ထူးခြားသောလက်ရောက်ရလိုမှု ( Part Two )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“ထူးခြားသောလက်ရောက်ရလိုမှု” ( Part Two )
“ခွင့်ပြုသူသည်ခွင့်ပြုခြင်းခံရသူမှတဆင့်ခွင့်ပြုသောအိမ်၊မြေကိုဥပဒေအရလက်ရှိထားခြင်းနှင့်ကာလစည်းကမ်းသတ်ပြဿနာ”
ဤပြဿနာကိုအကျယ်တဝင့်ဆွေးနွေးရသည့်အကြောင်းရှိပါသည်။
ဒေါ်အေးသည်ဦးစိုးဝင်း၏ခွင့်ပြုချက်အရနေထိုင်ခြင်းဖြစ်လျှင်၊ 2000 BLR ( S A B ) 294 စီရင်ထုံးစာမျက်နှာ၃၀၁၌ကိုးကားထားသော၊ A I R 1934 Ran 223 စီရင်ထုံးစာမျက်နှာ၂၂၄ပါပြဆိုချက်အရ၊အခန်းတွင်နေခွင့်ပြုသူဦးစိုးဝင်းသည်ခွင့်ပြုခြင်းခံရသူဒေါ်အေးမှတဆင့်အခန်းကိုဥပဒေအရ( constructive possession )ထားခြင်းဖြစ်သည်။
ခွင့်ပြုခြင်းခံရသူ”ဒေါ်အေးသေဆုံးသည်နှင့်တပြိုင်နက်အခွင့်အမိန့်ရပ်စဲသွားသည်ဖြစ်၍၊ဦးစိုးဝင်းကိုယ်ထိလက်ရောက်(physically)(ဝါ)အမှန်တကယ်(actually)လက်ရှိဖြစ်သွားသည်။
“တရားပြိုင်များအခန်းအတွင်းသို့ကျူးကျော်ဝင်ရောက်ခြင်းကြောင့်ဦးစိုးဝင်းသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂၏အဓိပ္ပာယ်အရအခန်းလက်လွတ်သွားသည်။”
ထိုသို့ဆိုလျှင်၊ 1990 BLR 28 အမှုသည်၊ 1948 BLR ( H C ) 411 ( D B ) အမှုနှင့်ဖြစ်ရပ်ချင်းတူသည်ဖြစ်၍၊လက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှုတွင်တရားလိုသက်သေထင်ရှားပြရမည့်အကြောင်းခြင်းရာများ၊တနည်းအားဖြင့်လက်ရောက်ရလိုမှု၌တရားစွဲဆိုရန်အကြောင်းချင်းတူမည်ဖြစ်သည်။
ဒေါ်အေးကွယ်လွန်သည်နှင့်တပြိုင်နက်၎င်းနေခဲ့သောအခန်းသည်ပိုင်ရှင်ဦးစိုးဝင်းလက်ရှိဖြစ်သွားမည်ဖြစ်ရာ၊”အနည်းဆုံးရက်အနည်းငယ်လက်ဝယ်ရပြီးမှတရားပြိုင်တို့ကျူးကျော်ဝင်ရောက်သဖြင့်လက်လွတ်သွားခြင်းကြောင့်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂နှင့်သက်ဆိုင်သောအမှုဖြစ်သည်။”
—————————-
2000 BLR ( S A B ) 294
ဒေါ်အေး(၎င်း၏ကိုယ်စားလှယ်ဒေါ်ခင်ဆွေဝင်း)
နှင့်
ဒေါ်သန်းရင်(ကွယ်လွန်သူဦးကျော်ရှိန်၏တရားဝင်ကိုယ်စားလှယ်)
တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသန်းဦး၊တရားသူကြီးများဖြစ်ကြသောဦးခင်မြင့်နှင့်ဦးထွန်းရှင်တို့ရှေ့တွင်
အမှုတွင်အထူးအယူခံခုံရုံးကစီရင်ထုံးစာမျက်နှာ၃၀၀တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“ဒေါ်အေးစွဲဆိုသောအမှုသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၃၆နှင့်သက်ဆိုင်ကြောင်းကိုနှစ်ဖက်ရှေ့နေများအငြင်းပွါးခြင်းမရှိချေ။စည်းကမ်းသတ်ကာလကိုစတင်ရေတွက်ရမည့်အချိန်ကိုသာအငြင်းပွါးလျက်ရှိသည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၃၆ပါရောင်းစဉ်အခါကရောင်းသူ၏လက်ရှိမဟုတ်သောဆိုသည့်စကားရပ်က၊တဦးတယောက်သည်ရောင်းသူအားဆန့်ကျင်လက်ရှိထားသည်ဟုဆိုလိုရာရောက်သည်။
