ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်၊စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ(Part Three)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1971 BLR ( S B ) 62
ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ(Part Three)
————————————————-
1971 BLR ( S B ) 62
ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်
စီရင်ထုံးတွင်အဆုံးသတ်သောမူလအမှုကို၊စာရေးသူအပြီးသတ်ကြားနာသောအခါ၊တရားပြိုင်ဒေါ်စောရွှေ၏ရှေ့နေကတရားပြိုင်တို့မှာဆင်းရဲနွမ်းပါးသည်ဖြစ်၍တရားစရိတ်ကျခံစေရန်၎င်းတို့အပေါ်အမိန့်မချမှတ်ရန်အသနားခံလျှောက်ထားသော်လည်းစာရေးသူကသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂ပါ”in its discretion”ဟူသောပြဌာန်းချက်အရအပ်နှင်းထားသည့်ဆင်ခြင်တုံတရားကို၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၂၂ပါပြဌာန်းချက်များနှင့်အညီကျင့်သုံးပြီးတရားလိုတောင်းဆိုသောသက်သာခွင့်ကိုမပေးဘဲလျော်ကြေးခွင့်ပြုသည်။
[ စီရင်ထုံးတွင်”မူလတရားရုံးကအကြောင်းအချက်တို့ကိုကောင်းစွာသုံးသပ်ပြီးနောက်ဆင်ခြင်တုံတရား(မှတ်ချက်။ ။discretion ကိုဆိုလိုသည်။)ကိုသဘာဝယုတ္တိနှင့်အညီမျှတစွာသုံးစွဲထားခြင်းဖြစ်သည်”ဟုမှတ်ချက်ပြုခြင်းခံရသည်။ ]
စီရင်ထုံးစာမျက်နှာ၆၂နှင့်၆၃တွင်၊အထူးခုံရုံး( S B )ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။မူလရုံးကအကြောင်းအချက်တို့ကိုကောင်းစွာသုံးသပ်ပြီးနောက်ဆင်ခြင်တုံတရားကိုသဘာဝယုတ္တိနှင့်အညီမျှတစွာသုံးစွဲထားခြင်းဖြစ်သည်။ပုဒ်မ၂၂ကလည်းဆင်ခြင်တုံတရားကိုသုံးစွဲခွင့်အာဏာကိုရုံးအားအပ်နှင်းထားသည်။ယင်းသို့သုံးစွဲ၍ဆုံးဖြတ်ထားသည်ကိုအယူခံရုံးကကြည့်ရှု၍တရားမျှတမှုကင်းနေလျှင်ပြင်ဆင်နိုင်သည်မှန်၏။သို့ရာတွင်မူလရုံးကဆင်ခြင်တုံတရားသုံးစွဲပုံမှန်မမှန်စီစစ်ဝေဖန်ရန်ဖြစ်၏။အယူခံရုံးကမိမိ၏ဆင်ခြင်တုံတရားကိုမူလရုံး၏ဆင်ခြင်တုံတရားနှင့်အစားထိုးရန်မဟုတ်။အယူခံရုံးထိုင်တရားသူကြီးကမိမိသာလျှင်မူလအမှုကိုစစ်ဆေးလိုက်ရလျှင်၊ဤသို့ကွဲလွဲ၍ဆုံးဖြတ်လိုက်ရလျှင်သင့်မြတ်မည်ဟုယူဆကာမျှနှင့်လည်း၊အယူခံမှုတွင်ယင်းသို့ကွဲလွဲ၍ဆုံးဖြတ်ပေးရန်မဟုတ်ချေ။
ထပ်မံဆုံးဖြတ်ချက်။ ။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂၏ရှင်းလင်းချက်တွင်”အခြားဆန့်ကျင်သောအချက်အလက်ကိုသက်သေမထူနိုင်လျှင်”ဟူသောစကားရပ်များကချုပ်ထားသည်ကိုမမေ့အပ်။သာမန်အားဖြင့်မြေကိုလွှဲပြောင်းပေးခြင်းကိုငွေလျော်ကြေးဖြင့်အစားထိုး၍မလုံလောက်ဟုယူဆရမည်။သို့ရာတွင်မြေကိုလွှဲအပ်သဖြင့်အိမ်ဖျက်ရမည်၊ရေတွင်းဖို့ရမည်ဟုထင်ရှားစွာအမှုတွင်ပေါ်နေသောအချက်သည်၊ယင်းယူဆချက်ကိုဆန့်ကျင်၍သက်သေထူထားသောအချက်ဖြစ်သည်။
ပုဒ်မ၂၂ကတရားရုံးအားအပ်နှင်းထားသောအာဏာသည်အက်ဥပဒေပြဌာန်းချက်များကိုလွှမ်းခြုံသည်။ရှေ့ကပါသောပုဒ်မ၁၂ကိုလည်းလွှမ်းခြုံသည်။ပုဒ်မ၁၂တွင်ပါရှိသောရှင်းလင်းချက်အရအချင်းဖြစ်ကိစ္စသည်မြေစသောမရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်လျှင်ပစ္စည်းကိုပင်မပေးမနေပေးအပ်စေရမည်ဆိုလျှင်၊တရားရုံးအားပုဒ်မ၂၂ကအပ်နှင်းသောအာဏာသည်အဓိပ္ပာယ်မရှိ၊အချီးနှီးဖြစ်လိမ့်မည်။
