1971 BLR 83 ဦးထွန်းပါ၂ နှင့် ဒေါ်သိန်းငွေပါ၂စီရင်ထုံးပါသုံးသပ်ဆုံးဖြတ်ချက်ကိစ္စ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1971 BLR 83
ဦးထွန်းပါ၂ နှင့် ဒေါ်သိန်းငွေပါ၂ စီရင်ထုံးပါသုံးသပ်ဆုံးဖြတ်ချက်ကိစ္စ
———————————————-
1971 BLR 83
ဦးထွန်းပါ၂ နှင့် ဒေါ်သိန်းငွေပါ၂
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်-
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၈၌၊တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းရည်ညွှန်းသုံးသပ်သည်-
စီရင်ထုံးကိုအသုံးပြုခြင်းနှင့်ပတ်သက်၍၊ဤရုံးကအောက်ပါကဲ့သို့ဦးထွန်းအောင်သာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ(၁၉၆၉ခုနှစ်၊မြန်မာနိုင်ငံစီရင်ထုံး၊စာ၅၈)တွင်သတိပေးဘူးသည်။
[ဥပဒေကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌လည်းစကားပြေအရအများနားလည်လက်ခံ၍သဘာဝကျသောအဓိပ္ပာယ်ကိုယူခြင်းကပို၍မှန်ကန်တတ်သည်။ယင်းသို့အဓိပ္ပာယ်ဖွင့်ဆိုမှသာလျင်ဥပဒေကိုပြည်သူအများနားလည်လက်ခံမည်။လိုက်နာလေးစားကြမည်။ဥပဒေနှင့်ပြည်သူရင်းနှီးကာဥပဒေများသက်ဝင်လှုပ်ရှားမည်။တရားသူကြီးများသည်အခြားနိုင်ငံမှစီရင်ထုံးများကိုလေ့လာကောင်းပါ၏။သို့ရာတွင်မိမိတို့ရှေ့သို့ရောက်လာသောမှုခင်းများကိုစစ်ဆေးစီရင်ရာတွင်ကားမှုခင်းဖြစ်ပျက်ကာလ၊ဒေသ၊အခြေအနေ၊ပတ်ဝန်းကျင်၊လူနေမှု၊ဓလေ့ထုံးတမ်းစသည်တို့ကိုစစ်ဆေးဆင်ခြင်ကာ၊ဥပဒေဘောင်အတွင်းကမျှတမှန်ကန်၍အများနားလည်သဘာဝကျသောတရားကိုစီရင်အပ်ပေသည်။အခြားနိုင်ငံများမှစီရင်ထုံးများကိုရှေ့ထားကိုးကားလျင်တရားစီရင်ရေးသည်မြန်မာပီသမည်မဟုတ်။မြန်မာ့အခြေအနေနှင့်ကင်း၍ပြည်သူနှင့်ဝေးဘွယ်ရာသာရှိသည်]
စီရင်ထုံးစာမျက်နှာ၈၉နှင့်၉၀တွင်၊တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“နိုင်ငံခြားစီရင်ထုံးများကိုလေ့လာလျှင်လည်း၊သူတို့၏အခြေအနေနောက်ခံအပြင်၊သူတို့၏ဥပဒေကိုပါအတိအကျလေ့လာအပ်သည်။ဥပမာအားဖြင့်အိန္ဒိယနိုင်ငံတွင်ပြည်နယ်အသီးသီးကမိမိတို့၏ဥပဒေများကိုပြဌာန်းထားသည်လည်းရှိ၏။အချင်းချင်းပင်မတူကြချေ။တရားလွှတ်တော်အများကလည်းကွဲပြားသောစီရင်ထုံးများကိုပြုကြ၏။ဥပဒေများကိုလည်းပြင်ဆင်ပြဌာန်းလျက်ရှိကြသည်။ပြင်ဆင်ပြဌာန်းထားသောဥပဒေများကိုမကြည့်ပဲ၊စီရင်ထုံးခေါင်းစည်းမှတ်ချက်ကိုသာအပေါ်ရံဖတ်ကာမြန်မာနိုင်ငံမှုခင်းများကိုဆုံးဖြတ်ကြလျင်အမှားအယွင်းများ၍မမျှမတမညီမညွတ်ဖြစ်မည်။မြန်မာ့တရားစီရင်ရေးဆိတ်သုဉ်းမည်။ထို့ကြောင့်နိုင်ငံခြားစီရင်ထုံးများကိုဗဟုသုတအလို့ငှါလေ့လာကောင်းသော်လည်း၊အမှီသဟဲမပြုအပ်၊ကိုးကားခြင်းမပြုအပ်ချေ။”
