1964 BLR 269 အမှုပါထုံးဖွဲ့ချက်သည်မှတ်ကျောက်တင်ခံနိုင်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1964 BLR 269
ဦးအောင်သိန်းပါ၂ နှင့် ဒေါ်မမကြီး
တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်
အမှု၌၊”သူတဦးတယောက်သည်၊အစိုးရပိုင်မြေရိုင်းတွင်မည်သူတဦးတယောက်မျှမနေသဖြင့်ဝင်ရောက်နေထိုင်ရာတွင်၊အခြားသူတဦးဦးကမည်သို့မျှအခွင့်အရေးမရှိဘဲအတင်းဝင်ရောက်နေထိုင်လျှင်၊ထိုသူအားမူလလက်ရှိဖြစ်သူသည်၊မြေကိုလက်ရောက်ပြန်လည်ရရှိရန်အတွက်တရားစွဲဆိုနိုင်သည်။”ဟုထုံးဖွဲ့ခြင်းသည်အခြေကျလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေကိုမြွက်ဟပြဆိုခြင်းဖြစ်သည်။
တရားလိုသည်ပိုင်ရှင်အသွင်ဆောင်ရမည်၊ပိုင်ရှင်၏သာမန်အခွင့်အရေးများကိုသုံးစွဲသူဖြစ်ရမည်ဟူသောအရပ်သူအရပ်သားများနားလည်ရန်မလွယ်သည့်ဥပဒေဆန်သောအသုံးအနှုန်းမျိုးမဟုတ်။
အများပြည်သူတို့နားလည်နိုင်သောရိုးစင်းလှသည့်စကားများကိုမြွက်ဆိုခြင်းဖြစ်၍၊ 1969 BLR 58(ပြစ်မှု)အမှုတွင်”ပြည်သူအများကနားလည်လက်ခံခြင်းဖြင့်မှတ်ကျောက်တင်အပ်သည်။”ဟူသောထုံးဖွဲ့ညွှန်ပြထားသည့်အတိုင်း၊ 1964 BLR 269 အမှုပါထုံးဖွဲ့ချက်သည်မှတ်ကျောက်တင်ခံနိုင်သည်။
စီရင်ထုံးစာမျက်နှာ၂၇၀နှင့်၂၇၁တွင်၊တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းသုံးသပ်သည်-
“ဤအမှုတွင်ကားအကြောင်းချင်းရာများသည်၊ထိုကဲ့သို့မဟုတ်ပေ။တရားစွဲဆိုစဉ်အခါကဒေါ်မမကြီးသည်အစိုးရထံမှအငှါးဂရံခံယူသူဖြစ်နေသေးသည်၊မိမိအငှါးဂရံခံယူထားသည့်မြေပေါ်တွင်မကြည်ကျူးကျော်ဝင်ရောက်သည်ဆိုကာ၎င်းအားတရားစွဲဆိုခဲ့သည်၊ထို့ကြောင့်မိမိ၏မြေကိုကျူးကျော်သူထံမှပြန်လည်ရရှိရန်အတွက်တရားစွဲဆိုခြင်းသာဖြစ်ရာ၊အငှါးဂရံသက်တမ်းအမှုအတောအတွင်းကုန်ဆုံးခဲ့သော်လည်း၊ထိုမြေကိုပြန်လည်ရရှိနိုင်သည်ဟုယူဆရပေမည်။
အမှန်အားဖြင့်ဆိုသော်၊သူတဦးတယောက်သည်အစိုးရပိုင်မြေရိုင်းတွင်မည်သူတဦးတယောက်မျှမနေသဖြင့်ဝင်ရောက်နေထိုင်ရာတွင်အခြားသူတဦးဦးကမည်သို့မျှအခွင့်အရေးမရှိဘဲအတင်းဝင်ရောက်နေထိုင်လျှင်ထိုသူအားမူလလက်ရှိဖြစ်သူသည်မြေကိုလက်ရောက်ပြန်လည်ရရှိရန်အတွက်တရားစွဲဆိုနိုင်ပေမည်။