“လက်ရှိ”မဟုတ်သောဆိုသည့်စကားရပ်အရတဦးတယောက်သောသူသည်ရောင်းသူနှင့်ဆန့်ကျင်လျက်လက်ရှိဖြစ်နေသည့်သဘောသက်ရောက်၍ရောင်းသူနှင့်ဆန့်ကျင်လျက်လက်ရှိမဖြစ်သေးသရွေ့စည်းကမ်းသတ်ကာလကိုစတင်ရေတွက်ခြင်းမပြုရပေ။
ရောင်းသူကလက်ရောက်ရလိုမှုစွဲဆိုပါကအနိုင်ရရှိမည်ဖြစ်လျှင်၎င်းထံမှဝယ်သူကဆိုခဲ့သည့်လက်ရောက်ရလိုမှုသည်လည်းအနိုင်ရရှိမည်ဖြစ်သည်။
ဝယ်သူလက်ရောက်ရလိုမှုစွဲဆိုသည့်အမှုတွင်ရောင်းသူအနေဖြင့်ပစ္စည်းလက်လွတ်ခဲ့သည်မှာ၁၂နှစ်ကျော်လျှင်ဝယ်သူစွဲဆိုသည့်အမှုမှာကာလစည်းကမ်းသတ်ကျော်လွန်မည်ဖြစ်သည်။
စောအိမ်ဟုတ် နှင့် မပိုးရင်နှင့်အခြားသူများ(အေ၊အိုင်၊အာ၊၁၉၃၄၊ရန်ကုန်၂၂၃)အမှုတွင်အမှတ်စဉ်၁၃၆အရသတ်မှတ်ထားသည့်စည်းကမ်းသတ်ကာလကိုမည်သို့မည်ပုံရေတွက်ရမည်ဖြစ်ကြောင်းအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
The expression out of the possession, as used in Art. 136 implies that some person is in possession adversely to the vender. Time does not begin to run under Art. 136, until the property is held in possession adverses to the vender.
တရားရုံးချုပ်ကမြေရှင်ဒေါ်လှရှိန်တို့အနေဖြင့်ဦးကျော်ရှိန်အားဖယ်ရှားရန်ပြောဆိုဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသုံးသပ်ခဲ့ပါလျက်မြေငှါးရမ်းခဖြစ်စေ၊မြေခွန်ဖြစ်စေပေးခဲ့ဘူးခြင်းမရှိပါဟုဒေါ်လှရှိန်တို့၏ထွက်ဆိုချက်ကိုအကြောင်းပြု၍ဦးကျော်ရှိန်ဝင်ရောက်နေထိုင်သည့်၁၉၆၄ခုနှစ်ကပင်ဒေါ်လှရှိန်အနေဖြင့်လက်ရှိရပိုင်ခွင့်ရှိသည်ဟုသုံးသပ်ခြင်းမှာမှန်ကန်သည်ဟုမဆိုနိုင်ပေ။
ဦးကျော်ရှိန်ကအချင်းဖြစ်မြေတွင်နေထိုင်ခြင်းမှာဒေါ်လှရှိန်အားဆန့်ကျင်လျက်နေထိုင်ခြင်းမဟုတ်လျှင်ဒေါ်လှရှိန်သည်ထိုစဉ်ကစ၍လက်ရောက်ရပိုင်ခွင့်ရှိသည်ဟုဆိုနိုင်မည်မဟုတ်ပေ။”
စီရင်ထုံးစာမျက်နှာ၃၀၂တွင်အထူးအယူခံခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“ဦးကျော်ရှိန်၏ချေပလွှာတွင်ဖော်ပြထားချက်နှင့်ရုံးရှေ့ထွက်ဆိုချက်တို့အရဦးကျော်ရှိန်သည်အချင်းဖြစ်မြေတွင်ဒေါ်လှရှိန်အားမြေခွန်ပေး၍လည်းကောင်းသို့မဟုတ်မြေငှါးအဖြစ်လည်းကောင်းနေထိုင်ခဲ့ကြောင်းပေါ်ပေါက်သည်။
ပိုင်ရှင်အားမြေခွန်ပေး၍သို့မဟုတ်မြေငှါးခပေး၍နေခြင်းမှာပိုင်ရှင်အားဆန့်ကျင်လက်ရှိနေထိုင်ခြင်းမဟုတ်ကြောင်းထင်ရှားသည်။
ဦးကျော်ရှိန်ကိုယ်တိုင်ကဆန့်ကျင်လက်ရှိထားခြင်းမဟုတ်ကြောင်းထွက်ဆိုပါလျက်တရားရုံးချုပ်ကဦးကျော်ရှိန်ဝင်ရောက်နေထိုင်သည့်၁၉၆၄ခုနှစ်ကပင်ဒေါ်လှရှိန်သည်လက်ရှိရပိုင်ခွင့်ရှိသည်ဟုသုံးသပ်ခြင်းမှာမှားယွင်းပေသည်။”
————————
Comments
Post a Comment