1967 BLR 283 နှင့် 2002 BLR 260 စီရင်ထုံးများအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1967 BLR 283
ဦးသန်းမောင် နှင့် ဒေါ်ခင်ကြည်
တရားသူကြီးဦးထွန်းတင်နှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၈၈၌တရားသူကြီးဦးထွန်းတင်ကအောက်ပါအတိုင်းသုံးသပ်သည်-
“တဖန်သက်သေခံအမှတ်(က)ရေစစ္စရီစာချုပ်မှာမမှန်မကန်လိမ်လည်ချုပ်ဆိုထားသည့်စာချုပ်ဖြစ်သဖြင့်တရားခံဖြစ်သူအယူခံတရားခံတောင်းဆိုသည့်အတိုင်း၊အောက်ရုံးမှထိုစာချုပ်ကိုပယ်ဖျက်လိုက်သည်ဆိုသောဒီကရီကိုချမှတ်ပေးခဲ့ခြင်းမှာလုံလောက်သည့်တံဆိပ်တော်ခေါင်းထမ်းဆောင်ခဲ့ခြင်းမရှိဘဲချမှတ်ခဲ့ခြင်းဖြစ်သဖြင့်၎င်းအမိန့်နှင့်ဒီကရီကိုပယ်ဖျက်ပေးသင့်ပါသည်ဟုပြဆိုချက်နှင့်ပတ်သက်၍သက်သေခံချက်များကိုလေ့လာသောအခါ၊အောက်ရုံး၌တရားလိုဖြစ်သူအယူခံတရားလိုကတရားခံမခင်ကြည်သည်လုံလောက်သည့်တံဆိပ်တော်ခေါင်းထမ်းဆောင်ထားခြင်းမရှိသဖြင့်၊ထိုသက်သာခွင့်ကိုတောင်းဆိုနိုင်ရန်အခွင့်အရေးမရှိပါဟုငြင်းထားကြောင်းတွေ့ရသည်။
သို့သော်အောက်ရုံးမှ၎င်းအချက်နှင့်ပတ်သက်၍ကောက်ချက်ထုတ်နုတ်စစ်ဆေးခဲ့ခြင်းမရှိ။
တရားခံဖြစ်သူအယူခံတရားခံသည်ယခုကဲ့သို့အမှုမျိုးတွင်စာချုပ်ပျက်ပြယ်ကြောင်းမြွက်ဖော်သည့်ဒီကရီသက်သက်သာတောင်းဆိုခွင့်ရှိမရှိ။
တောင်းဆိုခွင့်မရှိသော်၎င်းထမ်းဆောင်ထားသည့်တံဆိပ်တော်ခေါင်းများမှာလုံလောက်ခြင်းဖြစ်မဖြစ်ဆိုသည်များကိုတိကျစွာစဉ်းစားဆုံးဖြတ်ထားခြင်းမရှိသည်ကိုတွေ့ရှိရသည်။
ယင်းအချက်နှင့်ပတ်သက်၍အယူခံတရားလိုကိုယ်တိုင်ကပင်၊အချင်းဖြစ်မြေနှင့်အိမ်ကိုအဘိုးငွေ၅၀၀၀နှင့်ဝယ်ယူခဲ့ကြောင်းဝန်ခံထားရကား၊သက်သေခံ(က)ရေစစ္စတြီစာချုပ်တွင်မူအရောင်းအဝယ်ကိုငွေ၃၀၀၀ထား၍သာပြုလုပ်ထားကြောင်းတွေ့ရှိရသဖြင့်၊ဝယ်ယူသည့်တန်ဘိုးနှင့်ပတ်သက်၍၊စာချုပ်မှာမမှန်မကန်ချုပ်ဆိုထားသည့်စာချုပ်ဖြစ်ကြောင်းထင်ရှားနေပေသည်။”
———————————
2002 BLR 260
ဒေါ်စဝ်ချစ်ဦး(ကွယ်လွန်သူဒေါ်စဝ်လိပ်လုံ၏တရားဝင်ကိုယ်စားလှယ်)ပါ၉ နှင့် ဦးစိုင်းရီ
တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးခင်မြင့်နှင့်ဦးစန်းတင့်ရီတို့၏ရှေ့တွင်
စီရင်ထုံးပါအမှုဖြစ်စဉ်ကိုလေ့လာကြည့်လျှင်ပဋိညာဉ်စာချုပ်ဖြင့်အရောင်းအဝယ်ပြုထားသော အရောင်းပဋိညာဉ်ပါမြေနှင့်အဆောက်အအုံကိုမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးစေလိုမှုစွဲဆိုရာတွင်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုသောစာချုပ်မှာ တန်ဖိုးလျော့နည်း၍ချုပ်ဆိုထားခြင်းဖြစ်သောကြောင့်ထိုပဋိညာဉ်( ရောင်းရန်ပဋိညာဉ်ဖြစ်ပါသည်။)သည်တရားဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်သဘောတူညီချက်ဖြစ်၍ထိုပဋိညာဉ်မှာပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃နှင့်ဆန့်ကျင်သဖြင့်အတည်မပြုလုပ်နိုင်ကြောင်းညွှန်ပြပြီးနောက်အရောင်းအဝယ်ပဋိညာဉ်အတိုင်းဆောင်ရွက်စေရန်(မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရန်)ချမှတ်ထားသောစီရင်ချက်နှင့်ဒီကရီတို့ကိုပယ်ဖျက်ရာ၌ထုံးပြုထားသောစီရင်ထုံးတရပ်ဖြစ်ကြောင်းတွေ့မြင်နိုင်ပါသည်။
