကိုရမည်ဖြစ်သည်။ဤသို့ဆန့်ကျင်လက်ရှိထားသည်ဟုဆုံးဖြတ်ခြင်းမှာဦးဘဖေ နှင့် မချိုတီအမှု(၁၉၆၆ မတစ ၇၂၇)တွင်ထုံးဖွဲ့ထားသည့်မူနှင့်ဆန့်ကျင်ခြင်းမရှိပေ။သာမန်အားဖြင့်အမွေဆိုင်တဦးကအမွေပုံပစ္စည်းတွင်လက်ရှိနေထိုင်ခြင်းမှာအမွေဆိုင်များ၏ပိုင်ဆိုင်ခွင့်ကိုဆန့်ကျင်ခြင်းမရှိသော်လည်းအမွေဆိုင်များ၏အကျိုးကိုဆန့်ကျင်မှုပြုသည့်အချိန်မှစ၍၎င်း၏ပိုင်ဆိုင်မှုမှာအမွေဆိုင်အားလုံးအတွက်ဖြစ်သည်ဟုမဆိုနိုင်တော့ပေ။လက်ရှိထားမှုအခြေအနေပြောင်းလွဲသွားသောကြောင့်ဖြစ်သည်။”


စုံညီခုံရုံးကစီရင်ထုံးစာမျက်နှာ၁၅၁နှင့်၁၅၂တွင်အမှတ်(၂)အယူခံတရားပြိုင်ဦးမြင့်အောင်ကလျှောက်လဲတင်ပြသောအချက်ကိုအောက်ပါအတိုင်းပြဆိုသည်-


“ဦးမြင့်အောင်ကဦးဘဖေပါ၆ နှင့် မချိုတီ(ခ)မညွန့်ပါ၂အမှု(၁၉၆၆ မတစ ၇၂၇)တွင်အမွေဆိုင်တဦးသည်အမွေပုံပစ္စည်းအပေါ်လက်ရှိနေထိုင်ခြင်းမှာအခြားအမွေဆိုင်များ၏ပိုင်ဆိုင်ခွင့်ကိုဆန့်ကျင်၍နေထိုင်ခဲ့သည်ဟုမဆိုနိုင်ကြောင်း၊၎င်း၏ပိုင်ဆိုင်မှုမှာအမွေဆိုင်အားလုံးအတွက်ဖြစ်သည်ဟုကောက်ယူရမည်ဟုထုံးဖွဲ့ထားကြောင်း၊ထို့ကြောင့်အမွေဆိုင်ဒေါ်ကီးကအမွေပုံပစ္စည်းပေါ်တွင်နေထိုင်ခြင်းကိုအခြားအမွေဆိုင်များအားဆန့်ကျင်လက်ရှိနေထိုင်သူဟုကောက်ယူပါကဖော်ပြပါစီရင်ထုံးနှင့်ဆန့်ကျင်မည်ဖြစ်ကြောင်းထပ်လောင်း၍တင်ပြလျှောက်လဲသည်။”


စီရင်ထုံးစာမျက်နှာ၁၅၃နှင့်၁၅၄တွင်စုံညီခုံရုံးကအောက်ပါအတိုင်းဆက်လက်အကြောင်းပြငည်-


“အမွေဆိုင်တဦးကမခွဲဝေရသေးသည့်အမွေပုံပစ္စည်းအပေါ်လက်ရှိနေထိုင်ခြင်းမှာအခြားအမွေဆိုင်များ၏ပိုင်ဆိုင်ခွင့်ကိုဆန့်ကျင်၍နေထိုင်သည်ဟုမဆိုနိုင်ကြောင်း၎င်း၏ပိုင်ဆိုင်မှုမှာအမွေဆိုင်အားလုံးအတွက်ဖြစ်ကြောင်းဦးဘဖေ နှင့် မချိုတီ(ခ)မညွန့်အမှုတွင်ထုံးဖွဲ့ထားရာအမွေဆိုင်တဦးဖြစ်သူဦးထွန်းဖေ၏ဇနီးဒေါ်ကီးသည်အမွေပုံပစ္စည်းတွင်ဆက်လက်နေထိုင်ရုံမျှဖြင့်ကျန်အမွေဆိုင်များအားဆန့်ကျင်လက်ရှိထားရာမရောက်သေးကြောင်းအငြင်းပွါးဘွယ်မရှိချေ။”


