ကန်ထရိုက်တိုက်ခန်းများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ကန်ထရိုက်တိုက်ခန်းများ

——————————————-


၁၉၉၀ပြည့်နှစ်မှစ၍ရန်ကုန်မြို့တွင်ကန်ထရိုက်တိုက်များအစီအရီပေါ်လာသည်။


မြေရှင်ကမြေစိုက်၊ကန်ထရိုက်ကငွေစိုက်စနစ်ဖြင့်တိုက်များဆောက်ရာ၌၊မြေရှင်များနှင့်ကန်ထရိုက်တာများ(အဆောက်အအုံအဟောင်းတွင်နေထိုင်သူများလည်းပါဝင်သည်)စာချုပ်ချုပ်ဆိုကာ၊ကန်ထရိုက်တာများကဆောက်သည့်အဆောက်အအုံတွင်ဖြစ်ပေါ်လာမည့်တိုက်ခန်းထက်ဝက်ရယူပြီး၊မြေရှင်များနှင့်အဆောက်အအုံဟောင်းတွင်နေထိုင်သူများကကျန်တိုက်ခန်းများကိုခွဲဝေလေ့ရှိသည်။


မြေရှင်များသည်ကန်ထရိုက်တိုက်တတိုက်တွင်၊အနည်းဆုံးတိုက်ခန်းတခန်းရသည်။


ဤကားကန်ထရိုက်တိုက်များနှင့်စပ်လျဉ်း၍ဖြစ်ထွန်းလာသောထုံးတမ်း(usage)ဖြစ်သည်။


ကန်ထရိုက်တိုက်များ၏ဖွားဖက်တော်တခုမှာ”ကြိုပွိုင့်”ဆိုသောဝေါဟာရသစ်တခုဖြစ်သည်။


ကန်ထရိုက်တာများသည်မိမိတို့၏ခွဲတမ်းတိုက်ခန်းများကိုကြိုတင်ရောင်းချပြီး၊ရောင်းရငွေများကိုကန်ထရိုက်တိုက်ဆောက်ရာ၌သုံးစွဲကြသည်။


အမှုအခင်းဖြစ်ပွါးသည့်ဇာတ်ဆောင်များဖြစ်ကြသောကန်ထရိုက်တာသည်မိမိ၏ခွဲတမ်းတိုက်ခန်းများကိုဝယ်ယူသူတို့အား”ကြိုပွိုင့်စနစ်”အရရောင်းချရာ၌၊အခန်းတခန်းတည်းကိုပင်နှစ်ဦးအားရောင်းချသဖြင့်အမြင့်ဆုံးတရားရုံးတိုင်အငြင်းပွါးခဲ့သည်။


ကန်ထရိုက်တာများကကြိုပွိုင့်စနစ်အရရောင်းချသောတိုက်ခန်းများနှင့်စပ်လျဉ်း၍ဝယ်သူတို့သည်၁၉၉၀ပြည့်နှစ်ခန့်မှစ၍ရန်ကုန်တိုင်းအတွင်းရှိတရားရုံးများ(အထူးသဖြင့်ရန်ကုန်တိုင်းတရားရုံး)တွင်စတင်တရားစွဲဆိုစဉ်အခါက၊”တိုက်ခန်းအရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရန်”သာအရေးဆိုကြသည်။


လက်ရောက်ပေးအပ်ရန်မတောင်းဆိုကြ။

———————————————————-


1971 BLR ( S B ) 62 


ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်


အမှုတွင်”ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှု”ဟုဖော်ပြထားသည်ကိုသတိထားမိဟန်မတူ။

——————————————————


အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော-


1962 BLR ( H C ) 212 


U TIN AND ONE (APPLICANTS)

                       V.

U HLA MIN (RESPONDENT).*


Before U Kyaw Zan U, J.

————————————————


1965 BLR ( C C ) 1050 


U TIN MYINT (PLAINTIFF)

                      V.

U KHIN MYINT AND ONE (RESPONDENTS).


Before U Thet Pe, J.


