2013 BLR ( S B ) 87

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“အချင်းဖြစ်ဂရန်မြေကွက်သည်မိဘများသက်ရှိထင်ရှားရှိစဉ်ကပင်ဂရန်စာချုပ်တွင်တရားပြိုင်အမည်ပေါက်လျက်ရှိသည်ဖြစ်ပါလျက်၊ထိုမြေနှင့်မြေပေါ်ရှိအဆောက်အဦးအပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်မှာ၊မိဘများကွယ်လွန်စဉ်ကျန်ရှိသောအမွေပုံပစ္စည်းဖြစ်သည်ဟုဆုံးဖြတ်ပြီးပဏာမဒီကရီချထားသည်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလက်ခံအတည်ပြုသည်မှာဥပဒေနှင့်ညီညွတ်မှန်ကန်မှုရှိမရှိ။”

—————————————-


အထက်ဖော်ပြပါပြဿနာနှင့်စပ်လျဉ်း၍၊ဥပဒေသဘောကိုအောက်ပါအမှုများတွင်လေ့လာတွေ့ရှိနိုင်သည်-


( ၁ ) 2013 BLR ( S B ) 87


ဦးမျိုးမင်းသိန်း(ကွယ်လွန်သူဦးခင်မောင်ရင်၏တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်ဌေးမြင့်ပါ၆

—————————


( ၂ )၂၀၁၅ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၉


ဒေါ်ထွေးထွေးပါ၃ နှင့် ဦးစောလှိုင်ပါ၆

——————————


( ၃ )၂၀၁၆ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၁နှင့်၁၂


ဒေါ်မော်မော်နိုင် နှင့် ဒေါ်အေးအေးကြည်ပါ၈


———————————-


2013 BLR ( S B ) 87


ဦးမျိုးမင်းသိန်း(ကွယ်လွန်သူဦးခင်မောင်ရင်၏တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်ဌေးမြင့်ပါ၆


ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးသာဌေး၊ဦးစိုးညွန့်၊ဦးမြသိမ်း၊ဦးမြင့်အောင်၊ဦးအောင်ဇော်သိန်းနှင့်ဦးမြင့်ဟန်တို့ရှေ့တွင်


အမှုတွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဂရန်ရရှိထားသူ၏အခွင့်အရေး၊မူလကအမွေရှင်ဂရန်အမည်ပေါက်မြေသည်အမွေရှင်မကွယ်လွန်မီ၊ဂရန်အမည်ပေါက်သူပြောင်းလဲသွားပါက၊အမွေပုံပစ္စည်းအဖြစ်ကျန်ရစ်သည်ဟုဆိုနိုင်ခြင်းရှိမရှိ။”


