ဦးထွန်းအောင်သာအမှုနှင့်မနောကံမြောက်ကျူးလွန်ခြင်း၊အပြစ်ရှိသောစိတ်စေတနာအကြောင်း(Part One)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဦးထွန်းအောင်သာအမှုနှင့်မနောကံမြောက်ကျူးလွန်ခြင်း၊အပြစ်ရှိသောစိတ်စေတနာအကြောင်း(Part One)

——————————————————-


1968 BLR ( C C ) 10


U TUN AUNG THA (APPLICANT)

                        V.

THE UNION OF BURMA (RESPONDENT). *


Before U Sein Thinn, J.


အမှုတွင်၊တရားခံဦးထွန်းအောင်သာသည်စိုက်ပျိုးရေးအရာရှိဖြစ်၍(၇-၂-၆၆)နေ့၌၊အစိုးရတာဝန်ဖြင့်ခရီးသွားခိုက်လက်နက်ကိုင်ကွန်မြူနစ်သောင်းကျန်းသူများက၎င်းတွင်ပါလာသောသေနတ်တလက်ကိုသိမ်းယူလိုက်သည်။


ကျေးရွာလူကြီးများ​၏မေတ္တာရပ်ခံချက်အရ၎င်းတို့အားအဝတ်ဖိနပ်ဆယ်ရံဝယ်ပေးလိုက်ရာမှနောက်ပိုင်းတွင်မိမိသေနတ်ပြန်ရသည်။


၎င်းအားမတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်မှုထင်ရှားစီရင်သည်။


ဦးထွန်းအောင်သာက၊မတရားအသင်းဖြစ်သောကွန်မြူနစ်ပါတီဝင်များအားဖိနပ်ဆယ်ရံပေးခြင်းသည်မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)ပါ”contributes for the purpose of any such association”ဟူသောပြဌာန်းချက်များတွင်အကျုံးဝင်သည်ဟုဆုံးဖြတ်ရာ၌၊သေနတ်ကိုဖိနပ်များနှင့်လဲလှယ်ခြင်း”exchange”မဟုတ်ဟု၊အဘိဓာန်စာအုပ်တအုပ်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်များကို၊ကိုးကားကာစီရင်ထုံးစာမျက်နှာ၁၁မှ၁၅၌၊တရားရုံးချုပ်တဦးထိုင်တရားသူကြီး(ဦးစိန်သင်း)ကအကျယ်တဝင့်အကြောင်းပြသည်။


ယင်းအသင်း​၏ရည်ရွယ်ချက်”for the purpose of any such association”အတွက်ဆက်ကြေးပေးခြင်း၊ထောက်ပံ့ကြေးပေးခြင်း၊သို့မဟုတ်၊ဖိနပ်များ(ပစ္စည်းများ)ပေးခြင်းသည်သဘောသဘာဝချင်းတူပါသည်။


ကွဲပြားရန်အကြောင်းမရှိနိုင်ပါ။


မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)ပါ-


“contributes or receives or solicits any contribution for the purpose of any such association”


ဟူသောပြဌာန်းချက်များကိုသတ္တုချကြည့်လျှင်၊အောက်ပါပြစ်မှုသုံးမျိုးကိုတွေ့မြင်နိုင်သည်-


( က ) contributes for the purpose of any such association .


( ခ ) receives any contribution for the purpose of any such association .


( ဂ ) solicits any contribution for the purpose of any such association .


ဦးထွန်းအောင်သာအမှုသည်အပိုဒ်(က)ပါပြစ်မှုမျိုးဟုတ်မဟုတ်၊ပထမဆင်ခြင်ဆုံးဖြတ်ရန်ဖြစ်သည်။


တရားရုံးချုပ်တဦးထိုင်တရားသူကြီး(ဦးစိန်သင်း)က”contributes”၏အဓိပ္ပာယ်ကိုအင်္ဂလိပ်အဘိဓာန်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်များတွင်ရှာဖွေပြီးစီရင်ချက်စာမျက်နှာ၁၂တွင် 


“he can still be said to have contributed the articles for the purpose of an unlawful association within the meaning of section 17(1) of the Unlawful Association Act , as his act clearly amounted to the giving of boots for the common purpose of use by the members of the association.”