တရားသူကြီးချုပ်(ဒေါက်တာမောင်မောင်)သည်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်ခဲ့သောတရားလွှတ်တော်နှင့်တရားရုံးချုပ်၌အမှုထမ်းခဲ့သည့်တရားသူကြီးများတွင်၊စီရင်ချက်အရေးအသားကောင်းပြီး၊ခိုင်ခံ့သောကြောင်းကျိုးဆင်ခြင်ပြနိုင်သော၊လက်ချိုးရေရနိုင်သည့်တရားသူကြီးများစာရင်းတွင်ပါဝင်သူဖြစ်သည်။
၎င်း၏ပညာကိုလေးစားသူများတွင်စာရေးသူလည်းပါဝင်သည်။
——————————————————-
1972 BLR 28 ( ပြစ်မှု )
မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမှုတွင်၊"နိုင်ငံခြားစီရင်ထုံးများကိုကိုးကားခြင်းမပြုအပ်၊ဗဟုသုတအလို့ငှာဖတ်ရှုကောင်းသော်လည်း၊၎င်းတို့ကိုမှီငြမ်းပြုရန်ကားမလျော်ချေ။ "ဟုပြဆိုသည်။
မြန်မာနိုင်ငံတွင်စီရင်ထုံးမရှိသေးသည့်ပြဿနာပေါ်ပေါက်သည့်အခါ၊မည်သို့ဆောင်ရွက်ရန်ဖြစ်သည်ကိုမူ၊စီရင်ထုံးကအဖြေမပေး။
မောင်ချစ်စီရင်ထုံးတွင်”နိုင်ငံတွင်း၌ဖြစ်ပွားသောတမှုနှင့်အခြားတမှုပင်မတူနိုင်လျှင်၊နိုင်ငံတွင်း၌ဖြစ်ပွားသောအမှုနှင့်နိုင်ငံခြား၌ဖြစ်ပွားသောအမှုသည်၊တူညီနိုင်ဘို့ပို၍ပင်ခက်ခဲသေးသည်။ထို့ပြင်၊တည်ရှိသောဥပဒေများသည်လည်းထပ်တူညီကြသည်ဟုတ်ချေ။”ဟုမြွက်ဆိုချက်ကိုအငြင်းပွါးရန်မရှိ။
မြန်မာနိုင်ငံ၏တရားမကျင့်ထုံးဥပဒေ၊သက်သေခံအက်ဥပဒေ၊ပဋိညာဉ်အက်ဥပဒေစသည့်ဥပဒေအချို့သည်၊အိန္ဒိယနိုင်ငံဥပဒေများပါပြဌာန်းချက်များနှင့်တူသည်များလည်းရှိရာ၊မြန်မာနိုင်ငံစီရင်ထုံးများတွင်သာဓကမရှိသောအမှု၌၊မြန်မာနိုင်ငံဥပဒေနှင့်ပြဌာန်းချက်ချင်းတူသောအမှုတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်၊တရားလွှတ်တော်ချုပ်တို့၏အဆိုအမိန့်ကိုလေ့လာဆုံးဖြတ်ခြင်းက၊အတ္တနောမတိမိမိသဘောဖြင့်ဆုံးဖြတ်သည်ထက်အမှန်တရားကိုဖော်ထုတ်နိုင်ရန်ပို၍၊အခွင့်အလမ်းရှိသည်မှာငြင်း၍မရသောအချက်ဖြစ်သည်။
——————————————-
မြန်မာနိုင်ငံစီရင်ထုံးများမှာဥပဒေများ၏မျက်နှာစာအရပ်ရပ်မလွှမ်းခြုံမိသေးသမျှကာလပတ်လုံး၊ဆိုင်ရာနိုင်ငံခြားစီရင်ထုံးများကိုအထိုက်အလျောက်လေ့လာရဦးမည်ဖြစ်သည်။
Supreme Court of India
Ravula Hariprasada Rao vs The State
