ကန်ထရိုက်တိုက်ခန်းများကိုအပျောက်ဖြင့်ဝယ်ယူသည်ဆိုသောကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ကန်ထရိုက်တိုက်ခန်းများကိုအပျောက်ဖြင့်ဝယ်ယူသည်ဆိုသောကိစ္စ

———————————————-


2002 BLR ( S A B ) 190 


ဒေါ်ခင်ဌေးသန်း နှင့် ဦးကိုဌေးပါ၂


တရားရုံးချုပ်ဒုတိယတရားသူကြီးချုပ်ဦးသန်းဦး၊တရားသူကြီးများဖြစ်ကြသောဒေါက်တာတင်အောင်အေးနှင့်ဦးချစ်လွင်တို့၏ရှေ့တွင်


အမှုတွင်”အပျောက်စနစ်ဖြင့်ရောင်းချခြင်း”ကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်-


“အပျောက်စနစ်ဖြင့်ရောင်းချခြင်းသည်လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဖြစ်သည်။လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဆိုသည်မှာငှါးရမ်းသည့်ကာလသတ်မှတ်ချက်မရှိဘဲအိမ်ငှါးကဥပစာလက်ဝယ်ထားပိုင်ခွင့်ကိုဝယ်ယူ၍အိမ်ရှင်အားငှါးရမ်းခကိုပေးသည့်ငှါးရမ်းခြင်းကိုဆိုသည်။”


ဥပစာများကိုအပျောက်ဖြင့်ငှါးရမ်းခြင်းမှာ၊အဓိကအားဖြင့်ရန်ကုန်မြို့လယ်ခေါင်တွင်ဖြစ်ထွန်းသောထုံးတမ်း(usage)ဖြစ်သည်။


ဥပစာများကိုစပေါ်ဖြင့်ငှါးရမ်းခြင်းနှင့်ကွဲပြားသောစနစ်ဖြစ်သည်။


မြေရှင်ကမိမိပိုင်တိုက်ခန်းကိုအပျောက်ဖြင့်ရောင်းကာငှါးရမ်းရာမှ၊အိမ်ငှါးသည်လည်းမြေရှင်၏သဘောတူချက်ဖြင့်တိုက်ခန်းများကိုအဆင့်ဆင့်လွှဲပြောင်းကာ၊အပျောက်ငွေကိုယူပြီးဆင်းသွားကြသည်။


ဝယ်သူကတိုက်ခန်းပိုင်ရှင်အားငှါးရမ်းခဆက်လက်ပေးဆောင်၍နေထိုင်သည့်စနစ်ဖြစ်သည်။


ကန်ထရိုက်တိုက်ခန်းများကိုကန်ထရိုက်တာကကြိုပွိုင့်စနစ်ဖြင့်ရောင်းချခြင်းသည်၊ရန်ကုန်မြို့တွင်အသိများသောအပျောက်ဖြင့်ငှါးရမ်းခြင်းလား။


ထိုစနစ်ထွန်းကားရာရန်ကုန်မြို့လယ်ခေါင်တွင်တိုက်ခန်းတည်ရာမြေပိုင်သောပိုင်ရှင်ကအပျောက်ဖြင့်ငှါးရမ်းခြင်းနှင့်တူရန်အကြောင်းမရှိ။


အကြောင်းမူကန်ထရိုက်တာသည်မြေရှင်မဟုတ်ခြင်းကြောင့်ဖြစ်သည်။


နောက်ပိုင်းတွင်ငှါးရမ်းခလက်ခံသူသည်ကန်ထရိုက်တာမဟုတ်ဘဲမြေရှင်ဖြစ်သည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၅ပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊အငှါးချထားခြင်းဟူသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင်အကျိုးခံစားခွင့်ကိုလွှဲပြောင်းခြင်းဖြစ်သည်။


ကန်ထရိုက်တာနှင့်ကန်ထရိုက်တိုက်ခန်းကိုဝယ်ယူသူတို့၊တိုက်ခန်းအပျောက်ဖြင့်ငှါးရမ်းခြင်းစာချုပ်ချုပ်ဆိုသည့်အချိန်တွင်၊အချင်းဖြစ်အခန်းကိုကန်ထရိုက်တာကမဆောက်ပြီးသေးလျှင်တိုက်ခန်းတွင်အကျိုးခံစားခွင့်ကိုကန်ထရိုက်တာကလွှဲပြောင်းပေးနိုင်သည့်အခြေအနေမရှိသဖြင့်ငှါးရမ်းခြင်းမမြောက်နိုင်။