“ဆုံးဖြတ်ချက်။   ။အချင်းဖြစ်မြေမှာမူလကဖခင်ဦးမြတ်စံအမည်ဖြင့်ဂရန်ရရှိခဲ့သော်လည်း၊ဦးမြတ်စံကွယ်လွန်သည့်၁၃၆၃ခုနှစ်မတိုင်မီ၂၆နှစ်ခန့်အချိန်၁၂-၇-၁၉၇၅နေ့(မြန်မာသက္ကရာဇ်အားဖြင့်၁၃၃၇ခုနှစ်)ကပင်၊သမီးဒေါ်ခင်ဌေးမြင့်အမည်ဖြင့်နှစ်၃၀ဂရန်ရရှိခဲ့သည်။ထိုသို့ဒေါ်ခင်ဌေးမြင့်အမည်ဖြင့်ဂရန်ပြောင်းလဲချထားပေးလိုက်သည်နှင့်တပြိုင်နက်အချင်းဖြစ်မြေကိုစီမံခန့်ခွဲပိုင်ခွင့်မှာပြောင်းလဲသွားပြီဖြစ်သည်။ထိုသို့ဂရန်အမည်ပြောင်းလဲချထားပေးသည့်၁၂-၇-၁၉၇၅နေ့မှစတင်၍ဒေါ်ခင်ဌေးမြင့်သည်အစိုးရထံမှမြေငှါးအခွင့်အရေးအရလူနေထိုင်ရန်၊လုပ်ငန်းများလုပ်ကိုင်ရန်စသည်ဖြင့်မြေကိုစီမံခန့်ခွဲအသုံးပြုပိုင်ခွင့်ရရှိသွားပြီဖြစ်သည်။ထိုအချိန်မှစ၍မူလဂရန်အမည်ပေါက်သူဖခင်ဦးမြတ်စံသည်အချင်းဖြစ်ဂရန်မြေနှင့်ပတ်သက်၍စီမံအသုံးပြုပိုင်ခွင့်အခွင့်အရေးတစုံတရာမရှိတော့ချေ။ထို့ကြောင့်ဖခင်ဦးမြတ်စံက၎င်းဂရန်အမည်ပေါက်မဟုတ်တော့သည့်အချင်းဖြစ်ဂရန်မြေနှင့်အဆောက်အအုံကို၁၆-၅-၁၉၈၇နေ့တွင်သက်သေခံအမှတ်(က)မိသားစုစီမံမှုစာချုပ်ပြုလုပ်၍စီမံခန့်ခွဲပိုင်ခွင့်ရှိတော့မည်မဟုတ်ချေ။ထို့ကြောင့်သက်သေခံအမှတ်(က)မိသားစုစီမံမှုစာချုပ်သည်အကျိုးသက်ရောက်မှုရှိသောစာချုပ်တရပ်မဟုတ်ဟုဆိုရပေမည်။”


“ထပ်မံဆုံးဖြတ်ချက်။   ။အထက်မြန်မာပြည်မြေနှင့်အခွန်စည်းမျဉ်းဥပဒေပုဒ်မ၂၅(က)ပြဌာန်းချက်အရအစိုးရကဂရန်ထုတ်ပေးထားခြင်းမျိုးမရှိသောအစိုးရပိုင်မြေပေါ်တွင်နေထိုင်သူသည်အမွေဆက်ခံခွင့်၊လွှဲပြောင်းပိုင်ခွင့်မရှိပေ။အစိုးရကဂရန်ထုတ်ပေးမှသာလျင်ထိုမြေနှင့်စပ်လျဉ်း၍အမွေဆက်ခံခွင့်၊လွှဲပြောင်းပိုင်ခွင့်ရရှိသည်။အချင်းဖြစ်မြေမှာမူလကဖခင်ဦးမြတ်စံအမည်ဖြင့်ဂရန်ရရှိခဲ့ရာဂရန်သက်တမ်းကာလအတွင်းဦးမြတ်စံသည်လွှဲပြောင်းပိုင်ခွင့်ရှိသည်။သားသမီးများသည်ဖခင်အမည်ပေါက်ဂရန်မြေကိုအမွေဆက်ခံခွင့်ရှိသည်။


သို့ရာတွင်၁၂-၇-၁၉၇၅နေ့တွင်ဒေါ်ခင်ဌေးမြင့်အမည်ဖြင့်ဂရန်ချထားလိုက်သည်နှင့်တပြိုင်နက်ဂရန်မြေနှင့်စပ်လျဉ်းသည့်ဦးမြတ်စံ၏အခွင့်အရေးများကုန်ဆုံးသွားပြီးဖြစ်သည်။”


“ထပ်မံဆုံးဖြတ်ချက်။   ။ထို့ပြင်၁၂-၇-၁၉၇၅နေ့မှစတင်၍ဒေါ်ခင်ဌေးမြင့်ရရှိခဲ့သည့်ဂရန်သက်တမ်းသည်လည်း၂၀၀၅ခုနှစ်တွင်ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ဂရန်သက်တမ်းကုန်သည်နှင့်နောက်ထပ်ဂရန်ထုတ်ပေးခြင်းမရှိပါက၊ဂရန်မြေမှာအစိုးရမြေအဖြစ်ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၉၈နှင့်၉၉တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“မူလရုံးတရားလိုကမိဘများကျန်ရစ်သောအမွေပုံပစ္စည်းဟုအဆိုပြုစွဲဆိုသောပျော်ဘွယ်မြို့၊မြင်းဘက်ရပ်ကွက်ရှိအချင်းဖြစ်ဂရန်မြေနှင့်တိုက်အဆောက်အအုံမှာမူလကအမွေရှင်ဖခင်ဦးမြတ်စံဂရန်အမည်ပေါက်ဖြစ်ကြောင်း၊မိခင်ဒေါ်သိန်းကြွယ်သည်၁၃၄၉ခုနှစ်တွင်လည်းကောင်း၊ဖခင်ဦးမြတ်စံသည်၁၃၆၃ခုနှစ်တွင်လည်းကောင်းကွယ်လွန်ခဲ့ကြရာမိဘများမကွယ်လွန်မီ၁၂-၇-၁၉၇၅နေ့(မြန်မာသက္ကရာဇ်အားဖြင့်၁၃၃၇ခုနှစ်)ကတည်းကပင်အချင်းဖြစ်ဂရန်မြေမှာတရားပြိုင်အမှတ်(၁)ဒေါ်ခင်ဌေးမြင့်ဂရန်အမည်ပေါက်ဖြစ်ခဲ့ကြောင်းတို့မှာနှစ်ဖက်ထွက်ဆိုချက်များအရအငြင်းမပွါးထင်ရှားသည်။”


“ဂရန်ချထားခြင်းနှင့်စပ်လျဉ်းသည့်လုပ်ပိုင်ခွင့်ကိုဥပဒေအရပြဌာန်းထားရှိသည်။အောက်မြန်မာပြည်ရှိမြေများသည်အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေနှင့်သက်ဆိုင်ပြီး၊အထက်မြန်မာပြည်ရှိမြေများမှာအထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေတွင်အကျုံးဝင်သည်။”


ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊စီရင်ထုံးစာမျက်နှာ၁၀၀တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“အချင်းဖြစ်မြေကိုတရားလိုဦးခင်မောင်ရင်က၂၄-၁၁-၂၀၀၉နေ့တွင်စတင်စွဲဆိုခဲ့ခြင်းဖြစ်သည်။အချင်းဖြစ်ဂရန်မြေမှာ၁၂-၇-၁၉၇၅နေ့မှစတင်၍ဒေါ်ခင်ဌေးမြင့်အမည်ဖြင့်အနှစ်၃၀ဂရန်ချထားပေးခဲ့ခြင်းဖြစ်သောကြောင့်၂၀၀၅ခုနှစ်တွင်ဂရန်သက်တမ်းကုန်ဆုံးသွားပြီးဖြစ်ရာယခုအမှုမစွဲဆိုမီကပင်ဂရန်သက်တမ်းကုန်ဆုံးနေပြီးဖြစ်ကြောင်းအငြင်းမပွါးထင်ရှားသည်။”


စီရင်ထုံးစာမျက်နှာ၁၀၁နှင့်၁၀၂တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“အထက်မြန်မာပြည်မြေနှင့်အခွန်စည်းမျဉ်းဥပဒေပုဒ်မ၂၅(က)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


“25.(a)an occupier of State Land can have no heritable or transferable right of use or occupancy therein, nor can any rights adverse to the Government exist in such land unless they have been created or continued by a grant made by or on behalf of the Government;”