စီရင်ထုံးများရှိနေသည်ကိုသတိထားမိပုံမပေါ်။

————————————————


မြန်မာဘာသာဖြင့်ထုံးပြုထားသော-


1985 BLR 59 


ဦးဇော်ဖေ နှင့် ဒေါ်ခင်သန်း


ဥက္ကဌအဖြစ်ဦးအေးမောင်၊အဖွဲ့ဝင်များအဖြစ်ဦးတင်အောင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးကိုလည်းသတိထားမိဟန်မတူ။


ထိုစဉ်ကစီရင်ထုံးပေါင်းချုပ်များမထွက်သေး။

————————————————————


နောက်ပိုင်းတွင်လက်ရောက်ရလိုမှုပါတပါတည်းတောင်းဆိုလာကြသည်။


ဇာရီမှုတွင်စာချုပ်ချုပ်ပြီးစာချုပ်ကိုမှတ်ပုံတင်ရာတွင်မှတ်ပုံတင်ပေးခြင်းမပြုဟုဆိုသည်။


ထိုအတိုင်းမှန်လျှင်ကန်ထရိုက်တိုက်ခန်းများမှတ်ပုံတင်စာချုပ်ကိုမှတ်ပုံတင်ပေးစေရန်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၇၇(၁)တွင်ခွင့်ပြုထားသည့်အတိုင်းတရားတထုံးစွဲဆိုရန်ဖြစ်သော်လည်းစွဲဆိုခြင်းမပြု။


တရားရုံးအချို့ကထီပေါက်ပြီးထီလက်မှတ်ပျောက်သည့်အနေအထားတွင်ရောက်နေသောတရားနိုင်၏အကျိုးကိုငဲ့၍နောက်ပိုင်း၌၊လက်ရောက်ပေးအပ်သည့်ဒီကရီချမှတ်ကြသည်။


ရောင်းရာ၌မြေမပါသဖြင့်ကန်ထရိုက်တိုက်ခန်းအရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ရန်မလိုဟုအကြောင်းပြသည်ကိုတွေ့ရသည်။

—————————————————-


1999 BLR 141 


ဦးဖုန်းဝင်း

———————-

ဒေါ်ယူဇာမော်ထွန်း(၎င်း၏အခွင့်ရကိုယ်စားလှယ်ဦးဖုန်းဝင်း)

——————————

ဦးရဲထွန်း(၎င်း၏အခွင့်ရကိုယ်စားလှယ်ဦးဖုန်းဝင်း)


                           နှင့်


ဒဂုံအင်တာနေရှင်နယ်လီမီတက်(၎င်း၏စီမံကိန်းဒါရိုက်တာဦးသန်းရှိန်)


တရားရုံးချုပ်တရားသူကြီးဦးထွန်းရှင်ရှေ့တွင်


အမှုတွင်၊ကန်ထရိုက်တိုက်ရောင်းသူကဝယ်သူထံမှရောင်းဖိုးကျန်ငွေရလိုကြောင်းတရားစွဲဆိုသောအမှုဖြစ်သည်။


စာချုပ်ကိုမှတ်ပုံတင်ရန်မလိုဟုပြဆိုသောစီရင်ထုံးမဟုတ်သည်ကိုတွေ့ရသည်။

————————————————————-


ဤနေရာတွင်ကြားဖြတ်ဆွေးနွေးစရာတရပ်ရှိပါသည်။


စီရင်ထုံးကိုကိုးကားရာတွင်၊ထုံးပြုသောတရားရုံးချုပ်၏အမှုအမှတ်များကိုဖော်ပြရန်မဟုတ်။


စီရင်ထုံးကိုစာမျက်နှာ၁၄၁တွင်စတင်ဖော်ပြထားရာထိုစာမျက်နှာကိုသာလျှင်ကိုးကားဖော်ပြရန်ဖြစ်သည်။


စီရင်ထုံးခေါင်းစီးတွင်မပါဘဲ၊စာကိုယ်ပါသုံးသပ်ချက်ကို၊ကိုးကားသည့်အခါတွင်မူစီရင်ထုံးစာမျက်နှာမူရင်းအပြင်၊ကိုးကားသောသုံးသပ်ချက်ပါသည့်စာမျက်နှာကိုပါကိုးကားရန်ဖြစ်သည်။

————————————————————


စာချုပ်စာတမ်းများကိုမလွဲမသွေမှတ်ပုံတင်ရန်ပြဌာန်းထားသည့်စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၁၇(၁)(ခ)ပါမရွှေ့မပြောင်းနိုင်သောပစ္စည်းဆိုသည့်စကားရပ်ကိုယင်းဥပဒေပုဒ်မ၂(၆)တွင်အောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်-


“immovable property “ includes lands, buildings, hereditary allowances, rights to ways, lights, ferries, fisheries or any other benefit to arise out of land, and things attached to the earth or permanently fastened to anything which is attached to the earth, but not standing timber, growing crops nor grass.”