မူလရုံးကနှစ်ဖက်မျှတစေသောငှါ၊ဒေါ်မှန်အား၊ဒေါ်စောရွှေကလျော်ကြေးပေးစေ၏။ပုဒ်မ၁၉အရ၊ယင်းသို့လျော်ကြေးပေးစေရန်အမိန့်ချမှတ်ပေးနိုင်သည်။ပုဒ်မ၁၉၏ဒုတိယအပိုဒ်တွင်တရားရုံးကပဋိညာဉ်အတိုင်းဆောင်ရွက်စေဟုလည်းအမိန့်မပေး၊ပဋိညာဉ်ဖောက်ဖျက်မှုလည်းရှိနေသည်ဟုတွေ့ရလျှင်၊တရားလိုအားသင့်တော်သောလျော်ကြေးကိုပေးစေရန်မိန့်ဆိုနိုင်သည်ဟုပြဌာန်းထားသည်။ထို့ကြောင့်တရားလိုကလျော်ကြေးမတောင်းစေကာမူတရားရုံးကလျော်ကြေးပေးထားခြင်းသည်ဥပဒေအာဏာမလွန်။”
ခရိုင်တရားရုံးနှင့်တရားရုံးချုပ်(မန္တလေးရုံးထိုင်)တို့ကစာရေးသူ၏အကြောင်းပြချက်များကိုလက်မခံ၍ဒေါ်စောရွှေတို့အမှုရှုံးသည်။
ရှေ့နေ၏ဝန်ခံချက်အရဒေါ်စောရွှေတို့သည်နွမ်းပါးသူများဖြစ်ခဲ့ပါလျှင်ရန်ကုန်မြို့သို့သွားရသည့်စရိတ်၊ဥပဒေပါရဂူရှေ့နေကိုငှါးရာတွင်ကုန်ကျသည့်စရိတ်စသည့်စရိတ်များအကုန်အကျတော်တော်များများကျခံကာတရုံးနိုင်၊နှစ်ရုံးရှုံးအမှုကိုအခွင့်ထူးအယူခံမဝင်တန်ရာ။
တဖက်တွင်မူလတရားရုံးကတရားပြိုင်ဘက်အားအနိုင်ပေးသောအဆုံးအဖြတ်သည်ဒေါ်စောရွှေအတွက်အားဆေးတခွက်ဖြစ်ခဲ့ပုံပေါ်သည်။
ဒေါ်စောရွှေအားအငိုတိတ်စေသော 1971 BLR ( S B ) 62 စီရင်ထုံးတွင်ထုံးပြုသည့်စီရင်ချက်ကိုချမှတ်ပြီးနောက်တနေ့(၅-၆-၁၉၇၁)နေ့ထုတ် The Nation သတင်းစာတွင်၊တရားရုံးချုပ်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးကျော်ဇံဦး၊တရားသူကြီးဦးသက်ဖေတို့နှစ်ဦးပါသောအထူးခုံရုံး( S B )၏စီရင်ချက်ကိုသတင်းစာမျက်နှာဖုံး၌ပါလာသည်။
သတင်းစာပါအင်္ဂလိပ်ဘာသာအရေးအသားသည်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၏ပြောင်မြောက်သောမြန်မာစာအရေးအသားစံကိုမှီသည်။
The Nation သတင်းစာ၌စာရေးသူဖတ်ဖူးသောစီရင်ချက်ဘာသာပြန်တို့သည်၊အရေးအသားအကောင်းချည်းဖြစ်ချေသည်။
ထိုသတင်းစာကိုဖတ်ရသောစာရေးသူသည်ဒေါ်စောရွှေအမှုရှုံးခြင်းကြောင့်မငိုမိစေရန်အခိုက်အတန့်အားဖြင့်တားဆီးနိုင်ခဲ့သည့်အတွက်ပီတိဖြစ်ခဲ့ရသည်။
အကြောင်းအားလျော်စွာစီရင်ထုံးကိုဖတ်ရန်ကြုံကြိုက်တိုင်းလည်းပီတိဖြစ်ရဆဲ။
တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့သည်စာရေးသူကဲ့သို့ပီတိ၏အရသာကိုမြည်းကြည့်(မကြုံဖူးပါက)စေလိုသောဆန္ဒရှိသည်။
တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့သည်”ကုသိုလ်လည်းရ၊ဝမ်းလည်းဝ”စေသောမြင့်မြတ်သည့်အသက်မွေးမြူမှုဖြင့်ဝမ်းကျောင်းသူများဖြစ်ကြသည်။
တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့သည်”ပီတိစား၊အားရှိပါ၏”အဆိုအမိန့်ကိုခံယူကာ၊မြန်မာနိုင်ငံ၏တရားစီရင်ရေးဖြစ်ထွန်းမှုတွင်၊တတပ်တအားပါဝင်ရသည်ကိုဂုဏ်ယူသင့်၏။
အမှုမှန်ဖြစ်ပါလျက်အမှုရှုံးရသောသောကရှင်အမှုသည်များကင်းဝေးစေရေးမှာထိုသူတို့ခံယူသောဦးတည်ချက်ဖြစ်သင့်သည်။
—————————————————————
Comments
Post a Comment