ဟုသုံးသပ်သည်။


လက်နက်ကိုင်ကွန်မြူနစ်သောင်းကျန်းသူများပါဝင်သောကွန်မြူနစ်အသင်း(အဖြူ၊အနီ)​၏ရည်ရွယ်ချက်”purpose”သည်၊တရားဝင်ဖွဲ့စည်းတည်ထောင်သည့်အစိုးရကိုဖြုတ်ချပြီးအာဏာရယူရေးဖြစ်သည်။


ရွာသားများက၎င်းအသင်းကိုဆက်ကြေးပေးခြင်း၊ဦးထွန်းအောင်သာကဖိနပ်ဆယ်ရံဝယ်ပေးခြင်းသည်၊သောင်းကျန်းသူများပါသောအသင်းရည်ရွယ်ချက်အတွက်ပေးကမ်းထောက်ပံ့ပါမှ၊ပြဌာန်းချက်တွင်အကျုံးဝင်သောပြစ်မှုမြောက်ပါမည်။


သို့ဖြစ်ရာပုဒ်မ၁၇(၁)ပါ-


“for the purpose of any such association”


ဟူသောစကားစပ်(context)နှင့်တွဲဖက်စဉ်းစားလျှင်၊”contributes”သည်အဘိဓာန်တွင်ပါရှိသောအဓိပ္ပာယ်ထက်ပို၍ကျယ်ဝန်းသည်ကိုတွေ့မြင်နိုင်သည်။


ဆက်ကြေးပေးရုံမျှဖြင့်လည်းကောင်း၊ဖိနပ်များပေးရုံမျှဖြင့်လည်းကောင်း၊ပုဒ်မ၁၇(၁)ပါပြဌာန်းချက်များတွင်အပြည့်အဝအကျုံးဝင်သည်မဟုတ်။


ကွန်မြူနစ်အသင်းရည်ရွယ်ချက်အလို့ငှာပေးခြင်းဖြစ်ပါမှပြစ်မှုမြောက်မည်ဖြစ်သည်။


သို့ဖြစ်ရာ၊မနောကံမြောက်ကျူးလွန်ခြင်း၊အပြစ်ရှိသောစိတ်စေတနာ(guilty mind - mens rea )ရှိမှ၊ပြစ်မှုမြောက်မည့်ပြစ်မှုအမျိုးအစားဖြစ်ကြောင်းမြင်သာသည်


မြန်မာနိုင်ငံတွင်သောင်းကျန်းသူများအထွဋ်အထိပ်ရောက်ခဲ့စဉ်က၊ရဲစခန်းများနှင့်အလှမ်းဝေးသည်နှင့်အမျှတရားဥပဒေစိုးမိုးမှုလျော့ရဲသထက်လျော့ရဲခဲ့ရာ၊တောနေပြည်သူတို့မှာကျီးလန့်စာစားဘဝတွင်နေခဲ့ရသည်။


အသက်ကိုဖက်နှင့်ထုပ်၍ကြောက်ကြောက်ရွံ့ရွံ့နေခဲ့ရသည်။


သောင်းကျန်းသူများဓားမိုးထားသည့်အနေအထားတွင်ရှိခဲ့သည်။


မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၄၁၄တွင်-


“a sword of Damocles”ကို၊”ကုပ်ပေါ်ဝဲနေသည့်ဓား”ဟုဘာသာပြန်ပြီး-


“The possibility of losing her job hung over her like a sword of Damocles all year.”


ဟုဥပမာပေးထားရာ-


“The possibility of losing their lives hung over villagers like a sword of Damocles all the time.”