အဆိုပါပုဒ်မ၂၅(က)ပြဌာန်းချက်အရအစိုးရကဂရန်ထုတ်ပေးထားခြင်းမျိုးမရှိသောအစိုးရပိုင်မြေပေါ်တွင်နေထိုင်သူသည်အမွေဆက်ခံခွင့်၊လွှဲပြောင်းပိုင်ခွင့်မရှိပေ။အစိုးရကဂရန်ထုတ်ပေးမှသာလျင်ထိုမြေနှင့်စပ်လျဉ်း၍အမွေဆက်ခံခွင့်၊လွှဲပြောင်းပိုင်ခွင့်ရရှိသည်။အချင်းဖြစ်မြေမှာမူလကဖခင်ဦးမြတ်စံအမည်ဖြင့်ဂရန်ရရှိခဲ့ရာဂရန်သက်တမ်းကာလအတွင်းဦးမြတ်စံသည်လွှဲပြောင်းပိုင်ခွင့်ရှိသည်။သားသမီးများသည်ဖခင်အမည်ပေါက်ဂရန်မြေကိုအမွေဆက်ခံခွင့်ရှိသည်။သို့ရာတွင်၁၂-၇-၁၉၇၅နေ့တွင်ဒေါ်ခင်ဌေးမြင့်အမည်ဖြင့်ဂရန်ချထားလိုက်သည်နှင့်တပြိုင်နက်ဂရန်မြေနှင့်စပ်လျဉ်းသည့်ဦးမြတ်စံ၏အခွင့်အရေးများကုန်ဆုံးသွားပြီးဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၁၀၃တွင်၊တရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ဦးမြတ်စံအမည်ပေါက်ဂရန်မြေကိုဒေါ်ခင်ဌေးမြင့်အမည်ဖြင့်ဂရန်ချထားခြင်းမှာဦးမြတ်စံကဂရန်အရသုံးစွဲသောအခွင့်အရေးကိုအစိုးရကငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟုမှတ်ယူရပေမည်။အဘယ်ကြောင့်ဆိုသော်ဦးမြတ်စံရရှိထားသည့်အခွင့်အရေးကိုဒေါ်ခင်ဌေးမြင့်ရရှိသွားသောကြောင့်ဖြစ်သည်။သို့ဖြစ်ရာအထက်မြန်မာပြည်မြေနှင့်အခွန်စည်းမျဉ်းဥပဒေပုဒ်မ၂၅(က)ပါပြဌာန်းချက်သည်ဦးမြတ်စံနှင့်သက်ဆိုင်ခြင်းမရှိကြောင်းတင်ပြချက်သည်မှန်ကန်ခြင်းမရှိပေ။”


“ဦးအန့်ကူ(ခ)ဦးအောင်အောင် နှင့် ဦးတင်ဝင်းပါ၁၀အမှုတွင်၊အချင်းဖြစ်မြေမှာမူလကမိဘများကျန်ရစ်ခဲ့သောအမွေဆိုင်ပစ္စည်းဖြစ်၍နောက်ပိုင်းတွင်ဒေါ်စန်းနုအမည်ဖြင့်ဂရန်ပေါက်နေသည့်တိုင်အောင်အမွေဆိုင်မြေအဖြစ်မှဒေါ်စန်းနုတဦးတည်းပိုင်မြေအဖြစ်သို့ပြောင်းလဲသွားမည်မဟုတ်ကြောင်းထုံးဖွဲ့ခြင်းဖြစ်သည်”


“ယခုအမှုမှာအမွေရှင်ဆိုသူဦးမြတ်စံမကွယ်လွန်မီကပင်အချင်းဖြစ်မြေကိုဒေါ်ခင်ဌေးမြင့်အမည်ပြောင်းလဲခဲ့ခြင်းသည်အမွေပစ္စည်းအဖြစ်ကျန်ရစ်ပြီးမှဒေါ်ခင်ဌေးမြင့်အမည်ဖြင့်ဂရန်ပေါက်ခြင်းမဟုတ်သောကြောင့်အဆိုပါစီရင်ထုံးနှင့်ဖြစ်ရပ်ခြင်းမတူညီပေ။ဦးမြတ်စံမကွယ်လွန်မီတွင်ဒေါ်ခင်ဌေးမြင့်အမည်ဖြင့်ဂရန်ထုတ်ပေးခြင်းသည်အမွေဆက်ခံခွင့်နှင့်မသက်ဆိုင်ဘဲအုပ်ချုပ်ရေးအာဏာအရဆောင်ရွက်သည့်ကိစ္စသက်သက်ဖြစ်သောကြောင့်တရားရုံး၏စီရင်ပိုင်ခွင့်အတွင်းမကျရောက်ပေ။”


