ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ၊ 1997 BLR ( F B ) 85

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


သူတပါးပစ္စည်းအတွင်းသို့ကျူးကျော်ဝင်ရောက်လက်ရှိဖြစ်ခြင်းမျိုးနှင့်ကွဲပြားသောဥပဒေနှင့်အညီလက်ရှိဖြစ်ခြင်းအရ၊လက်ရှိဖြစ်ခဲ့ဖူးသူကကျူးကျော်သူ၊လက်လွတ်ဆုံးရှုံးစေသူအပေါ်လက်ရောက်ရလိုမှုစွဲဆိုခွင့်ရှိကြောင်းပြဆိုသောဥပဒေသမှာ-


မြန်မာနိုင်ငံစီရင်ထုံးသမိုင်း၌အကွေ့အကောက်မရှိ၊တစိုက်မတ်မတ်လိုက်နာခဲ့သောဥပဒေဖြစ်ကြောင်းစီရင်ထုံးများကအထင်အရှားညွှန်ပြသည်။


1997 BLR ( F B ) 85 


ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ


တရားရုံးချုပ်တရားသူကြီးဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


တရားရုံးချုပ်စုံညီခုံရုံးကစီရင်ထုံးစာမျက်နှာ၈၈နှင့်၈၉တွင်စီရင်ထုံးသမိုင်းကိုအောက်ပါအတိုင်းတစေ့တစောင်းဖော်ပြသည်။


"မြန်မာနိုင်ငံရှိတရားရုံးများသည်လက်ရှိထားပိုင်ခွင့်(possessory  title)ကိုတညီတညွတ်တည်းအသိအမှတ်ပြုခဲ့ကြောင်း၊၁၉၂၂ ခုနှစ်တွင်ဆုံးဖြတ်ခဲ့သည့် မစော နှင့် မောင်ရွှေဂန်အမှု(အောက်မြန်မာနိုင်ငံစီရင်ထုံး၊အတွဲ၁၁၊စာ၄၁၅)၌ဖော်ပြခဲ့ပြီး၊ယင်းမူကိုအစဉ်တစိုက်လိုက်နာခဲ့ကြသည်။အဒမ်မီးယားရား နှင့် အီဆွတ်အမှု၁၉၄၈ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၄၁၁)၊မောင်မြသန်း နှင့် ဦးထွန်းတင်(၁၉၆၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၇၀၈)၊ဒေါ်တင်ကြည်ပါ ၆ နှင့် ဦးစိုးဝင်းအမှု(၁၉၉၀ပြည့်နှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၂၈)တို့ကိုကြည့်ပါ။"


 ထို့နောက်အောက်ပါအတိုင်းထုံးဖွဲ့သည် -


“ပိုင်ဆိုင်ခွင့်တစုံတရာမရှိဘဲပစ္စည်းလက်ရှိဖြစ်သူသည်၊ထိုပစ္စည်းတွင်ဆိုင်ရေးဆိုင်ခွင့်(interest)ရှိ၍ထိုပိုင်ဆိုင်ခွင့်ကိုအမွေဆက်ခံရရှိသည်။ထိုဆိုင်ရေးဆိုင်ခွင့်မှာပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့အပေါ် ခိုင်မာသည်။မစော နှင့် မောင်ရွှေဂန်အမှုကိုရည်ညွှန်းသည်။"


တရားရုံးချုပ်စုံညီခုံရုံးကစီရင်ထုံးစာမျက်နှာ၈၈တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“အချင်းဖြစ်အိမ်၏မူလပိုင်ရှင်မှာဦးအေး၊ဒေါ်စိန်ခင်ဖြစ်သည်။


ဦးအေး၊ဒေါ်စိန်ခင်တို့ကအချင်းဖြစ်အိမ်ကိုသက်သေခံအမှတ်(၁)အိမ်အရောင်းအဝယ်ကတိစာချုပ်ဖြင့်ဦးမောင်မောင်ရွှေသို့ရောင်းချခဲ့သည်။


ဒေါ်မြမြကအဆိုပါစာချုပ်မှာဟန်ဆောင်စာချုပ်သာဖြစ်ပြီးအမှန်တကယ်ဝယ်ယူသူမှာဦးထွန်းတင်သာဖြစ်ကြောင်းသက်သေထင်ရှားတင်ပြသည်။


သက်သေခံအမှတ်(၁)စာချုပ်မှာအိမ်အရောင်းအဝယ်ကတိစာချုပ်သာဖြစ်သည်။


ယင်းစာချုပ်အရဝယ်ယူသူအစစ်မှာဦးထွန်းတင်ဖြစ်စေ၊ဦးမောင်မောင်ရွှေဖြစ်စေ၊အရောင်းစာချုပ်ချူပ်ဆိုပြီးမှတ်ပုံတင်ထားခြင်းမရှိသဖြင့်ဦးထွန်းတင်သော်လည်းကောင်း၊ဦးမောင်မောင်ရွှေသော်လည်းကောင်းအချင်းဖြစ်အိမ်၏ပိုင်ရှင်ဖြစ်မလာနိုင်ပေ။


သို့ရာတွင်ဦးထွန်းတင်သည်အချင်းဖြစ်အိမ်ကိုလက်ရှိဖြစ်ခဲ့သည်မှာအငြင်းမပွါးသည့်အချက်ဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၈၉တွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမန်အခွင့်အရေးကိုသုံးစွဲနေထိုင်သူတဦးသည်ပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။


ပိုင်ရှင်မဟုတ်သောအခြားသူကထိုသို့လက်ရှိထားခြင်းကိုအနှောက်အယှက်ပြုလာလျှင်လက်ရှိထားသူသည်သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။


ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃အမှု(၁၉၈၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ၉၂)တွင်၊၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားသည်ဆိုရုံမျှဖြင့်လက်ရှိထားသူတွင်ပိုင်ရေးပိုင်ခွင့်မရှိကြောင်း၊ပိုင်ရေးပိုင်ခွင့်မရှိသူကစွဲဆိုသောအမှုမှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂၌အကျုံးမဝင်ကြောင်းထုံးဖွဲ့ထားသည်။


ယင်းအမှုတွင်ပိုင်ရှင်ရှိနေသည်ဖြစ်၍လက်ရှိထားသူအနေဖြင့်ပိုင်ရေးပိုင်ခွင့်မရနိုင်ကြောင်းထုံးဖွဲ့ထားခြင်းဖြစ်သည်။


ယခုအမှုနှင့်ဖြစ်ရပ်ခြင်းမတူချေ။


ယခုအမှုတွင်ဦးမောင်မောင်ရွှေသည်အချင်းဖြစ်အိမ်ပိုင်ဆိုင်ခြင်းမရှိပေ။


သက်သေခံအမှတ်(၁)အရောင်းအဝယ်ကတိစာချုပ်ကိုပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၅၄၊မှတ်ပုံတင်အက်ဥပဒေပုဒ်မ၁၇တို့အရ၊မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အဖြစ်ချုပ်ဆိုရခြင်းမရှိသေးသဖြင့်ဦးမောင်မောင်ရွှေသည်ပိုင်ရှင်မဖြစ်သေးသောကြောင့်၊ဦးထွန်းတင်ထက်သာသည့်အခွင့်အရေးရှိသည်ဟုမဆိုနိုင်ပေ။


ဤအခြေအနေတွင်အချင်းဖြစ်အိမ်ကိုလက်ရှိဖြစ်သူဦးထွန်းတင်အနေဖြင့်လက်ရှိထားပိုင်ခွင့်(possessory title)ရရှိမည်ဖြစ်သည်။


ဒေါ်မြမြသည်ဦးထွန်းတင်၏လက်ရှိထားပိုင်ခွင့်၊ဆိုင်ရေးဆိုင်ခွင့်ကိုအမွေဆက်ခံရရှိသည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်ပစ္စည်းနှင့်စပ်လျဉ်းသည့်အခွင့်အရေးကိုရထိုက်ခွင့်ရှိသူတဦးသည်မိမိ၏အခွင့်အရေးကိုငြင်းဆိုသူအပေါ်တရားစွဲဆိုနိုင်ကြောင်း၊တရားရုံးသည်ထိုသို့ရထိုက်ခွင့်ရှိကြောင်းမိမိသဘောအတိုင်းမြွက်ဟကြေငြာနိုင်ကြောင်းပြဌာန်းထားသည်။


ပစ္စည်းကိုလက်ရှိထားပိုင်ခွင့်ရှိကြောင်းမြွက်ဟကြေငြာပေးစေလိုမှုသည်၊ပစ္စည်းနှင့်ပတ်သက်ရာအခွင့်အရေး(right in relation to the property)ဖြစ်၍၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂နှင့်အကျုံးဝင်သည်။”


တရားရုံးချုပ်စုံညီခုံရုံးကစီရင်ထုံးစာမျက်နှာ၉၀တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“သို့ရာတွင်အယူခံတရားလိုဒေါ်မြမြတောင်းခံသည့်သက်သာခွင့်မှာပစ္စည်းလက်ရှိထားပိုင်ခွင့်ရှိကြောင်းမြွက်ဟကြေငြာပေးရန်သက်သာခွင့်မဟုတ်၊အချင်းဖြစ်အိမ်သည်တရားလိုဒေါ်မြမြပိုင်အိမ်ဖြစ်ကြောင်းမြွက်ဟကြေငြာပေးရန်တရားစွဲဆိုခြင်းဖြစ်သည်။


တရားလိုပိုင်အိမ်ဖြစ်ကြောင်းမြွက်ဟကြေငြာပေးစေလိုလျှင်တရားလိုကအချင်းဖြစ်အိမ်ကိုပိုင်ကြောင်းသက်သေထင်ရှားပြသရပေမည်။


တရားလိုပိုင်ကြောင်းကိုသက်သေထင်ရှားမပြနိုင်၍အယူခံတရားလိုစွဲဆိုသောအမှုမှာအောင်မြင်ရန်အကြောင်းမရှိပေ။


ဒေါ်ကြည် နှင့် ဒေါ်ပုပါ၇(၁၉၆၆ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ၁၁၇၉)အမှုမှာ၊အဖွားဖြစ်သူပိုင်ဆိုင်ခဲ့သည့်မြေကွက်ကိုအမွေဆက်ခံခွင့်ရှိသူအမွေဆိုင်က၎င်းလက်ရှိဖြစ်သောပစ္စည်းအားခွဲဝေပေးရန်တောင်းဆိုခြင်းမပြုစေကာမူထိုပစ္စည်းကိုပိုင်ဆိုင်ခွင့်ရှိကြောင်းမြွက်ဖော်ချက်ဒီကရီချပေးနိုင်သည်ဟုထုံးဖွဲ့ထားခြင်းဖြစ်သည်။


ယခုအမှုမှာအချင်းဖြစ်ပစ္စည်းကိုအယူခံတရားလိုဒေါ်မြမြ၏ဖခင်ဦးထွန်းတင်မပိုင်သဖြင့်အထက်ပါစီရင်ထုံးနှင့်ဖြစ်ရပ်ခြင်းမတူပေ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]