ဟုဆိုပါလျှင်၊ထိုစဉ်ကရွာသူရွာသားများအထိတ်တလန့်၊ကျီးလန့်စာစားနေထိုင်ခဲ့ရပုံကိုကွက်ကွက်ကွင်းကွင်းပေါ်လွင်စေပါလိမ့်မည်။


ထိုရွာသားများကသောင်းကျန်းသူတို့အားဆက်ကြေးပေးရခြင်းသည်”contributes for the purpose of the communist insurgent”မဖြစ်နိုင်။


1968 BLR 10 ( 12 )တွင်ပြဆိုထားသကဲ့သို့၊ဦးထွန်းအောင်သာပေးသောဖိနပ်များသည်”for the common purpose of use by the members of the association.”အသင်းဝင်များအသုံးပြုရန်ရည်ရွယ်ချက်တူအတွက်ဖြစ်သည်ဆိုခြင်းမှန်​၏။


သောင်းကျန်းသူများထိုဖိနပ်များကိုစီးနင်းကြမည်မှန်​၏။


သို့သော်ပုဒ်မပါ”for the purpose of any such association”တွင်အကျုံးဝင်သည်မဟုတ်။ 


“the purpose of any such association”ဟူသောစကားရပ်က”for the common purpose of use.”ထက်ပို၍ကျယ်ဝန်းသည်။


ဦးထွန်းအောင်သာကဖိနပ်များပေးခြင်း​၏ရည်ရွယ်ချက်( purpose )သည်သေနတ်ပြန်ရရေးသာဖြစ်သည်။


သောင်းကျန်းသူများ​၏ရည်ရွယ်ချက်ဖြစ်သောအစိုးရကိုဖြုတ်ချရေးအတွက်အဓိကထားသည်မဟုတ်။


အချင်းဖြစ်ဖိနပ်များကိုသောင်းကျန်းသူများအားပေးခြင်းသည်မတရားအသင်းဖြစ်သောကွန်မြူနစ်ပါတီ​၏ရည်ရွယ်ချက်အတွက်ဖြစ်သည်ဟု၊သောင်းကျန်းသူများဓားမိုးထားသောအခြေအနေတွင်နေထိုင်ဖူးခြင်းမရှိသည့်တရားသူကြီးတဦး​၏အဆုံးအဖြတ်သည်၊ 1959 BLR 58 ( S B )အမှု၌"တရားမျှတမှန်ကန်ခြင်းဆိုသည်ကိုပြည်သူတို့နားလည်လက်ခံခြင်းဖြင့်မှတ်ကျောက်တင်အပ်သည်"ဟူသောအဆိုအမိန့်နှင့်ချိန်ထိုးကြည့်ပါကမှန်ပါမည်လား။


မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်ဒဏ်ထိုက်သောအခြားပြစ်မှုတမျိုးမှာ-


“in any way assists the operations of any such association”


တနည်းနည်းဖြင့်၎င်းအသင်း​၏လုပ်ကိုင်ဆောင်ရွက်ရာတွင်ကူညီသည်ဟူသောစကားရပ်၌အကျုံးဝင်သည်။


မြန်မာစာအဖွဲ့​၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၅၉၂၌ operation ကိုစစ်ဆင်ရေးကဲ့သို့လုပ်ငန်းဟုဘာသာပြန်ပြီး a massive police operation covering the entire country ဟုဥပမာပေးထားရာ၊ပုဒ်မ၁၇(၁)ပါ operations ​၏အဓိပ္ပာယ်သည်မတရားအသင်း​၏လုပ်ငန်းများကိုဆိုလိုသည်ဟုယူဆပါသည်။