“သို့ဖြစ်၍အစိုးရကဒေါ်ခင်ဌေးမြင့်အမည်ဖြင့်ဂရန်ချထားခြင်းဖြစ်ပါလျက်အချင်းဖြစ်မြေကိုဂရန်အမည်ပေါက်သူဒေါ်ခင်ဌေးမြင့်မပိုင်၊အမွေဆိုင်မြေသာဖြစ်သည်ဟုတရားရုံးကဆုံးဖြတ်ခွင့်မရှိချေ။ဒေါ်ရွှေညွန့်ပါ၃ နှင့် ဘဏ္ဍာရေးနှင့်အခွန်ဌာန၊ရန်ကုန်မြို့အမှု(၁၉၆၉ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၉၆)၊အဇစ်ခန် နှင့် ဘဏ္ဍာတော်မင်းကြီးပါ၄အမှု(၁၉၆၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၇၃၅)အမှုတို့ကိုကြည့်ပါ။”


စီရင်ထုံးစာမျက်နှာ၁၀၅တွင်၊တရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဦးမြတ်စံသည်အချင်းဖြစ်မြေတွင်အခွင့်အရေးတစုံတရာမရှိသည့်အတွက်ဦးမြတ်စံကွယ်လွန်စဉ်တွင်အမွေပုံပစ္စည်းအဖြစ်ကျန်ရစ်သည်ဟုမဆိုနိုင်ပေ။”

—————————————


၂၀၁၅ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၉


ဒေါ်ထွေးထွေးပါ၃ နှင့် ဦးစောလှိုင်ပါ၆


ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးသာဌေး၊ဦးစိုးညွန့်၊ဦးမြသိမ်း၊ဦးမြင့်အောင်၊ဦးအောင်ဇော်သိန်းနှင့်ဦးမြင့်ဟန်တို့ရှေ့တွင်


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ဖော်ပြပါအရေးယူလောက်သောဥပဒေပြဿနာကိုထုတ်နုတ်သည်-


“သမီးဖြစ်သူဒေါ်မေရီအမည်ဖြင့်ဂရန်အမည်ပေါက်နေသောမြေကွက်ကိုအမွေရှင်ဦးရောဒရိတ်၊ဒေါ်ခွမ်တို့ကျန်ရစ်သောအမွေပုံပစ္စည်းအဖြစ်သတ်မှတ်ကာမူလရုံးတရားလိုစွဲဆိုသည့်အတိုင်းအနိုင်ဒီကရီချမှတ်ပေးခဲ့သည့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ချက်နှင့်ဒီကရီသည်ဥပဒေစီရင်ထုံးများနှင့်ညီညွတ်မှုရှိမရှိ။”


စီရင်ချက်စာမျက်နှာ၄တွင်တရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“ဤအမှုတွင်အချင်းဖြစ်မြေမှာ၁၉၅၈-၅၉ခုနှစ်မှစတင်၍၁၉၆၈ခုနှစ်ထိဒေါ်မေရီအမည်ဖြင့်ပထမဆုံးလိုင်စင်ရရှိခဲ့ကြောင်း၊နောက်ပိုင်း၁၉၆၅ခုနှစ်ထိတကြိမ်၊၁၉၇၀ခုနှစ်အထိတကြိမ်၊ဒေါ်မေရီအမည်ဖြင့်လိုင်စင်၃ကြိမ်ရရှိခဲ့ကြောင်း၊ထို့နောက်မြို့မြေအမှုတွဲအမှတ်၂၀၈/ငါး(၆၉-၇၀)အရဒေါ်မေရီအမည်ဖြင့်ပင်၁၀နှစ်ဂရန်အသစ်ကို၁၉၈၁ခုနှစ်မှ၁၉၉၁ခုနှစ်ထိရရှိခဲ့ပြီးနောက်မြို့မြေအမှုတွဲအမှတ်၉၂/ငါးအရ၁၉၉၁ခုနှစ်မှ၂၀၀၁ထိလည်းကောင်း၊မြို့မြေအမှုတွဲအမှတ်၆၂၇/ငါးအရ၂၀၀၂ခုနှစ်မှ၂၀၁၂ခုနှစ်ထိလည်းကောင်းဂရန်သက်တမ်းတိုးခဲ့ကြောင်းအမှုတွင်အငြင်းမပွါးပေါ်ပေါက်သည်။အချင်းဖြစ်မြေတွင်ဒေါ်မေရီသည်လိုင်စင်အမည်ပေါက်ရုံသာမကအစိုးရထံမှမြေငှါးဂရန်(သက်သေခံအမှတ်၆-က)ကိုရရှိခဲ့သူဖြစ်သည်။


