အဖိုးစားနားဟူသောစကားရပ်အဓိပ္ပာယ်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“အဖိုးစားနားဟူသောစကားရပ်အဓိပ္ပာယ်”
“သီးခြားဆောင်ရွက်စေခွင့်ကိုအမိန့်ချမှတ်ပေးရာတွင်တရားရုံးမှချင့်ချိန်၍ဆုံးဖြတ်ခွင့်ရှိခြင်း”
—————————————-
1994 BLR 92
ဒေါက်တာမြင့်မြင့်သန်း နှင့် ဦးမောင်မောင်
တရားရုံးချုပ်တရားသူကြီးဦးသန်းဖေနှင့်ဦးတင်အုံးတို့ရှေ့တွင်
တရားရုံးချုပ်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)တွင်အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ၊အဖိုးစားနားဟူသည်ငွေကြေးသက်သက်ကိုရည်ညွှန်းခြင်းမဟုတ်ဘဲ၊ပဋိညာဉ်ပြုသူနှင့်သဘောတူအပေးအယူပြုလုပ်ကြသည့်ကတိကဝတ်များသာဖြစ်သည်။
ထပ်မံဆုံးဖြတ်ချက်။ ။သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၂၂အရပဋိညာဉ်တွင်ပါရှိသည့်အတိုင်းဆောင်ရွက်ရာတွင်တရားပြိုင်အပေါ်နစ်နာစေရန်အကြောင်းရှိပြီး၊ဆိုခဲ့သည့်အတိုင်း”မဆောင်ရွက်ခဲ့လျှင်”တရားလိုအပေါ်နစ်နာစေရန်အကြောင်းမရှိသည့်အမှုများနှင့်သာသက်ဆိုင်သည်။ယခုကိစ္စတွင်ပဋိညာဉ်အတိုင်းဆောင်ရွက်ခြင်းအားဖြင့်တရားပြိုင်တွင်နစ်နာရန်အကြောင်းမရှိဘဲပဋိညာဉ်အတိုင်းမဆောင်ရွက်ခဲ့လျှင်တရားလိုအပေါ်နစ်နာစေရန်အကြောင်းရှိသည့်အတွက်မူလရုံးကတရားလိုဦးမောင်မောင်စွဲဆိုသည့်အတိုင်းဒီကရီချမှတ်ခဲ့ခြင်းနှင့်ယင်းဒီကရီကိုတရားရုံးချုပ်ကအတည်ပြုထားခြင်းတို့မှာဥပဒေအရမှားယွင်းသည်ဟုမဆိုနိုင်ချေ။”
စီရင်ထုံးစာမျက်နှာ၉၆နှင့်၉၇တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“သက်သေခံ(က)စာချုပ်သည်အဖိုးစားနားမပါသဖြင့်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၅အရပျက်ပြယ်နေကြောင်းတင်ပြချက်နှင့်စပ်လျဉ်း၍ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)တွင်အဓိပ္ပာယ်ဖွင့်ဆိုချက်များအရအဖိုးစားနားဟူသည်ငွေကြေးသက်သက်ကိုရည်ညွှန်းခြင်းမဟုတ်ဘဲပဋိညာဉ်ပြုသူနှင့်သဘောတူအပေးအယူပြုလုပ်ကြသည့်ကတိကဝတ်များသာဖြစ်ရာဦးမောင်မောင်အနေဖြင့်မြေအရောင်းအဝယ်ကိစ္စကိုမြေရောင်းသူဒေါ်မြင့်မြင့်ရီနှင့်မြေဝယ်သူဒေါက်တာမြင့်မြင့်သန်းတို့အားဆက်သွယ်ပေးခြင်း၊အရောင်းအဝယ်ပြုလုပ်ကြရာတွင်အဖိုးအခတစုံတရာမယူဘဲအကျိုးဆောင်ပေးခဲ့ခြင်းများအတွက်အပြန်အလှန်အနေဖြင့်ဒေါ်မြင့်မြင့်ရီနှင့်ဒေါက်တာမြင့်မြင့်သန်းတို့ကဦးမောင်မောင်လက်ရှိနေထိုင်သောဥပစာကိုဦးမောင်မောင်အားလွှဲပြောင်းပေးအပ်ရန်သဘောတူခဲ့ကြောင်းအမှုတွင်ပေါ်ပေါက်ခဲ့သည်။သို့ဖြစ်ရာအဖိုးစားနားမပါသည့်အတွက်၂၅-၃-၈၂ရက်နေ့တွင်ပြုလုပ်သည့်ပစ္စည်းလွှဲပြောင်းပေးရန်သဘောတူသည့်စာချုပ်သည်ပျက်ပြယ်နေကြောင်းလျှောက်ထားသူ၏တင်ပြချက်မှာလက်ခံနိုင်ဘွယ်ရာမရှိချေ။
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၁၂အရဦးမောင်မောင်ကစွဲဆိုသောအမှုတွင်ဒီကရီချမှတ်ပေးခဲ့ခြင်းသည်သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၂၂နှင့်ဆန့်ကျင်လျက်ရှိကြောင်းအကြောင်းပြချက်များလည်းကျိုးကြောင်းဆီလျော်စွာတင်ပြထားခြင်းမရှိပေ။သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၂၂အရမှာပဋိညာဉ်တွင်ပါရှိသည့်အတိုင်းဆောင်ရွက်ရာတွင်တရားပြိုင်အပေါ်နစ်နာစေရန်အကြောင်းရှိပြီး၊ဆိုခဲ့သည့်အတိုင်းမဆောင်ရွက်ခဲ့လျှင်တရားလိုအပေါ်တွင်နစ်နာစေရန်အကြောင်းမရှိသည့်အမှုများနှင့်သာသက်ဆိုင်သည်။ယခုကိစ္စတွင်ပဋိညာဉ်အတိုင်းဆောင်ရွက်ခြင်းအားဖြင့်တရားပြိုင်တွင်နစ်နာရန်အကြောင်းမရှိဘဲပဋိညာဉ်အတိုင်းမဆောင်ရွက်ခဲ့လျှင်တရားလိုအပေါ်နစ်နာစေရန်အကြောင်းရှိသည့်အတွက်မူလရုံးကတရားလိုဦးမောင်မောင်စွဲဆိုသည့်အတိုင်းဒီကရီချမှတ်ခဲ့ခြင်းနှင့်ယင်းဒီကရီကိုတရားရုံးချုပ်ကအတည်ပြုထားခြင်းတို့မှာဥပဒေအရမှားယွင်းသည်ဟုမဆိုနိုင်ချေ။
သို့ဖြစ်ရာဖော်ပြပါအမှုအကြောင်းအရာအခြေအနေများနှင့်အမှုတွင်ပေါ်ပေါက်နေသောသက်သေခံအထောက်အထားများအရဆုံးဖြတ်ခဲ့သောတရားရုံးချုပ်၏စီရင်ချက်နှင့်ဒီကရီများတွင်စုံညီခုံရုံးဖြင့်ပြန်လည်ကြားနာစီရင်ရန်အရေးယူလောက်သည့်ပြဿနာပေါ်ပေါက်ခြင်းမရှိဟုကျွန်ုပ်တို့သဘောရရှိကြသည်။”
——————————————————-
1971 BLR ( S B ) 62
ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၆၂နှင့်၆၃တွင်၊အထူးခုံရုံး( S B )ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။မူလရုံးကအကြောင်းအချက်တို့ကိုကောင်းစွာသုံးသပ်ပြီးနောက်ဆင်ခြင်တုံတရားကိုသဘာဝယုတ္တိနှင့်အညီမျှတစွာသုံးစွဲထားခြင်းဖြစ်သည်။ပုဒ်မ၂၂ကလည်းဆင်ခြင်တုံတရားကိုသုံးစွဲခွင့်အာဏာကိုရုံးအားအပ်နှင်းထားသည်။ယင်းသို့သုံးစွဲ၍ဆုံးဖြတ်ထားသည်ကိုအယူခံရုံးကကြည့်ရှု၍တရားမျှတမှုကင်းနေလျှင်ပြင်ဆင်နိုင်သည်မှန်၏။သို့ရာတွင်မူလရုံးကဆင်ခြင်တုံတရားသုံးစွဲပုံမှန်မမှန်စီစစ်ဝေဖန်ရန်ဖြစ်၏။အယူခံရုံးကမိမိ၏ဆင်ခြင်တုံတရားကိုမူလရုံး၏ဆင်ခြင်တုံတရားနှင့်အစားထိုးရန်မဟုတ်။အယူခံရုံးထိုင်တရားသူကြီးကမိမိသာလျှင်မူလအမှုကိုစစ်ဆေးလိုက်ရလျှင်၊ဤသို့ကွဲလွဲ၍ဆုံးဖြတ်လိုက်ရလျှင်သင့်မြတ်မည်ဟုယူဆကာမျှနှင့်လည်း၊အယူခံမှုတွင်ယင်းသို့ကွဲလွဲ၍ဆုံးဖြတ်ပေးရန်မဟုတ်ချေ။
ထပ်မံဆုံးဖြတ်ချက်။ ။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂၏ရှင်းလင်းချက်တွင်”အခြားဆန့်ကျင်သောအချက်အလက်ကိုသက်သေမထူနိုင်လျှင်”ဟူသောစကားရပ်များကချုပ်ထားသည်ကိုမမေ့အပ်။သာမန်အားဖြင့်မြေကိုလွှဲပြောင်းပေးခြင်းကိုငွေလျော်ကြေးဖြင့်အစားထိုး၍မလုံလောက်ဟုယူဆရမည်။သို့ရာတွင်မြေကိုလွှဲအပ်သဖြင့်အိမ်ဖျက်ရမည်၊ရေတွင်းဖို့ရမည်ဟုထင်ရှားစွာအမှုတွင်ပေါ်နေသောအချက်သည်၊ယင်းယူဆချက်ကိုဆန့်ကျင်၍သက်သေထူထားသောအချက်ဖြစ်သည်။
ပုဒ်မ၂၂ကတရားရုံးအားအပ်နှင်းထားသောအာဏာသည်အက်ဥပဒေပြဌာန်းချက်များကိုလွှမ်းခြုံသည်။ရှေ့ကပါသောပုဒ်မ၁၂ကိုလည်းလွှမ်းခြုံသည်။ပုဒ်မ၁၂တွင်ပါရှိသောရှင်းလင်းချက်အရအချင်းဖြစ်ကိစ္စသည်မြေစသောမရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်လျှင်ပစ္စည်းကိုပင်မပေးမနေပေးအပ်စေရမည်ဆိုလျှင်၊တရားရုံးအားပုဒ်မ၂၂ကအပ်နှင်းသောအာဏာသည်အဓိပ္ပာယ်မရှိ၊အချီးနှီးဖြစ်လိမ့်မည်။
မူလရုံးကနှစ်ဖက်မျှတစေသောငှါ၊ဒေါ်မှန်အား၊ဒေါ်စောရွှေကလျော်ကြေးပေးစေ၏။ပုဒ်မ၁၉အရ၊ယင်းသို့လျော်ကြေးပေးစေရန်အမိန့်ချမှတ်ပေးနိုင်သည်။ပုဒ်မ၁၉၏ဒုတိယအပိုဒ်တွင်တရားရုံးကပဋိညာဉ်အတိုင်းဆောင်ရွက်စေဟုလည်းအမိန့်မပေး၊ပဋိညာဉ်ဖောက်ဖျက်မှုလည်းရှိနေသည်ဟုတွေ့ရလျှင်၊တရားလိုအားသင့်တော်သောလျော်ကြေးကိုပေးစေရန်မိန့်ဆိုနိုင်သည်ဟုပြဌာန်းထားသည်။ထို့ကြောင့်တရားလိုကလျော်ကြေးမတောင်းစေကာမူတရားရုံးကလျော်ကြေးပေးထားခြင်းသည်ဥပဒေအာဏာမလွန်။”
———————————————————————-
Comments
Post a Comment