ပုဒ်မတွင် operations ဟုဗဟုဝုစ်ကိန်းဖြင့်ဖော်ပြထားသည်ကိုသတိပြုရန်လိုသည်။သောင်းကျန်းသူများကအစိုးရကိုဖြုတ်ချရန်ပုန်ကန်ခြားနားရာ၌နည်းဗျူဟာအမျိုးမျိုးသုံးသည်ဖြစ်၍ operations ဟုဗဟုဝုစ်ကိန်းအဖြစ်သုံးခြင်းနှင့်ဆက်စပ်ဆင်ခြင်ရန်ဖြစ်သည်။


" the operations of any such association "


ဟူသောစကားရပ်သည်ကွန်မြူနစ်သောင်းကျန်းသူတို့ကအစိုးရကိုတိုက်ခိုက်ရာ၌အသုံးပြုသောနည်းဗျူဟာမျိုးစုံကိုရည်ညွှန်းသည်။


အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်ခြင်း၊ဝါဒဖြန့်ခြင်း၊ဟောပြောပွဲပြုလုပ်ခြင်းတို့သည်ကွန်မြူနစ်သောင်းကျန်းသူတို့​၏ operations ( လုပ်ငန်းများ )အချို့ဖြစ်သည်။


ဦးထွန်းအောင်သာကဖိနပ်များပေးခြင်းမှသဘာဝအလျောက်ဖြစ်ပေါ်လာသောအကျိုးဆက်မှာထိုဖိနပ်များရသောသောင်းကျန်းသူတို့ကယင်းဖိနပ်များစီးနင်းခြင်းဖြစ်သည်။


အဆုံးစွန်အားဖြင့်ထိုသို့ပေးခြင်းသည်သောင်းကျန်းသူများ၊စီးစေရန်အကြံ၊ဖြင့်ပေးခြင်းထက်ပို၍မှတ်ယူခြင်းမပြုနိုင်။


တပ်မတော်သားများကိုတိုက်ခိုက်ရန်အလို့ငှာထိုဖိနပ်များကိုစီးစေရန်ကြံရွယ်သည်ဟုကောက်ယူလျှင်သက်သေခံအက်ဥပဒေပုဒ်မ၁၁၄တွင်ခွင့်ပြုထားသည်ထက်ပို၍လိုရာဆွဲပြီးမှတ်ယူရာရောက်မည်။


သဘာဝယုတ္တိနှင့်ညီညွတ်သောမှတ်ယူချက်မဖြစ်နိုင်။


ဖိနပ်များပေးခြင်းနှင့်သောင်းကျန်းသူတို့အချင်းဖြစ်ဖိနပ်များကိုစီးကာတပ်မတော်သားများအားတိုက်ခိုက်ခြင်းတို့သည်၊အလှမ်းဝေးသောအဆက်အစပ်ရှိခြင်းထက်မပို။


ညောင်ဦးကမ်းပါးပြိုရာစမ္ပာနဂိုကနွားမပေါင်ကျိုးဆိုရိုးသည်၊အကြောင်းတရားနှင့်အကျိုးတရားတို့ကွာဟလွန်းပုံကို၊ပီပီပြင်ပြင်သရုပ်ဖော်သည့်ပြယုဂ်ဖြစ်သည်။


ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးပေးခြင်းနှင့်သက်ဆိုင်သောပဋိညာဉ်အက်ဥပဒေပုဒ်မ၇၃​၏ဒုတိယအပိုဒ်၌"ဖောက်ဖျက်ခြင်းကြောင့်ဖြစ်ပေါ်သော်လည်းအလှမ်းဝေးသည့်အကြောင်းကြောင့်၊ထို့ပြင်သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေသောမည်သည့်ဆုံးရှုံးခြင်းအတွက်မဆိုသို့မဟုတ်မည်သည့်ဆုံးရှုံးနစ်နာခြင်းအတွက်မဆို၊ထိုကဲ့သို့သောလျော်ကြေးကိုပေးရန်မဟုတ်"ဟုပြဌာန်းထားသည်ကိုထောက်ချင့်ပါက၊တဦးတယောက်သောသူသည်မိမိပြုလုပ်မှုမှပေါ်ပေါက်သော၊အလှမ်းဝေးသည့်အကျိုးဆက်များကို၊ကြံရွယ်သည်ဟုမှတ်ယူခြင်းမပြုနိုင်ကြောင်းပေါ်လွင်သည်။


