တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part One)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part One)
————————————————————-
2015 BLR ( F B ) 174
ဦးရမ်ကူဘေးပန်ဒစ် နှင့် ဦးရှိတုံ(ခ)ဦးလှမြင့်ပါ၅
ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးသာဌေး၊ဦးစိုးညွန့်၊ဦးမြသိမ်း၊ဦးမြင့်အောင်၊ဦးအောင်ဇော်သိန်းနှင့်ဦးမြင့်ဟန်တို့ရှေ့တွင်
အမှုတွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။တရားစွဲဆိုရန်အကြောင်းဆိုသည်မှာတရားလိုအမှုနိုင်ရန်၊သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဖြစ်သည်။
တရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်းဥပဒေ၁(င)ပါပြဌာန်းချက်များအရဆိုလျှင်၊အဆိုလွှာတွင်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများ(facts constituting the cause of action)ကိုအဆိုပြုရမည်ဖြစ်သည်။
အဆိုလွှာကတရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုထင်ရှားသိသာစေခြင်းမရှိလျှင်အမိန့်၇၊နည်းဥပဒေ၁၁(က)အရအဆိုလွှာကိုပယ်ရမည်ဖြစ်သည်။
ထို့ကြောင့်အဆိုလွှာ၌အဆိုပြုသောအကြောင်းခြင်းရာများသည်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေခြင်းရှိမရှိသာလျှင်စိစစ်ရမည်။
တနည်းဆိုရသော်ထိုအကြောင်းခြင်းရာများထင်ရှားခဲ့လျှင်တရားလိုသည်အမှုနိုင်ခြေရှိမရှိ(to prove before he can succeed in the suit)သာလျှင်စိစစ်ရန်ဖြစ်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၂၀(ဂ)တွင်၊တရားစွဲဆိုရန်အကြောင်းလုံးလုံးလျားလျားဖြစ်စေ၊တစိတ်တဒေသဖြစ်စေပေါ်ပေါက်ရာဒေသအတွင်း၌စီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးတွင်စွဲဆိုရမည်ဟုလည်းကောင်း၊အမိန့်၂၊နည်းဥပဒေ၂(၃)တွင်တရားစွဲဆိုရန်အကြောင်းတရပ်တည်းနှင့်စပ်လျဉ်း၍တခုထက်ပိုသောသက်သာခွင့်များကိုရထိုက်ခွင့်ရှိသူတဦးသည်အဆိုပါသက်သာခွင့်အားလုံးအတွက်ဖြစ်စေ၊အချို့အဝက်အတွက်ဖြစ်စေတရားစွဲဆိုနိုင်သည်။XXXXXXXXဟုလည်းကောင်းပြဌာန်းထားသည်။
တရားပြိုင်ဘက်မှချေလွှာတင်ရန်ပြဌာန်းထားသောတရားမကျင့်ထုံးဥပဒေအမိန့်၈မတိုင်မီ၊ပုဒ်မ၂၀(ဂ)၊အမိန့်၂၊နည်းဥပဒေ၂(၃)၊အမိန့်၇၊နည်းဥပဒေ၁(င)နှင့်နည်းဥပဒေ၁၁(က)တို့တွင်”တရားစွဲဆိုရန်အကြောင်း”စကားရပ်အားရည်ညွှန်းထားခြင်းကိုထောက်ချင့်ပါကတရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်သည်ချေလွှာနှင့်မသက်ဆိုင်ကြောင်းမြင်သာသည်။
ဦးဆောင်း နှင့် ဦးခင်မောင်အမှု[၁၉၅၉ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၃၁၄(တရားလွှတ်တော်)]တွင်တရားစွဲဆိုရန်အကြောင်း(Cause of action)ဆိုသည့်စကားရပ်ကိုအောက်ပါအတိုင်းပြဆိုထားသည်-
["Cause of action” occurring in s. 20 (c) of the Civil Procedure Code means every fact which if traversed, it would he necessary for the plaintiff to prove in order to support his right to the judgment of the Court.
In other words, it is a bundle of facts which it is necessary for the plaintiff to prove before he can succeed in the suit.]
တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရမီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဟုအဆိုပါစီရင်ထုံးတွင်ပြဆိုခြင်းသည်အမိန့်၇၊နည်းဥပဒေ၁(င)ပါပြဌာန်းချက်အဓိပ္ပာယ်ကိုပိုမိုရှင်းလင်းရာရောက်သည်။
စီရင်ထုံးပါ”အမှုတွင်အနိုင်မရမီ”ဟူသောစကားရပ်သည်-
”အမှုတွင်အနိုင်ရရန်”အဓိပ္ပာယ်ရသည်ဟုတနည်းဆိုနိုင်သည်။
ထပ်မံဆုံးဖြတ်ချက်။ ။အယူခံတရားလိုသည်ပိုင်ရှင်အသွင်ဖြင့်ပိုင်ရှင်၏အခွင့်အရေးများကိုရရှိနေထိုင်ခဲ့သူမဟုတ်ကြောင်းအဆိုလွှာအရပေါ်ပေါက်သဖြင့်အယူခံတရားလိုသည်အချင်းဖြစ်မြေနှင့်အဆောက်အအုံတွင်ဆိုင်ရေးဆိုင်ခွင့်(interest)မရရှိ၍လက်ရှိထားပိုင်ခွင့်(possessory title)ရရှိသူဟုလည်းမဆိုနိုင်ချေ။
ထို့ကြောင့်အယူခံတရားလိုအနေဖြင့်လက်ရှိထားပိုင်ခွင့်အခွင့်အရေးကိုအကြောင်းပြု၍လက်ရောက်ရလိုမှုစွဲဆိုခွင့်အခွင့်အရေးမရှိချေ။”
—————————————————————-
2015 BLR ( F B ) 174 အမှုတွင်”တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရမီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစု”ဟုမြွက်ဆိုပြခြင်းသည်သစ္စာတရားဖြစ်သည်။
အင်္ဂလန်နိုင်ငံစီရင်ထုံးများမှအစပြုကာယနေ့တိုင်မြန်မာနိုင်ငံတွင်တစိုက်မတ်မတ်လိုက်နာလျက်ရှိသောဥပဒေသဘောတရားဖြစ်သည်။
အထူးသတိချပ်ရန်မှာထိုဥပဒေသဘောကိုနှလုံးမူကာဆိုင်ရာဥပဒေအရ၊ထို့ပြင်ဆိုင်ရာအမှုအမျိုးအစားအရမည်သည့်အကြောင်းခြင်းရာစုဖြစ်ကြောင်းဖော်ထုတ်ဆင်ခြင်ဆုံးဖြတ်ရန်မှာရုံးထိုင်တရားသူကြီး၊တရားသူကြီးများ၏တာဝန်ဖြစ်သည်။
2015 BLR ( F B ) 174 အမှုတွင်ပြဆိုသော”တရားစွဲဆိုရန်အကြောင်း”ဟူသည့်စကားရပ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်သည်အရှင်းလင်းဆုံးဖြစ်သည်ဟုဆိုရပါမည်။
ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုနှလုံးသွင်းကာဆိုင်ရာအမှုတွင်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသော(တနည်းအားဖြင့်တရားစွဲဆိုပိုင်ခွင့်ကိုရရှိစေသော)အကြောင်းခြင်းရာများကို”ဆိုင်ရာဥပဒေ”နှင့်စပ်ဟပ်ဆင်ခြင်ဖော်ထုတ်နိုင်မှုသည်အဆိုလွှာရေးသည့်ရှေ့နေရှေ့ရပ်၏ပညာစွမ်းအပေါ်တည်ပါသည်။
စီရင်ထုံးများပါအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုသိရုံမျှဖြင့်ဆုံးခန်းတိုင်မရောက်သေး။
တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပာယ်ကိုသိနားလည်ခြင်းသည်၊တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုရှာဖွေသိရှိနိုင်ရန်အထောက်အကူဖြစ်စေသည့်နည်းလမ်းမျှသာဖြစ်သည်ကိုသတိချပ်ရန်လိုသည်။