on 19 March, 1951
Equivalent citations: 1951 AIR 204, 1951 SCR 322
စီရင်ထုံးမှကောက်နုတ်ဖော်ပြခဲ့သည့်အဆိုအမိန့်မှာ၊မြန်မာနိုင်ငံစီရင်ထုံးများတွင်မရှိသေး။
——————————————-
ဤအခြေအနေတွင်”အခြားနိုင်ငံများမှစီရင်ထုံးများကို လေ့လာကောင်းပါ၏။ သို့ရာတွင်မိမိရှေ့သို့ရောက်လာသောမှုခင်းများကိုစစ်ဆေးစီရင်ရာတွင်ကားမှုခင်းဖြစ်ပျက်၊ကာလ၊ဒေသအခြေအနေ၊ပတ်ဝန်းကျင်၊လူနေမှု၊ဓလေ့ထုံးတမ်းစသည်တို့ကိုစစ်ဆေးဆင်ခြင်ကာဥပဒေဘောင်အတွင်းကမျှတမှန်ကန်၍အများနားလည် သဘာဝကျသောတရားကိုစီရင်အပ်ပေသည်။”ဟုထုံးဖွဲ့ခြင်းကိုအငြင်းပွားရန်မရှိသော်လည်းအခြားနိုင်ငံများမှစီရင်ထုံးများကိုရှေ့ထားကိုးကားလျှင်တရားစီရင်ရေးတွင်မြန်မာပီသမည်မဟုတ်ဟုပြဆိုခြင်းသည်အငြင်းပွားဖွယ်ဖြစ်သည်။
5 LBR 76စီရင်ထုံး၌ပရီဗီကောင်စီက11 More. I. A 7အမှု၌ပြဆိုသည့်တရားစီရင်ရေးမူတရပ်ကိုထုံးဖွဲ့ပြဆိုခဲ့ရာမြန်မာနိုင်ငံတရားစီရင်ထုံးများတွင်အခါအားလျော်စွာထပ်တလဲလဲကိုးကားခဲ့ရာမှ 1997 BLR 1 အမှုတွင်ထိုမူကိုမြန်မာဘာသာဖြင့်ထုံးပြုကြသည်အထိဖြစ်ထွန်းခဲ့သည်။
စုံညီခုံရုံးစီရင်ထုံးသည်မြန်မာပီသခြင်းမရှိ၊နိုင်ငံခြားစီရင်ထုံးအငွေ့အသက်မပျောက်ဟုဆိုနိုင်ပါမည်လား။
၁၈၇၂ခုနှစ်ဇန္နဝါရီလ၄ရက်နေ့တွင်အောက်မြန်မာပြည်အထူးတရားရုံးက SJLB 1 အမှုကိုဆုံးဖြတ်စဉ်ကမြန်မာနိုင်ငံတွင်ထုံးသာဓကမရှိသဖြင့်စီရင်ထုံးစာမျက်နှာ၃တွင် ပရီဗီကောင်စီ၊စီရင်ထုံးတခုကိုကိုးကားဆုံးဖြတ်ခဲ့သည်။
ထိုစီရင်ထုံးနောက်ပိုင်းစီရင်ထုံးများတွင်လည်းအလားတူမြန်မာနိုင်ငံ၌ထုံးသာဓကမရှိသည့်အမှုများ၌ နိုင်ငံခြားစီရင်ထုံးများကိုမှီငြမ်းပြုကာတရားစီရင်ရာတွင်မြန်မာနိုင်ငံတရားစီရင်ခြင်းတိုးတက်ဖြစ်ထွန်းလာသည်မှာမငြင်းနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။
1954 BLR ( S C ) 52 ( 57 ) အမှုတွင်ပြဆိုထားသည့်အတိုင်းထုံးသာဓကမကိုးကားဘဲဆုံးဖြတ်ခြင်းသည်အတ္တနောမတိမိမိသဘောအတိုင်းဆုံးဖြတ်ရာရောက်ပါလိမ့်မည်။
တဖက်တွင်မြန်မာနိုင်ငံစီရင်ထုံးမရှိသဖြင့်နိုင်ငံခြားစီရင်ထုံးမှအားယူကာအမှန်တရားကိုဖော်ထုတ်စီရင်ခြင်းကြောင့်မြန်မာပီသခြင်းမရှိဟုအပြစ်ဖို့ဖွယ်ရှိသည်ဟုဆိုနိုင်ပါကစီရင်ထုံးစာအုပ်များ၌ ဆောင်ပုဒ်အဖြစ်ဖော်ပြထားသောတရားစီရင်ရေးမူနှင့်ညီညွတ်စေရန်မည်သို့စီရင်သင့်ပါသနည်း၊တွေးဆကြပါကုန်။
Comments
Post a Comment