အချင်းဖြစ်ဖိနပ်များကိုဦးထွန်းအောင်သာကပေးခြင်းသည်ကူညီသည်ဟု၊အပေါ်ယံကြောကြည့်ဆုံးဖြတ်ရန်မဟုတ်။


သောင်းကျန်းသူကွန်မြူနစ်အသင်း​၏ operation တခုခုကိုလုပ်ကိုင်ဆောင်ရွက်ရာ၌ကူညီခြင်းမျိုးဖြစ်ရန်လိုသည်။


ဦးထွန်းအောင်သာသည်မိမိသေနတ်ကိုကွန်မြူနစ်သောင်းကျန်းသူများ​၏သောင်းကျန်းမှုလုပ်ငန်း( operation )အလို့ငှာကူညီလိုသောစိတ်ဆန္ဒမရှိ။


သေနတ်ပြန်ရလိုသည့်ဇောဖြင့်ဖိနပ်များကိုပေးခြင်းဖြစ်ကြောင်း၊ပကတိဖြစ်ရပ်မှန်ကမီးမောင်းထိုးပြလျက်ရှိသည်။


ပုဒ်မ၁၇(၁)လာ assist ( ကူညီသည် )၊ 1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့(ဖ်) )အမှုနှင့်သက်ဆိုင်သောဥပဒေလာ encourages ( အားပေးသည် ) နှင့် comforts ( နှစ်သိမ့်စေသည် )ဟူသော၊ပြုလုပ်မှုအသီးသီးတွင်ပြုလုပ်သူကလိုလိုချင်ချင်၊အလိုအလျောက်ပြုသောစိတ်ဆန္ဒသက်ဝင်သည်မှာမြင်သာသည်။


တနည်းအားဖြင့်မနောကံဖြင့်ကာယကံမြောက်ပြုလုပ်ခြင်းများဖြစ်သည်။


ပြဌာန်းချက်လာ assists ဟူသောစကားလုံးကိုကျဉ်းမြောင်းစွာအဓိပ္ပာယ်ကောက်ယူရန်မဟုတ်။


စကားစပ်(context)ဖြစ်သောကျန်ပြဌာန်းချက်နှင့်ဆက်စပ်ဖတ်ရှုလျှင်၊မနောကံမြောက်စိတ်ရောကိုယ်ပါကျူးလွန်သည့်ပြစ်မှုမျိုးဖြစ်ကြောင်းမြင်သာသည်။


 Assists ဟူသောစကားလုံးသက်သက်ကိုကြည့်၍အဓိပ္ပာယ်ကောက်ယူခြင်းဖြင့်၊သဘာဝယုတ္တိရှိသောအဓိပ္ပာယ်မရနိုင်။


သေနတ်ပြန်ရရန်ဦးတည်ကာဦးထွန်းအောင်သာဖိနပ်များကို၊မလွှဲမရှောင်သာ၍ပေးရသည့်ပတ်ဝန်းကျင်အခြေအနေကိုထောက်ချင့်ပါကသောင်းကျန်းသူများကိုလိုလိုချင်ချင်ထောက်ပံ့ကူညီခြင်းမဟုတ်။


အပြစ်မဲ့သော”innocent”လုပ်ရပ်ဖြစ်သည့်အလျောက်၊( ဒေါက်တာဆီးဂရေ့ဖ် )အမှုတွင်၊အထူးအယူခံမှု၌တရားလွှတ်တော်ချုပ်က-


“It is a fundamental principle of law that a crime is not committed if the mind of the person doing the act is Innocent. "


ဟူသောထုံးဖွဲ့ချက်အရ၊မနောကံမြောက်ပြစ်မှုကျူးလွန်ရာမရောက်နိုင်။


(ဒေါက်တာဆီးဂရေ့ဖ်)စီရင်ထုံးတွင်ကိုးကားထားသော၊ A I R 1951 ( S C ) 332 စီရင်ထုံးပါ-


“Whether a person has a guilty mind or not in doing an act prohibited by law must be judged by the surrounding circumstances of each case."