ငှါးရမ်းရန်ကတိပဋိညာဉ်မျှသာဖြစ်ပေလိမ့်မည်။


အငှါးချထားခြင်းမြောက်ပါမှငှါးရမ်းသူသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၈(ခ)အရ၊အချင်းဖြစ်တိုက်ခန်းကိုလက်ရောက်ပေးအပ်စေရန်တရားစွဲဆိုခွင့်ရမည်ဖြစ်သည်။


တိုက်ခန်းမတည်ရှိသေးသဖြင့်ဥပဒေအရငှါးရမ်းရန်ကတိပဋိညာဉ်အဆင့်ကိုမကျော်သေးလျှင်၊တိုက်ခန်းဝယ်ယူသူသည်ကန်ထရိုက်တာအပေါ်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရအငှါးပဋိညာဉ်အတိုင်းဆောင်ရွက်ပေးရန်နှင့်တိုက်ခန်းလက်ရောက်ရလိုမှုစွဲဆိုရန်ဖြစ်ပေလိမ့်မည်။

———————————————————


အပျောက်စနစ်ဖြင့်ဝယ်ယူထားသောတိုက်ခန်းအားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုနိုင်ပါသလော ?

——————————————————


ပြည်ထောင်စုတရားလွှတ်တော်ချုပ်


၂၀၂၀ပြည့်နှစ်၊တရားမပြင်ဆင်မှုအမှတ်၁၃၅


ဒေါ်ဇင်သူသူဝင်းပါ၂ နှင့် ဒေါက်တာဒေါ်ခင်စောရီပါ၂


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးအောင်ဇော်သိန်းရှေ့တွင်


ဒေါ်ဇင်သူသူဝင်းပါ၂ဦးကဒေါက်တာဒေါ်ခင်စောရီနှင့်ဦးကျော်မြင့်တို့အပေါ်တိုက်ခန်းနှင့်အကျိုးခံစားခွင့်အရပ်ရပ်ကိုလက်ရှိထားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်လက်ရှိထားပိုင်ဆိုင်သောတိုက်ခန်းကိုတနည်းနည်းဖြင့်ဆန့်ကျင်ခြင်း၊ထိပါးနှောင့်ယှက်ခြင်း၊နောက်နောင်တရားတထုံးစွဲဆိုခြင်းမပြုရန်ထာဝရတားဝရမ်းထုတ်ပေးစေလိုမှုစွဲဆိုသည်။


ခရိုင်တရားရုံးကပဏာမငြင်းချက်နှစ်ရပ်အပေါ်ဤအမှုအားဤပုံစံအတိုင်းစွဲဆိုခွင့်မရှိဆိုသည်မှာမမှန်ကြောင်းနှင့်ကျန်ငြင်းချက်များအပေါ်ဆက်လက်စစ်ဆေးရန်အမိန့်ချမှတ်သည်။


ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကခရိုင်တရားရုံး၏အမိန့်ကိုပယ်ဖျက်ပြီးအဆိုလွှာကိုတရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်းဥပဒေ၁၁(က)အရပယ်ခဲ့သည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊၂၀၂၀ပြည့်နှစ်တရားမပြင်ဆင်မှုအမှတ်၁၃၅တွင်၊တိုင်းဒေသကြီးတရားလွှတ်တော်၏အမိန့်ကိုပယ်ဖျက်ပြီးခရိုင်တရားရုံး၏အမိန့်ကိုပြန်လည်အတည်ပြုသည်။

——————————————————


ပြည်ထောင်စုတရားလွှတ်တော်ချုပ်


၂၀၂၁ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၁၂၆


အထူးခုံရုံးသဘာပတိပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးမျိုးမောင်နှင့်အဖွဲ့ဝင်များဖြစ်ကြသောပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးတင်ဟုန်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးသောင်းနိုင်တို့၏ရှေ့တွင်