“ဒေါ်ကီးကယခင်ရန်ကုန်မြို့တရားမရုံးတော်၏၁၉၆၂ခုနှစ်တရားမကြီးမှုအမှတ်၁၁၅၅တွင်အချင်းဖြစ်မြေနှင့်အိမ်ကို၎င်း၏ခင်ပွန်းဦးထွန်းဖေနှင့်ပထမဇနီးဒေါ်ဪညှာတို့ကဝယ်ယူခဲ့သည်ဖြစ်၍၎င်းသာပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုကိုအမွေဆိုင်တဦးဖြစ်သူဦးထွန်းဖေနှင့်အဖေတူအမေကွဲညီတော်သူယခုအမှုမှအမှတ်(၈)တရားလိုဒေါ်ကြည်ကြည်ဝင်း၏ဖခင်တန်အိမ်ဖိုးအပေါ်တရားစွဲဆိုခဲ့သည်။


အမွေဆိုင်တဦးဖြစ်သူဒေါ်ကီးကအချင်းဖြစ်မြေနှင့်အိမ်ကို၎င်းသာပိုင်ဆိုင်ကြောင်းအခြားအမွေဆိုင်တဦးဖြစ်သူတန်အိမ်ဖိုးအပေါ်တရားစွဲဆိုခြင်းသည်အချင်းဖြစ်မြေနှင့်အိမ်ကိုတဦးတည်းသောပိုင်ရှင်အဖြစ်လက်ရှိထားကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်ဖြစ်သည်။အခြားအမွေဆိုင်အားလုံး၏အကျိုးသက်ဆိုင်မှုကိုဆန့်ကျင်ကြောင်းပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။


ဒေါ်ကီးကတန်အိမ်ဖိုးအပေါ်တရားစွဲဆိုခြင်းအားဖြင့်တန်အိမ်ဖိုးအပေါ်ဆန့်ကျင်လက်ရှိပြုလိုက်ကြောင်းမြင်သာပေသည်။ဤသို့တရားစွဲဆိုခြင်းသည်ကျန်အမွေဆိုင်များအားလုံး၏အကျိုးသက်ဆိုင်မှုကိုလည်းဆန့်ကျင်မှုပြုရာရောက်မရောက်စိစစ်ရန်လိုသည်။


မွန်ရှိဘက်ရှိအာမတ် နှင့် အင်၊အိပ်(ချ်)ဖတ်ရှာပီး(ဂ်)အမှု၊အေအိုင်အာ ၁၉၃၇ ရန်ကုန် ၁၈၀တွင်ဆန့်ကျင်လက်ရှိထားမှုသည်အကျိုးသက်ရောက်မှုရှိစေရန်ထိုသို့ထားရှိကြောင်းပိုင်ရှင်သိအောင်ပြုဖို့မလို၊ပိုင်ရှင်အနေဖြင့်အလေးဂရုပြုပါကဖြစ်ပျက်နေသည့်ကိစ္စကိုသိရှိနိုင်လောက်အောင်လက်ရှိထားမှုသည်ပွင့်လင်းပြီးဖုံးကွယ်ရန်အားထုတ်ခြင်းမပြုလျင်လုံလောက်ကြောင်းထုံးဖွဲ့သည်။


ဦးအောင်သာ နှင့် ကိုထွန်းခိုင်အမှု(၁၉၆၁ မတစ ၁၁၁ (လွှတ်တော်))တွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


"The characteristics of adverse possession are that the possession required must be adequate in continuity in publicity and in extent to show that it is adverse to the competitor and that it is not necessary that the adverse possession should be brought to the knowledge of the person against whom it is claimed, but is sufficient if the possession is overt and without any attempt at concealment, so the person against whom time is running out, if he exercised due vigilance, to be aware of what is happening.”


ဒေါ်ကီးကတန်အိမ်ဖိုးအပေါ်အချင်းဖြစ်မြေနှင့်အိမ်ကို၎င်းသာပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုခြင်းအားဖြင့်ဒေါ်ကီး၏လက်ရှိထားမှုသည်ပွင့်လင်းပြီးဖုံးကွယ်ရန်အားထုတ်ခြင်းမပြုကြောင်းထင်ရှားစေသည့်အချက်ဖြစ်သည်။ကျန်အမွေဆိုင်များအနေဖြင့်လည်းအလေးမူဂရုပြုပါကဖြစ်ပျက်နေသည့်ကိစ္စကိုမသိရှိနိုင်စရာအကြောင်းမရှိပေ။”


—————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]