ယခုအမှုတွင်ဒေါ်မမကြီးသည်အစိုးရထံမှအငှါးဂရံခံယူသူအဖြစ်အခင်းဖြစ်မြေတွင်ကိုယ်တိုင်မနေခဲ့သော်လည်း”ဥပဒေသဘောအရလက်ရှိထားစဉ်”မကြည်သည်ထိုမြေပေါ်သို့ကျူးကျော်ဝင်ရောက်နေထိုင်ခဲ့လေသည်။ထို့ကြောင့်အမှုအတောအတွင်းတွင်အငှါးဂရံသက်တမ်းကုန်ဆုံးသော်လည်းဒေါ်မမကြီးသည်မကြည်ထံမှထိုမြေကိုပြန်လည်လက်ရောက်ရရှိနိုင်ပေမည်။
စင်စစ်အားဖြင့်ကားအောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၁၉အရဆိုလျှင်၊ပိုင်ရှင်အစိုးရကအခင်းဖြစ်မြေမှဒေါ်မမကြီးအားနှင်ထုတ်လိုလျှင်နှင်ထုတ်ပိုင်ခွင့်ရှိလေသည်။
ထိုမြေနှင့်ပတ်သက်၍၊အငှါးဂရံရရှိရန်အတွက်ဒေါ်မမကြီးနှင့်မကြည်တို့အစိုးရထံအပြိုင်လျှောက်ထားကြရာ၊မကြည်၏လျှောက်လွှာကိုပယ်ပြီး၊ဒေါ်မမကြီး၏လျှောက်လွှာကိုအရေးယူဆဲဖြစ်သည်။
ထိုအကြောင်းများကြောင့်၊အမှုအတောအတွင်းဒေါ်မမကြီး၏အငှါးဂရံသက်တမ်းကုန်ဆုံးရုံမျှဖြင့်ဒေါ်မမကြီးစွဲဆိုသည့်အတိုင်းဒီကရီမရထိုက်ဟုမဆိုနိုင်ပေ။
ကာလစည်းကမ်းသတ်ဥပဒေပြဿနာနှင့်ပတ်သက်၍၊တရားသူကြီးချုပ်ဦးဘိုကြီးကစီရင်ထုံးစာမျက်နှာ၂၇၁နှင့်၂၇၂တို့တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ဒေါ်မမကြီးအခင်းဖြစ်မြေပေါ်တွင်နေထိုင်စဉ်မကြည်ကဖယ်ရှားစေခြင်းပြုသည်ဟုမဆိုချေ။ဒေါ်မမကြီးသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းစစ်ဘေးဒဏ်ကြောင့်အခင်းဖြစ်မြေပေါ်ရှိအိမ်ပျက်စီးရာတွင်အခြားဒေသသို့သွားရောက်နေထိုင်ခဲ့ဟန်တူသည်။
၎င်းသည်ထိုမြေကိုစွန့်လွှတ်ခဲ့သည်ဟုမဆိုနိုင်ပေ။
အခြားစစ်ဘေးဒုက္ခသည်များနည်းတူမလွဲမရှောင်သာသဖြင့်မိမိတို့ပိုင်နက်များမှယာယီသဘောဖြင့်ခွဲခွါပြီး၊အခြားသင့်တော်သောအရပ်ဒေသများ၌နေထိုင်ခဲ့ဟန်တူသည်။
ထို့ကြောင့်ဤအမှုပါအကြောင်းချင်းရာများသည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၁၄၄တွင်အကျုံးဝင်သည်ဟုယူဆရပေမည်။
ဦးချစ်ထွန်း နှင့် ဒေါ်ငွေသောင်းတို့အမှု၊မြန်မာနိုင်ငံတရားရုံးချုပ်၊၁၉၆၀ခုနှစ်၊တရားမပဌမအယူခံမှုအမှတ်၊၉-၁၀-၁၁နှင့်၊၊ဦးကံပါ၂ နှင့် ကာလချန်ပါ၂တို့အမှု၊မြန်မာနိုင်ငံတရားရုံးချုပ်၊၁၉၆၂ခုနှစ်၊တရားမအယူခံမှုအမှတ်၆တွင်ယခုကဲ့သို့သောအခြေအနေမျိုး၌ကျူးကျော်ဝင်ရောက်သူများအပေါ်တွင်သက်သေပြရန်တာဝန်ရှိကြောင်းနှင့်အဆုံးအဖြတ်ပြုခဲ့လေသည်။
ထိုမှတပါးလည်းမကြည်သည်မြေလွတ်တွေ့သဖြင့်ဝင်ရောက်နေထိုင်ခဲ့ဟန်တူသည်။ဒေါ်မမကြီးအားဆန့်ကျင်၍အခင်းဖြစ်မြေကိုလက်ရှိထားခဲ့ဟန်မတူချေ။”
Comments
Post a Comment