အထူးခုံရုံးကအောက်ပါအတိုင်းသုံးသပ်၍အထူးအယူခံဝင်ခွင့်ပြုကြောင်းအမိန့်ချမှတ်သည်-


“စွဲဆိုသောအမှုပုံစံမှန်ကန်ခြင်းရှိမရှိစိစစ်ရာ၌တရားလိုနှင့်တရားပြိုင်တို့၏ဆက်ဆံရေးအနေအထားအသီးသီးအရပစ္စည်းအမျိုးအစားစသည်တို့ကိုစိစစ်ပြီးတရားလိုတောင်းဆိုသောသက်သာခွင့်ကိုရနိုင်မရနိုင်အဓိကစိစစ်ဆုံးဖြတ်ရန်ဖြစ်ပေသည်။


တရားလိုတရားပြိုင်တို့၏အနေအထား(ဆက်ဆံရေးအနေအထား)အရအမှုစွဲဆိုမှသာလျှင်အမှုပုံစံမှန်ကန်မည်ဖြစ်ပေသည်။


သို့ဖြစ်ရာအဆိုလွှာတွင်တရားလိုနှင့်တရားပြိုင်တို့၏အနေအထားများကိုအဆိုပြုရန်လိုပေသည်။


သို့ဖြစ်၍အမှုပုံစံမှန်ကန်ခြင်းရှိမရှိစိစစ်ရာ၌တရားလို၏အဆိုလွှာတွင်အဆိုပြုထားသည့်အချက်များကိုစွဲဆိုရမည့်အမှုအမျိုးအစားအလိုက်ညီညွတ်ပြည့်စုံရန်လိုအပ်သည့်အင်္ဂါရပ်များနှင့်ကိုက်ညီမှုရှိမရှိစိစစ်ရန်လိုအပ်သည့်အပြင်တရားလိုနှင့်တရားပြိုင်တို့၏ဆက်ဆံရေးအနေအထားအသီးသီးအရပစ္စည်းအမျိုးအစားစသည်တို့ကိုစိစစ်ပြီးတရားလိုတောင်းဆိုသောသက်သာခွင့်ကိုရနိုင်မရနိုင်အဓိကစိစစ်ဆုံးဖြတ်ရန်ဖြစ်ပေသည်။


တရားလိုတရားပြိုင်တို့၏ဆက်ဆံရေးအနေအထားအရအမှုစွဲဆိုမှသာလျှင်အမှုပုံစံမှန်ကန်မည်ဖြစ်သဖြင့်အဆိုလွှာတွင်တရားလိုတရားပြိုင်တို့၏အနေအထားကိုအဆိုပြုရန်လိုပေသည်။


ဒေါ်ဇင်သူသူဝင်းနှင့်ဦးလင်းပြည့်ကျော်တို့စွဲဆိုသောမူလမှုအဆိုလွှာ၏ခေါင်းစီးတွင်အောက်ပါအတိုင်းဖော်ပြခဲ့သည်-


“တိုက်ခန်းနှင့်အကျိုးခံစားခွင့်အရပ်ရပ်ကိုတရားလိုလက်ရှိထားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်တရားလိုလက်ရှိထားပိုင်ဆိုင်သောတိုက်ခန်းကိုတနည်းနည်းဖြင့်ဆန့်ကျင်ခြင်း၊ထိပါးနှောင့်ယှက်ခြင်း၊နောက်နောင်တရားတထုံးစွဲဆိုခြင်းမပြုရန်ထာဝရတားဝရမ်းထုတ်ဆင့်ပေးစေလိုမှု”


အဆိုလွှာအပိုဒ်၃တွင်တိုက်ခန်းအပြီးအပိုင်လွှဲပြောင်းရောင်းချသောစာချုပ်ချုပ်ဆို၍တန်ဖိုးငွေကျပ်သိန်းနှစ်ထောင်နှစ်ရာဖြင့်ဝယ်ယူပိုင်ဆိုင်ခဲ့ကြောင်း၊လက်ရှိထားပိုင်ဆိုင်ခဲ့သည့်အခန်းဖြစ်ကြောင်း၊အဆိုလွှာအပိုဒ်၅တွင်တရားလို၏ပိုင်ရေးပိုင်ခွင့်ကိုထိပါးနှောင့်ယှက်လာကြောင်း၊အဆိုလွှာအပိုဒ်၆တွင်တိုက်ခန်းကိုဝယ်ယူပိုင်ဆိုင်ပြီးဖြစ်ကြောင်း၊အဆိုလွှာအပိုဒ်၇တွင်တရားလို၏ပိုင်ရေးပိုင်ခွင့်ကိုထိပါးနှောင့်ယှက်ကြောင်းစသည်ဖြင့်အဆိုပြုဖော်ပြခဲ့သည်။