ဟူသောထုံးဖွဲ့ချက်သည်လည်းအဖြေဖြစ်သည်။


သို့သော် 1968 BLR 10 အမှုတွင်၊တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)သည်ယခင်တရားလွှတ်တော်ချုပ်​၏ထုံးပြုချက်ကိုကိုးကားပြီးကာမှ၊ဖြစ်ရပ်ချင်းမတူသောအခြားစီရင်ထုံးများနောက်သို့လိုက်သွားခဲ့သည်ကိုတွေ့ရသည်။


အမှုတွင်၊တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)က၊တရားလွှတ်တော်ချုပ်​၏စီရင်ထုံးစာမျက်နှာ၄၄( ဒေါက်တာဆီးဂရေ့ဖ်အမှု )ရှိပြဆိုချက်တို့ကိုဖော်ပြပြီးနောက်၊စာမျက်နှာ၁၂၌ -


" The above observations naturally lead to the conclusion that in determining the guilt of the accused person for any of our statutory offences apart from the definition of the offence as crystallized in the statute itself , such a thing as mens rea exists without the proof of the existence of which in the mind of the accused , no criminal liability arises."


ဟုသုံးသပ်ပြီး၊စာမျက်နှာ၁၂နှင့်၁၃တွင်ဆက်လက်အကြောင်းပြသည်။


စာမျက်နှာ၁၃သုံးသပ်ချက်နောက်ဆုံးဝါကျပါ-


" It can therefore be seen that it was not as much on account of the absence of mens rea but due to the presence of a reasonable apprehension of instant death that the appellant earned his acquittal. " 


“သို့ဖြစ်၍အယူခံတရားလိုဒေါက်တာဆီးဂရေ့(ဖ်)တရားသေလွတ်သွားခြင်းမှာ၊ ပြစ်မှုကျူးလွန်ရန်မနောကံမရှိခြင်းသက်သက်ကြောင့်မဟုတ်ဘဲ၊ရုတ်ခြည်းသေဘေးဖြစ်စေရန်စိုးရိမ်ဘွယ်ရာအကြောင်းယုတ္တိရှိခြင်းကြောင့်ဖြစ်သည်ကိုတွေ့မြင်နိုင်သည်”ဟူသောအကြောင်းပြချက်သည်၊တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)ရည်ညွှန်းသော 1952 BLR ( S C ) 44( ဒေါက်တာဆီးဂရေ့ဖ်အမှု )၌စာမျက်နှာ၅၂တွင်ယခင်တရားလွှတ်တော်ချုပ်ကပြဆိုသောအောက်ပါသုံးသပ်ချက်များအရမှန်ကန်ပုံမပေါ်-


" It is true that the appellant was not in fear of the loss of his life or injury to himself or to those dear and near to him as in the case of Stane . But he was in fear of losing his valuable stock of medicine and sustaining damage to his hispital building . Because of this fear he said he gave a box of surgical instruments and some medicine."


