ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ [ 1997 BLR ( F B ) 85 ] စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။(Part One)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1997 BLR ( F B ) 85 ( ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ )


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။( Part One )


“1997 BLR ( F B ) 85 သည်အခြေကျလျက်ရှိသောဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ခြင်းဖြစ်သလော”


1997 BLR ( F B ) 85 အမှုတွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းသတ်မှတ်ထုံးဖွဲ့သည်-


“ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမန်အခွင့်အရေးကိုသုံးစွဲနေထိုင်သူတဦးသည်ပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။


ပိုင်ရှင်မဟုတ်သောအခြားသူကထိုသို့လက်ရှိထားခြင်းကိုအနှောက်အယှက်ပြုလာလျှင်လက်ရှိထားသူသည်သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။”


စွဲဆိုသောအမှုမှာ၊မြွက်ဟကြေညာပေးစေလိုမှုဖြစ်သည်။


လက်ရောက်ရလိုမှုမဟုတ်သဖြင့်၊ခရီးသွားဟန်လွဲဆုံးဖြတ်ချက်ဖြစ်သည်။


1998 BLR ( F B ) 239 ( ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော် )စီရင်ထုံးကိုဖတ်ပါ။


1997 BLR ( F B ) 85 အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၈၊အောက်ဆုံးစာပိုဒ်တွင်အောက်ပါအတိုင်းမြွက်ဆိုသည်-


“ပိုင်ဆိုင်ခွင့်တစုံတရာမရှိဘဲပစ္စည်းလက်ရှိဖြစ်သူသည်၊ထိုပစ္စည်းတွင်ဆိုင်ရေးဆိုင်ခွင့်(interest)ရှိ၍ထိုပိုင်ဆိုင်ခွင့်ကိုအမွေဆက်ခံရရှိသည်။ထိုဆိုင်ရေးဆိုင်ခွင့်မှာပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့အပေါ် ခိုင်မာသည်။မစော နှင့် မောင်ရွှေဂန်အမှုကိုရည်ညွှန်းသည်။"


1997 BLR ( F B ) 85 အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၉၊ပထမစာပိုဒ်တွင်အောက်ပါအတိုင်းမြွက်ဆိုသည်-


“ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမန်အခွင့်အရေးကိုသုံးစွဲနေထိုင်သူတဦးသည်ပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။ပိုင်ရှင်မဟုတ်သောအခြားသူကထိုသို့လက်ရှိထားခြင်းကိုအနှောက်အယှက်ပြုလာလျှင်လက်ရှိထားသူသည်သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။”


“မြွက်ဆိုချက်နှစ်ရပ်ကိုတဆက်တည်းဖတ်ရန်ဖြစ်သည်”မှာယုံမှားဖွယ်မရှိ။


စီရင်ထုံးစာမျက်နှာ၈၈၊အောက်ဆုံးစာပိုဒ်တွင်မြန်မာနိုင်ငံ၌တညီတညွတ်တည်းလက်ခံကာအစဉ်တစိုက်လိုက်နာလျက်ရှိသည့်တရားဥပဒေကိုမြွက်ဆိုပြီးနောက်၊စီရင်ထုံးစာမျက်နှာ၈၉၏ပထမစာပိုဒ်တွင်၊ရှေ့စာပိုဒ်၌ပြဆိုသည့်အခြေကျလျက်ရှိသောဥပဒေနှင့်ကွဲလွဲသည့်တရားဥပဒေကိုမြွက်ဆိုခြင်းဖြစ်သည်ဟုကောက်ယူပါလျှင်ယုတ္တိယုတ္တာမရှိနိုင်။


“ဥပဒေတရပ်ကိုစီရင်ထုံးတရပ်”တည်းတွင်၊နှစ်လေသံ(in two voices)ဖြင့်မြွက်ဆိုသည့်သဘောမရှိခြင်း၊ထို့ပြင်သာဓကလည်းမရှိခြင်းက၊ပထမမြွက်ဆိုချက်နှင့်ကွဲလွဲကာဒုတိယအဆိုအမိန့်ကိုမြွက်ဆိုခြင်းမဟုတ်ဟုသဘာဝကျကျဆင်ခြင်ရန်ဖြစ်သည်။


ထိုသို့ဆိုလျှင်၊စုံညီခုံရုံးက”ပိုင်ရှင်အသွင်ဖြင့်”ဟူသောစကားရပ်၏အဓိပ္ပာယ်သည်ဘာလဲ?။


In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165 တွင်လက်ခံအတည်ပြုသော၊ Perry v. Clissold 1907 AC 73 (PC) စီရင်ထုံးလာ-


[a person in possession of land “in the assumed character”]


