တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Four)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Four)

——————————————————————


“တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပါယ်”


ဦးဖိုးသီးနှင့်မောင်ကျော်ဆင့်


၁၉၅၂ မတစ ( တရားလွှတ်တော် ) ၄၁၀အမှု

—————————


ဦးဆောင်းနှင့်ဦးခင်မောင်ပါ၂


၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄အမှုနှင့် 

——————————


ရှမ်တီးလား( လ် )စူရပ်( ဂျ် )မား( လ် )မီတား နှင့် မာရီယမ်ဘီဘီ ပါ၇


၁၉၆၀မတစ၃၅၉(၃၇၁)


အမှုအပါအဝင်အင်္ဂလိပ်ဘာသာဖြင့်ဆုံးဖြတ်သောစီရင်ထုံးများတွင်


“Cause of action means every fact which , if traversed , will be necessary for the plaintiff to prove in order to support his right to the judgment of the Court.”


ဟုတထပ်တည်းအဓိပ္ပာယ်ဖွင့်ဆိုသည်။

———————————————————


ဦးညွန့်သိန်းပါ၅နှင့်ဒေါ်အေဒါစန်းမောင်


၁၉၉၅ မတစ ၅၄


အမှုတွင် မြန်မာဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုထားချက်ကိုတရားရုံးများတွင်ကိုးကားတင်ပြလေ့ရှိသည်။


ထိုစီရင်ထုံးပါ"တရားစွဲဆိုရန်အကြောင်း"ဆိုရာ၌တဖက်မှငြင်းဆိုပါကတရားလိုအနေဖြင့်မိမိ၏အခွင့်အရေးကိုအထောက်အခံအဖြစ်သက်သေထင်ရှားပြရန်လိုအပ်သော အကြောင်းခြင်းရာအသီးသီးဖြစ်သည်ဟုအဓိပ္ပါယ်ဆောင်သည်ဟုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအင်္ဂလိပ်ဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်နှိုင်းယှဉ်ဖတ်ရှုပါကအင်္ဂလိပ်ဘာသာအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ-


"to the judgment of the Court”


ဟူသောထုံးဖွဲ့ချက်ကျန်ရှိနေသဖြင့်မပြည့်စုံသည်ကိုတွေ့မြင်နိုင်သည်။


ဦးဆောင်းအမှုတွင်၊တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရနိုင်မီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဖြစ်ကြောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည်ပို၍ရှင်းလင်းသော်လည်းထိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတရားရုံးများ၌ကိုးကားလျှောက်လဲခြင်းမပြု၊ကိုးကားဆုံးဖြတ်သောတရားရုံးအရေအတွက်လည်းနည်းသေးသည်ကိုတွေ့ရသည်။


စီရင်ထုံးများပါ-


"if traversed"(ငြင်းလျှင်)ဟူသောစကားရပ်အရတရားလို၏အဆိုပြုချက်များကိုတရားပြိုင်ကငြင်းလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟု မှားယွင်းသောအယူအဆတရပ်ပေါ်ပေါက်လျှက်ရှိသည်။


တရားမကျင့်ထုံးဥပဒေအမိန့် ၇၊နည်း၁( င )နှင့်၁၁( က )ပါပြဌာန်းချက်များကိုသတ္တုချကြည့်လျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းရှိမရှိပြဿနာသည်အမိန့် ၇ အဆင့်ကိုကျော်ပြီးနောက်အမိန့်၈အဆင့်ရောက်မှတင်သွင်းရသောချေလွှာပါထုချေချက်နှင့်လုံးဝမသက်ဆိုင်သည်မှာပေါ်လွင်သည်။


ထိုသို့မသက်ဆိုင်ကြောင်း ၁၉၆၀ မတစ ( တရားလွှတ်တော် ) ၃၅၉အမှုတွင်ခုံရုံးကစီရင်ထုံးစာမျက်နှာ၃၇၁နှင့် ၃၇၂တွင်စီရင်ထုံးအကိုးအကားဖြင့်ရှင်းပြသည်။


အမှုနိုင်ရန်တရားလိုကသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုသည်၊တရားစွဲဆိုရန်အကြောင်းဖြစ်သည်။


ထိုအကြောင်းခြင်းရာများကိုတရားပြိုင်ကငြင်းလျှင်အားလုံးကိုတရားလိုကသက်သေထင်ရှားပြရန်ဖြစ်သည်။


အချို့ကိုသာငြင်းလျှင်မူငြင်းသမျှကိုသက်သေထင်ရှားပြရန်တာဝန်ရှိသည်။


သို့ဖြစ်ရာတရားပြိုင်ကငြင်းလျှင်ဆိုခြင်းသည်တရားလိုကသက်သေထင်ရှားပြရန် လိုအပ်မှု၊မလိုအပ်မှုနှင့်သာလျှင်သက်ဆိုင်သည်။


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းနှင့်စပ်လျဉ်းမှုမရှိချေ။

———————————————————


“အဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်နိုင်သလော”


ဦးဖိုးသီးအမှုအပါအဝင်စီရင်ထုံးများပါ-


"ငြင်းလျှင်"( if traversed )ဟူသောစကားရပ်ကိုအကြောင်းပြုပြီးအဆိုလွှာပါအဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းပါက တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုတရားရုံးချုပ်အပါအဝင်တရားရုံးများကဆုံးဖြတ်သည်ကိုဖတ်ရဖူးသည်။