ကန်ထရိုက်တိုက်၏မြေညီထပ်သည်၊အထက်ပုဒ်မပါ”things attached to the earth(မြေကြီးနှင့်စွဲကပ်နေသောပစ္စည်း)ဖြစ်သည်။


မြေညီထပ်အပေါ်ရှိအထပ်များသည်”permanently fastened to anything which is attached to the earth “ဟူသောပြဌာန်းချက်တွင်အကျုံးဝင်သည်ဖြစ်ရာ၊ကန်ထရိုက်တိုက်ခန်းများသည်ပုဒ်မ၂(၆)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်သည်မှာယုံမှားဖွယ်မရှိ။


ထိုတိုက်ခန်းများကိုမှတ်ပုံတင်အရောင်းအဝယ်စာချုပ်များချုပ်ဆိုခြင်းမပြုဘဲလွှဲပြောင်းခြင်းသည်အဆိုပါစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၉(က)အရအထမြောက်မည်မဟုတ်။

—————————————————————-


မြေရှင်၊ကန်ထရိုက်တာနှင့်အဆောက်အအုံဟောင်းတွင်နေထိုင်ခဲ့ကြသောသူတို့ကနဦးချုပ်ဆိုသောစာချုပ်တွင်၊၎င်းတို့သည်မည်သည့်အခန်းများကိုအသီးသီးရရန်ဖြစ်ကြောင်းတပါတည်းသတ်မှတ်လေ့ရှိသည်။


ထိုစာချုပ်မျိုးကိုလည်းမှတ်ပုံတင်မှသာတိုက်ခန်းခွဲတမ်းသတ်မှတ်ခြင်းသည်အထမြောက်မည်ဖြစ်သည်။

——————————————————————-


ကန်ထရိုက်တိုက်များဆောက်ပြီးနောက်ကန်ထရိုက်တာများသည်မြေရှင်နှင့်အဆောက်အအုံတွင်နေသူများအားခွဲတမ်းတိုက်ခန်းများကိုပေးအပ်လေ့ရှိသဖြင့်စာချုပ်များခိုင်လုံမှုပြဿနာမပေါ်ခဲ့။


ကန်ထရိုက်တာကမိမိခွဲတမ်းရသောတိုက်ခန်းများရောင်းချခြင်းနှင့်စပ်လျဉ်း၍အမှုအခင်းဖြစ်ကြသည်ကိုသာတွေ့ရသည်။


ကန်ထရိုက်တာထံမှ၎င်းခွဲတမ်းရသောမြေညီထပ်ကိုဝယ်သူသည်ကန်ထရိုက်တိုက်ဆောက်ရာ၌၊ကန်ထရိုက်တာနှင့်မြေရှင်တို့ချုပ်ဆိုသောစာချုပ်၌ဖော်ပြထားသည့်အတိုင်းမြေရှင်အားငှါးရမ်းခပေးတတ်သည်။


ထိုအခါဝယ်သူသည်မြေရှင်၏မြေငှါး(အိမ်ငှါး)ဖြစ်သွားသည်မှာမြင်သာသည်။


ကန်ထရိုက်တာထံမှအထက်အထပ်များကိုဝယ်ယူနေထိုင်သူများသည်မြေရှင်အားအလားတူငှါးရမ်းခများပေးလျှင်၊၎င်းတို့သည်လည်းမြေရှင်၏မြေငှါး(အိမ်ငှါး)အဖြစ်သို့ရောက်ရှိခြင်းရှိမရှိမှာမူအငြင်းပွါးစရာဖြစ်သည်။


အကြောင်းမူအထက်အထပ်များသည်မြေတွင်မြုပ်ဝင်နေခြင်းမရှိသဖြင့်မြေငှါးဟုအတိအကျဆိုရန်ခဲယဉ်းသည်။


သို့ဖြစ်ရာအငှါးချထားခြင်းကိုအဓိပ္ပာယ်ဖွင့်ဆိုသောပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၅ပါပြဌာန်းချက်များကိုလိုအပ်သလိုပြင်ဆင်ရန်လိုပေလိမ့်မည်။

———————————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]