တရားလွှတ်တော်ချုပ်က"အယူခံတရားလိုဒေါက်တာဆီးဂရေ့(ဖ်)သည်မိမိအသက်ကိုဖြစ်စေ၊မိမိအားအနာတရဖြစ်စေခြင်းကိုဖြစ်စေ၊ကြောက်ရွံ့ခြင်းမရှိခဲ့၊တန်ဖိုးမဖြတ်နိုင်သည့်ဆေးဝါးများဆုံးရှုံးမည်ကိုလည်းကောင်း၊မိမိဆေးရုံအဆောက်အအုံပျက်စီးသွားမည်ကိုလည်းကောင်းပူပန်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု၊အတိအကျဆိုထားပါလျက်၊ 1968 BLR 10(13)အမှုတွင်ယခင်တရားလွှတ်တော်ချုပ်​၏၊အကြောင်းပြချက်နှင့်ဆန့်ကျင်ဖီလာကောက်ယူမိခြင်းဖြစ်သည်။


တနည်းအားဖြင့်တရားလွှတ်တော်ချုပ်ကမိမိဆုံးဖြတ်သည့်အမှုတွင်၊ပြစ်မှုမြောက်ရန်မနောကံလိုသည်ဟုအကြောင်းပြဆုံးဖြတ်ခြင်းမှာ၊ခရီးသွားဟန်လွှဲဖြစ်သည်ဟုရမယ်ရှာကာလက်မခံဘဲ(မှတ်ချက်။  ။ 1950 BLR ( S C ) 128(129)အမှု၌တရားလွှတ်တော်ချုပ်​၏ပြဆိုချက်တရပ်သည်ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်ဖြစ်သည်ဟု၊ 1954 BLR ( H C )86တွင်တင်ပြရာတရားလွှတ်တော်ခုံရုံးကစီရင်ထုံးစာမျက်နှာ၈၉၌တရားလွှတ်တော်ချုပ်​၏မြွက်ဆိုသောဥပဒေသမှာခရီးသွားဟန်လွှဲသဘောရှိသည်မှန်သော်လည်းနိုင်ငံတွင်အမြင့်ဆုံးတရားရုံး​၏ပြဆိုချက်ဖြစ်သဖြင့်လေးစားစွာလက်ခံရမည်ဟုမှတ်ချက်ပြုထားသည်ကို၊တရားရုံးချုပ်တရားသူကြီးသတိချွတ်ချော်သွားဟန်တူသည်။)ယင်းစီရင်ထုံးနှင့်ကွဲပြားသည်ဟုအကြောင်းပြလျက်ယခင်တရားလွှတ်တော်ချုပ်​၏ထုံးဖွဲ့ချက်နှင့်စပ်ဟပ်အဖြေမထုတ်ဘဲ၊မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်ဒဏ်ထိုက်သောပြစ်မှုကို၊မနောကံမြောက်ကျူးလွန်ရန်မလိုဟုဆုံးဖြတ်ခြင်းဖြစ်သည်။


အမှန်စင်စစ်အဆိုပါပြစ်မှုမျိုးနှင့်သက်ဆိုင်သော 1965 BLR 347( ပြစ်မှု )အမှု၌ပြဆိုထားသည့်" ကွန်မြူနစ်များအားကိုယ်ထိလက်ရောက်ကူညီခဲ့သည်ဟုထင်ရှားအောင်ပြရန်လိုသည်။"ဟူသောထုံးဖွဲ့ချက်နှင့် 1967 BLR ( S C C A C ) 45 အမှုပါ" ဓားမိုးခိုင်းစေခြင်းကြောင့်သောင်းကျန်းသူတို့အားမလွှဲမရှောင်သာ၍ကူညီလိုက်ရခြင်း၊ရိက္ခာပေးလိုက်ရခြင်းစသည်တို့နှင့်စိတ်ရောကိုယ်ပါအယူခံတရားလိုကဲ့သို့လိုက်ပါကူညီခြင်းတို့ကိုခွဲခြားသတ်မှတ်ရမည်။"ဟူသောထုံးဖွဲ့ချက်များကို၊ 1968 BLR 10 အမှု၌ဆင်ခြင်မိခဲ့ပါလျှင်၊မနောကံမြောက်ကျူးလွန်မှသာပြစ်မှုမြောက်သည်ကိုကောင်းစွာဆုံးဖြတ်နိုင်မည်ဖြစ်သည်



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]