တရားပြိုင်ဘက်မှချေလွှာတင်ရန်ပြဌာန်းထားသောတရားမကျင့်ထုံးဥပဒေအမိန့် ၈မတိုင်မီ၊ပုဒ်မ၂၀( ဂ )၊အမိန့်၂၊နည်း၂( ၃ )၊အမိန့်၇၊နည်း၁( င )နှင့်နည်း၁၁( က )တို့တွင်"တရားစွဲဆိုရန်အကြောင်း"စကားရပ်အားရည်ညွှန်းထားခြင်းကိုထောက်ချင့်ပါကတရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်သည်ချေလွှာနှင့်မသက်ဆိုင်ကြောင်း မြင်သာသည်။


နည်း၁(င)ပါ-


"facts constituting the cause of action "


(တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများ)ဟူသောစကားရပ်ကတရားစွဲဆို ရန်အကြောင်း၏အဓိပ္ပာယ်ကိုပေါ်လွင်စေသဖြင့်ထိုစကားရပ်ကိုတရားမကျင့်ထုံးဥပဒေတွင်သီးခြားအဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုဘဲချန်လှပ်ထားခြင်းဖြစ်တန်ရာသည်။


ဦးဆောင်းအမှု ၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄တွင်တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရမီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဟုပြဆိုခြင်းသည်နည်း၁( င )ပါပြဌာန်းချက်အဓိပ္ပာယ်ကိုပိုမိုရှင်းလင်းရာရောက်သည်။ 


စီရင်ထုံးပါအမှုတွင်အနိုင်မရမီဟူသောစကားရပ်သည်အမှုတွင်အနိုင်ရရန်အဓိပ္ပာယ်ရသည်ဟုတနည်းဆိုနိုင်သည်။


တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုနိုင်ရန်သက်သေထင်ရှားပြရမည့် အကြောင်းခြင်းရာများဖြစ်သည်။


နှစ်ဘက်တင်ပြသောသက်သေခံချက်များကို မရယူသေးမီတရားပြိုင်ဘက်မှမငြင်းသောအကြောင်းခြင်းရာများမှအပအဆိုလွှာပါကျန်အကြောင်းခြင်းရာများသည်သက်သေထင်ရှားခြင်းမရှိနိုင်သေးသည့်အလျောက် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုမည်သို့ဆိုနိုင်ပါမည်နည်း။

————————————————————-


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုခြင်းသည်တရားလိုအမှုနိုင်ရန် သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာများသက်သေထင်ရှားသည်ဟုဆိုရာရောက်သည်ဖြစ်၍သက်သေများကိုမစစ်ဆေးမီတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုနိုင်ပါမည်လား?


သက်သေခံချက်များမရယူမီအဆင့်တွင်အဆိုလွှာ၌အဆိုပြုသောအကြောင်းခြင်းရာများသည်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေခြင်းရှိမရှိသာလျှင်စိစစ်ဆုံးဖြတ်နိုင်သည်။


တနည်းဆိုရသော်ထိုအကြောင်းခြင်းရာများထင်ရှားခဲ့လျှင်တရားလိုသည်နိုင်ခြေရှိမရှိသာလျှင်ဆုံးဖြတ်ရန်ဖြစ်သည်။


ဦးဆောင်းအမှုမှာကဲ့သို့တရားလိုသည်တောင်းဆိုသောသက်သာခွင့်လုံးဝမရနိုင်သောအမှုမျိုးတွင်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဟုအကြောင်းပြပြီးအမှုကိုပလပ်နိုင်သည်။ 


ဥပမာ - မြန်မာဗုဒ္ဓဘာသာဖခင်ကွယ်လွန်သွားသည်ကိုအကြောင်းပြုပြီးဩရသသမီးကမိခင်အပေါ်ဖခင်ကျန်ရစ်သောအမွေမှဩရသဝေစုရလိုကြောင်းတရားစွဲဆိုခွင့်မရှိသဖြင့်သမီးစွဲဆိုသောအမှုတွင်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဟုအကြောင်းပြပြီးအမှုကိုပလပ်နိုင်သည်။သို့မဟုတ်သမီးသည်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရန်အခွင့်အရေး( Locus standi )မရှိခြင်းကြောင့်အမှုကိုပလပ်နိုင်သည်။


တဖက်တွင်ပဏာမငြင်းချက်ကိုဆုံးဖြတ်ရာ၌မူလတရားရုံးကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်ခွင့်မရှိ။


သက်သေခံအထောက်အထားမရှိသေးဘဲအမှုနိုင်ရန်တရားလိုသက်သေထင်ရှားပြရမည့်အကြောင်းခြင်းရာများသည်သက်သေထင်ရှားသည်ဟုဆုံးဖြတ်ရာရောက်သဖြင့်စီရင်ပိုင်ခွင့်အာဏာမရှိဘဲအထောက်အထားမဲ့ ဆုံးဖြတ်ခြင်းဖြစ်သည်။


သို့ဖြစ်၍လည်းတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဖြစ်၍အမှုကိုဆက်လက်စစ်ဆေးနိုင်ကြောင်းပြဆိုသည့်ထုံးသာဓကမရှိခြင်းဖြစ်သည်။


အဆိုလွှာကတရားစွဲဆိုရန်အကြောင်းခြင်းရာများကိုထင်ရှားသိသာစေသည်ဟုအကြောင်းပြကာ(ကျန်ငြင်းချက်များနှင့်စပ်လျဉ်း၍)အမှုကိုဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်းသာလျှင်ဆုံးဖြတ်ခွင့်ရှိသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