ဆိုသည်မှာဘာလဲ?။


စုံညီခုံရုံးကမြန်မာနိုင်ငံ၌အစဉ်တစိုက်လက်ခံလိုက်နာခဲ့သော”လက်ရှိထားပိုင်ခွင့်”ဟူသည်၊ကျူးကျော်ဝင်ရောက်ကာလက်ရှိဖြစ်ခြင်းမျိုးမဟုတ်ဘဲ၊အခြားမတော်မတရားသောနည်းဖြင့်မဟုတ်ဘဲ၊ဥပဒေနှင့်အညီလက်ရှိထားခြင်း(lawful possession)ဟူသောဥပဒေသဘောတရားကိုလက်ခံသည်။


“ဆိုင်ရေးဆိုင်ခွင့်မရှိဘဲလက်ရှိဖြစ်ခြင်းသက်သက်ကိုအကြောင်းပြု၍လက်ရှိထားပိုင်ခွင့်ရရှိသည့်ဥပဒေသဘောတရားကိုလက်ခံသည်။”


ထိုသူ၏အနေအထားအရအခွင့်အရေးတစုံတရာမရှိဘဲကျူးကျော်သူအပေါ်ပစ္စည်းလက်ရောက်ရလိုမှုတရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု၊စီရင်ထုံးများ၌တညီတညွတ်တည်းလက်ခံအနိုင်ပေးခဲ့သောတရားလိုသည်အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်မရှိ၍ပိုင်ရှင်ဟုမဆိုနိုင်သော်လည်း”တထစ်လျော့ကာ”ပိုင်ရှင်အသွင်ဆောင်သူ၊ပိုင်ရှင်၏ဝတ်ရုံကိုခြုံထားသူဟုဆိုလိုကြောင်းကောက်ချက်ချ(deduce)ရန်သာရှိသည်။


သို့မှသာရှေ့စကားရပ်နှင့်နောက်စကားရပ်တို့ဝိရောဓိမဖြစ်စေရန်ချိန်ညှိပေးရာ၊ညှိနှိုင်းရာရောက်မည်ဖြစ်သည်။


ရှေ့နောက်ညီညွတ်သော၊အနှောင့်အသွားလွတ်သောအဆိုအမိန့်များဖြစ်သွားမည်ဖြစ်သည်။


မိမိလိုရာကွက်၍အဓိပ္ပာယ်ကောက်ယူခြင်းမဖြစ်နိုင်။


သို့ဖြစ်ရာ၊ In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165နှင့် Perry v. Clissold 1907 AC 73 (PC) စီရင်ထုံးများပါထုံးဖွဲ့ချက်တို့သည်မြန်မာနိုင်ငံကလက်ခံကျင့်သုံးသည့်”လက်ရှိထားပိုင်ခွင့်”ဆိုင်ရာဥပဒေနှင့်ကွဲပြားမှုတစုံတရာမရှိ။


“လက်ရှိထားပိုင်ခွင့်ရှိသူသည်ဆိုင်ရာဆိုင်ခွင့်မရှိသည်မှအပ၊ပိုင်ရှင်တဦးဖြစ်ဘိအလားလက်ရှိပစ္စည်းတွင်နေထိုင်သုံးစွဲလျက်ရှိသူဖြစ်သည်”ဟုပြဆိုခြင်းထက်မပိုနိုင်။


In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165 အမှုတွင်၊တရားလို၏အနေအထားကိုသတ္တုချကြည့်ပါကမြန်မာနိုင်ငံစီရင်ထုံးများပါတရားလိုအသီးသီး၏အနေအထားထက်သာလွန်ခြင်းမရှိကြောင်းတွေ့နိုင်သည်။


1997 BLR ( F B ) 85 အမှုတွင်-


ဒေါ်မြမြ၏အမှုကိုပလပ်ရာ၌၊စီရင်ထုံးစာမျက်နှာ၉၀တွင်ဖော်ပြထားသောအကြောင်းပြချက်များမှာဒေါ်မြမြသည်ပိုင်ရှင်အသွင်ဆောင်သူမဟုတ်ခြင်းနှင့်ပိုင်ရှင်၏သာမန်အခွင့်အရေးများကိုသုံးစွဲနေထိုင်သူဖြစ်ကြောင်းအထောက်အထားမရှိခြင်းကြောင့်”မဟုတ်”။


စုံညီခုံရုံး၏အဆုံးအဖြတ်အစစ်အမှန်ကိုမဆင်ခြင်ဘဲ-


ထို့ပြင်1997 BLR(F B)85 စီရင်ထုံးနှင့်ဖြစ်ရပ်ချင်းတူမတူဆန်းစစ်ခြင်းမပြုဘဲ-


စီရင်ထုံးပါအဆိုအမိန့်ကိုကိုးကားဆုံးဖြတ်ပါက၊2004 BLR 146(151)(ဒေါ်အေးအေးသန်း နှင့် ဦးကံရှိန်)အမှု၌လမ်းညွှန်ချက်နှင့်ဆန့်ကျင်ပါလိမ့်မည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]