ဤအမှုတွင်သမီးဖြစ်သူဒေါ်မေရီသည်အချင်းဖြစ်မြေတွင်မြေရာဇဝင်မှတ်တမ်း၊ဦးပိုင်အတ္ထုပတ္တိတို့၌အမည်ပေါက်ရုံသက်သက်မျှသာမဟုတ်ဘဲတစပ်တည်း၎င်းအမည်ဖြင့်ဂရန်ရရှိခဲ့သူဖြစ်သောကြောင့်၊အယူခံတရားပြိုင်အမှတ်(၁)၏ရှေ့နေတင်ပြသောဦးအောင်သိန်းပါ၂ နှင့် ဒေါ်အမပါ၂အမှု၊ဦးမာမက်ဆာလီ နှင့် ဦးအဒူမန်းပါ၈အမှုတို့နှင့်ဖြစ်ရပ်ချင်းမတူညီကြောင်းတွေ့ရသည်။အမွေရှင်ဦးရောဒရိတ်မကွယ်လွန်မီကတည်းကအချင်းဖြစ်မြေတွင်ဒေါ်မေရီအမည်ဖြင့်လိုင်စင်ရရှိခဲ့ပြီးတစပ်တည်းဂရန်ရရှိထားခြင်းကြောင့်ဖခင်သည်အချင်းဖြစ်မြေတွင်အခွင့်အရေးတစုံတရာမရှိသည့်အတွက်ဖခင်ဦးရောဒရိတ်ကွယ်လွန်စဉ်အချင်းဖြစ်မြေသည်ဖခင်ကျန်ရစ်သောအမွေပုံပစ္စည်းဖြစ်သည်ဟုမဆိုနိုင်တော့ပေ။ယင်းမူသဘောကိုဦးမျိုးမင်းသိန်းအမှုတွင်တွေ့ရသည်။”

———————————


၂၀၁၆ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၁နှင့်၁၂


ဒေါ်မော်မော်နိုင် နှင့် ဒေါ်အေးအေးကြည်ပါ၈


ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးသာဌေး၊ဦးစိုးညွန့်၊ဦးမြသိမ်း၊ဦးမြင့်အောင်၊ဦးအောင်ဇော်သိန်းနှင့်ဦးမြင့်ဟန်တို့ရှေ့တွင်


ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊စီရင်ချက်စာမျက်နှာ၇တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“အယူခံတရားပြိုင်ဒေါ်အေးအေးကြည်တို့ကအချင်းဖြစ်မြေမှာမိဘများငွေဖြင့်ဝယ်ယူပြီးဦးမျိုးညွန့်အမည်ဖြင့်ဂရန်ပေါက်ခြင်းမှာအမည်ခံအမည်ငှါးသာဖြစ်ကြောင်းအဆိုပြုတင်ပြသည်။အစိုးရကဂရန်ထုတ်ပေးခြင်း၊မြေငှါးစာချုပ်ချုပ်ဆိုငှါးရမ်းခြင်း၊လိုင်စင်ပေးခြင်းတို့သည်နိုင်ငံတော်ကနိုင်ငံပိုင်မြေကိုနိုင်ငံသားများအသုံးပြုနိုင်ရန်ဦးတည်လွှဲပြောင်းပေးခြင်းဖြစ်သည်။အဖိုးစားနားရရှိရေးကိုအဓိကရည်ရွယ်လွှဲပြောင်းခြင်းမျိုးမဟုတ်သဖြင့်ထိုလွှဲပြောင်းခြင်းမျိုးသည်အမည်ခံအမည်ငှါးစနစ်နှင့်သက်ဆိုင်ရန်အကြောင်းမရှိချေ။ဂရန်ရရှိသူသို့မဟုတ်မြေငှါးအားအကျိုးခံစားခွင့်ရရှိစေခြင်းသာဖြစ်သည်။ဂရန်စာချုပ်တွင်မပါဝင်သောအခြားသူတဦး၏အကျိုးငှါအမည်ခံအမည်ငှါးအားမြေဂရန်ထုတ်ပေးခြင်းဟူ၍မရှိပေ။ထို့ကြောင့်ဦးမျိုးညွန့်အမည်ဖြင့်ဂရန်အမည်ပေါက်ရရှိခြင်းမှာအမည်ခံအမည်ငှါးဖြစ်သည်ဟုဆိုရန်အကြောင်းမရှိချေ။”