တနည်းအားဖြင့်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃နှင့်ငြိစွန်းသောပဋိညာဉ်ကိုပဋိညာဉ်အတိုင်းဆောင်ရွက်ပေးရန်( မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရန် )ငြင်းဆိုခဲ့သောထုံးသာဓကတရပ်သာဖြစ်ပါသည်။
ဒေါ်စဝ်ချစ်ဦးအမှုတွင်အဆုံးအဖြတ်ပြုခဲ့သောထုံးသာဓကသည်ပဋိညာဉ်စာချုပ်အဆင့်ကိုကျော်ပြီးဖြစ်သောမှတ်ပုံတင်စာချုပ်များနှင့်သက်ဆိုင်ခြင်းမရှိပါ။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃၏ဥပမာ( က )တွင်အောက်ပါအတိုင်းပြဆိုထားသည်။
" ( a ) A agree to sell his house to B for 10,000 rupees . Here B's promise to pay the sum of 10,000 rupees is the consideration for A's promise to sell the house , and A's promise to sell the house is the consideration for B's promise to pay the 10,000 rupees . These are lawful consideration . "
" ( က ) ဦးဖြူသည်မိမိအိမ်ကိုဦးမဲအား ကျပ်၁၀၀၀၀ဖြင့်ရောင်းချရန်သဘောတူညီရာ၌ဦးမဲကကျပ်၁၀၀၀၀ပေးရန်ပြုသောကတိသည်ဦးဖြူကမိမိအိမ်ကိုရောင်းချရန် ကတိအတွက်အဖိုးစားနားဖြစ်၍ဦးဖြူကအိမ်ရောင်းချရန်ကတိသည်ဦးမဲက ကျပ်၁၀၀၀၀ပေးရန်ပြုသောကတိ၏အဖိုးစားနားဖြစ်သည်။ဤအဖိုးစားနားများသည်ဥပဒေနှင့်ညီသည်။"
မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုရောင်းချရန်သဘောတူညီချက်၏ရည်ရွယ်ချက်သည်တရားဥပဒေနှင့်မညီဟုထိုဥပမာကမဆို။
ဥပဒေနှင့်မညီသောရည်ရွယ်ချက်တို့ကို ပုဒ်မ၂၃၏ဥပမာ( င )နှင့်( ဇ )တို့တွင်ဖော်ပြထားသည်။
စရန်ပေးစာချုပ်၏ရည်ရွယ်ချက်သည်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအရောင်းအဝယ်ပြုရန်ဖြစ်သည်။
ထိုသို့အရောင်းအဝယ်မပြုရန်ပိတ်ပင်သောဥပဒေမရှိ။
ထိုအရောင်းအဝယ်မျိုးသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေပါပိတ်ပင်ချက်တွင်အကျုံးမဝင်။
သို့ဖြစ်ရာအရောင်းအဝယ်သဘောတူညီချက်၏ရည်ရွယ်ချက်သည်ပုဒ်မ၂၃၏ဥပမာ( င )နှင့်( ဇ )တို့တွင်အကျုံးဝင်သည်မဟုတ်။
အမြတ်ခွန်သက်သာစေရန်ရောင်းကြေးကိုလျော့ပြခြင်းသည်အရောင်းအဝယ်ပြုရန် သဘောတူညီချက်၏ရည်ရွယ်ချက်မဖြစ်နိုင်။
အဆုံးစွန်အားဖြင့်သဘောတူညီချက်နှင့်ဆက်နွယ်သောဆင့်ပွားကိစ္စ( collateral purpose )မျှသာဖြစ်သည်။
သို့ဖြစ်၍ဒေါ်စဝ်ချစ်ဦးအမှုကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကပြန်လည်စိစစ်သင့်ပါသည်။
———————————-
1967 BLR 283 စီရင်ထုံးနှင့် 2002 BLR 260 စီရင်ထုံးနှစ်ရပ်မှာပူးတွဲမှတ်သားဖတ်ရှုလေ့လာရမည့်စီရင်ထုံးများဖြစ်သည်။
————————————-
သတိချပ်ရန်အချက်မှာ၁၉၆၇ခုနှစ်ဦးသန်းမောင်စီရင်ထုံးသည်ပိုင်ဆိုင်ကြောင်းမြွက်ဟဒီကရီရရှိရန်နှင့်အခမဲ့အခွင့်နှင့်နေသူအားအိမ်မှနှင်ထုတ်လက်ရှိရရှိရန်တရားစွဲဆိုသောအမှုဖြစ်ပြီး၊၂၀၀၂ခုနှစ်ဒေါ်စဝ်ချစ်ဦးစီရင်ထုံးသည်၊အရောင်းအဝယ်ပဋိဉာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုစွဲဆိုခြင်းဖြစ်ကြောင်းခွဲခြားမှတ်သားထားရန်ဖြစ်ပါသည်။
Comments
Post a Comment