စွဲဆိုသည့်အမှုတွင်တရားလိုအမှုအနိုင်ရရန်မည်သည့်အကြောင်းခြင်းရာများကိုသက်သေထင်ရှားပြရန်လိုကြောင်း”ဆိုင်ရာဥပဒေနှင့်ချိန်ထိုးကာအဆိုလွှာရေးသူကဆင်ခြင်ယူရန်ဖြစ်ကြောင်း” 2015 BLR ( F B ) 174 အပါအဝင်စီရင်ထုံးများကလမ်းညွှန်ခြင်းထက်မပို။
“ယင်းစီရင်ထုံးများကတရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုရှာတွေ့သည်အထိခရီးလမ်းဆုံးသို့ပို့ဆောင်ပေးမည်မဟုတ်။”
ဆိုင်ရာဥပဒေနှင့်အကြောင်းခြင်းရာတို့ကိုရှာဖွေတွေ့နိုင်စေသည့်လမ်းညွှန်မှုသာဖြစ်သည်။
မှုခင်းအရပ်ရပ်ကိုလွှမ်းခြုံမိသောဖော်နည်းကားစီရင်ထုံးဟူ၍မရှိနိုင်။
အမှုအမျိုးအစားကွဲပြားသည်နှင့်အမျှတရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာတို့သည်လည်းခြားနားကြမည်ဖြစ်ရာထိုအကြောင်းခြင်းရာတို့ကို”ဆိုင်ရာဥပဒေ”နှင့်စပ်ဟပ်ပြီးလေးလေးနက်နက်မဆင်ခြင်ဘဲအမှုဇာတ်လမ်းကိုအကျဉ်းချုံးကာဖော်ပြသည့်ဖြတ်လမ်းနည်းကိုကျင့်သုံးသည့်လွဲမှားသောအလေ့အထပေါ်ပေါက်လာဟန်တူသည်။
အထူးသတိပြုရန်မှာအဆိုလွှာ၌အမိန့်၇၊နည်း၁(င)အရအဆိုပြုသောအကြောင်းခြင်းရာတို့သည်တရားလိုအားတရားစွဲဆိုပိုင်ခွင့်(right to sue)ရရှိစေပါသလား?။
တနည်းအားဖြင့်နည်း၁(ဆ)အရတောင်းဆိုသောသက်သာခွင့်ကို
ဆိုင်ရာဥပဒေများအရ၊ရထိုက်ခွင့်ရှိစေပါသလား?။
သတိပြုရန်ဖြစ်သည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
“A person entitled to the possession of specific immovable property may recover it in the manner prescribed by the Code of Civil Procedure.”
(“သီးခြား”မရွှေ့မပြောင်းနိုင်သောပစ္စည်းကို”လက်ရောက်ရထိုက်ခွင့်ရှိသူ”သည်တရားမကျင့်ထုံးဥပဒေတွင်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်းပြန်ရနိုင်သည်။)
ပုဒ်မ၈ပါ”in the manner prescribed by the Code of Civil Procedure.”ဟူသောစကားရပ်သည်”by a suit for ejectment on the basis of title”ဟုဆိုလိုကြောင်း၊ (1911) 33 All 174 ( F B )အမှုတွင်ထုံးဖွဲ့ထားသည်။
အထက်ပါပြဌာန်းချက်များမှာရှင်းပါသည်။
“တရားလိုသည်လက်ရောက်ရလိုသောပစ္စည်းပိုင်ရှင်ဖြစ်ရမည်ဟုသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈ကမဆို။
သို့ဖြစ်ပါလျက်၊2015 BLR ( F B ) 174 အမှုတွင်တရားရုံးအဆင့်ဆင့်သည်ဆိုင်ရာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈ပါပြဌာန်းချက်များကိုနှလုံးမမူဘဲ၊စီရင်ထုံးများနှင့်တရားမကျင့်ထုံးဥပဒေပုဒ်မ၂၀(ဂ)ပါပြဌာန်းချက်များကိုရှေ့တန်းတင်သည်။
ဤကိစ္စအလို့ငှါတရားလိုအမှုရှုံးသောစီရင်ထုံးများကိုလေ့လာမှတ်သားရန်ဖြစ်သည်။
Comments
Post a Comment