စီရင်ချက်စာမျက်နှာ၈တွင်၊တရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“အယူခံတရားပြိုင်များ၏ဖခင်ဦးအုန်းမောင်သည်၁၉၉၂ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။မိခင်ဒေါ်စန်းသည်၂၀၀၀ပြည့်နှစ်တွင်ကွယ်လွန်ခြင်းဖြစ်သည်။အချင်းဖြစ်မန္တလေးမြို့မောရဂီဝါရပ်ကွက်၊အကွက်အမှတ်(၇၀၄)၊ဦးပိုင်အမှတ်(၅)ဂရန်မြေမှာ၁၉၉၅ခုနှစ်တွင်သားဦးမျိုးညွန့်အမည်ဖြင့်ဂရန်ရရှိခဲ့ခြင်းဖြစ်သည်။မိခင်ဒေါ်စန်းမကွယ်လွန်မီ၅နှစ်ကတည်းမှစ၍ဦးမျိုးညွန့်အမည်ဖြင့်ဂရန်ရရှိခဲ့ရာ၂၆-၅-၂၀၄၀တိုင်ဦးမျိုးညွန့်အမည်ဖြင့်ဂရန်သက်တမ်းတိုးမြှင့်ရရှိထားကြောင်းတွေ့ရှိရသည်။ထိုသို့၁၉၉၅ခုနှစ်မှစတင်၍ဦးမျိုးညွန့်အမည်ဖြင့်ဂရန်ရရှိသည်နှင့်တပြိုင်နက်ဦးမျိုးညွန့်သည်အစိုးရထံမှမြေငှါးအခွင့်အရေးအရလူနေထိုင်ရန်၊လုပ်ငန်းများလုပ်ကိုင်ရန်စသည်ဖြင့်မြေကိုစီမံခန့်ခွဲအသုံးပြုပိုင်ခွင့်ရရှိသွားပြီဖြစ်သည်။မိခင်မကွယ်လွန်မီကပင်ဦးမျိုးညွန့်ကဂရန်အမည်ပေါက်ရရှိခဲ့ခြင်းဖြစ်၍အဆိုပါမြေမှာမိဘများပိုင်သည့်အမွေဆိုင်မြေဖြစ်သည်ဟုသတ်မှတ်နိုင်မည်မဟုတ်ပေ။ဦးမျိုးမင်းသိန်း နှင့် ဒေါ်ခင်ဌေးမြင့်ပါ၆အမှု(၂၀၁၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၈၇)ကိုရည်ညွှန်းသည်။ထို့ကြောင့်တရားရုံးအဆင့်ဆင့်ကအချင်းဖြစ်မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်၊အကွက်အမှတ်(၇၀၄)၊ဦးပိုင်အမှတ်(၅)ဂရန်မြေနှင့်အဆောက်အအုံကို၊အမွေဆိုင်ပစ္စည်းဖြစ်ကြောင်းကောက်ယူသုံးသပ်ခဲ့ခြင်းမှာမှန်ကန်ခြင်းမရှိပေ။”

—————————————


99

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]