သို့ဖြစ်၍မူလမှုတရားလိုများဖြစ်ကြသောဒေါ်ဇင်သူသူဝင်းနှင့်ဦးလင်းပြည့်ကျော်တို့၏အဆိုလွှာခေါင်းစီးပါဖော်ပြချက်နှင့်အဆိုလွှာအပိုဒ်၃၊၅၊၆နှင့်၇တို့တွင်အဆိုပြုထားသည့်စကားရပ်များကိုထောက်ချင့်ပါကမူလမှုတရားလိုများဖြစ်ကြသောယခုအမှုလျှောက်ထားခံရသူ(၁)၊(၂)ဖြစ်သည့်ဒေါ်ဇင်သူသူဝင်းနှင့်ဦးလင်းပြည့်ကျော်တို့အနေဖြင့်အချင်းဖြစ်တိုက်ခန်းကိုပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခြင်းဖြစ်သည်မှာမြင်သာသည်။


မူလမှုတွင်ဒေါ်ဇင်သူသူဝင်းနှင့်ဦးလင်းပြည့်ကျော်တို့က၊ကန်ထရိုက်တာဖြစ်သူဦးကျော်မြင့်ပိုင်ဆိုင်သည့်ရန်ကုန်မြို့ကျောက်တတားမြို့နယ်၊ပန်းဆိုးတမ်းလမ်း၊အမှတ်(၁၈၁/၁၈၇)(၄)ခန်းတွဲ၁၂ထပ်တိုက်၏(၄)လွှာ(A)ဘက်ခြမ်း၊အကျယ်အဝန်း(၂၅x၆၀)ပေအတိုင်းအတာရှိတိုက်ခန်းကို၇-၁-၂၀၁၂ရက်နေ့တွင်တိုက်ခန်းအပြီးအပိုင်လွှဲပြောင်းရောင်းချသောစာချုပ်ချုပ်ဆို၍တန်ဖိုးငွေကျပ်သိန်း၂၂၀၀ဖြင့်ဝယ်ယူပိုင်ဆိုင်ခဲ့ကြောင်းအဆိုလွှာတွင်အဆိုပြုခဲ့သည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၄တွင်ရောင်းချခြင်းဆိုသည်မှာပေးချေသည့်တန်ဖိုးနှင့်လဲလှယ်၍ပိုင်ဆိုင်ခွင့်ကိုလွှဲပြောင်းခြင်းဖြစ်ကြောင်းပြဌာန်းထားသည်။


ပစ္စည်း၏ပိုင်ဆိုင်မှုကိုငွေဖြင့်လဲလှယ်ခြင်းသည်ရောင်းချခြင်းဖြစ်သည်။


သို့ရာတွင်ပစ္စည်းနှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အားလုံးကိုလွှဲပြောင်းမှသာရောင်းချခြင်းအထမြောက်သည်။


ရောင်းချခြင်းတွင်ဝယ်ယူသူသည်ပိုင်ဆိုင်မှုကိုခြွင်းချက်မရှိအားလုံးလွှဲပြောင်းရယူသူဖြစ်သည်။


ဒေါ်ဇင်သူသူဝင်းတို့သည်အချင်းဖြစ်တိုက်ခန်းကိုဝယ်ယူသည်ဆိုသော်လည်းတိုက်ခန်းနှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အားလုံးလွှဲပြောင်းရရှိခြင်းမရှိပေ။


တိုက်ခန်းခကိုမြေပိုင်ရှင်ကိုပေးဆောင်ရမည်ဖြစ်သည့်အတွက်ပိုင်ဆိုင်ခွင့်အားလုံးကိုရရှိသည်ဟုမဆိုနိုင်ပေ။


ထို့ကြောင့်စာချုပ်ခေါင်းစဉ်တွင်”တိုက်ခန်းအပြီးအပိုင်လွှဲပြောင်းရောင်းချသောစာချုပ်”ဟုဖော်ပြထားသော်လည်း၊ဒေါ်ဇင်သူသူဝင်းတို့သည်အချင်းဖြစ်တိုက်ခန်းကိုအပြီးအပိုင်ဝယ်ယူခြင်းမဟုတ်ဘဲ”အပျောက်စနစ်ဖြင့်ဝယ်ယူခြင်း”သာဖြစ်ကြောင်းပေါ်ပေါက်သည်။


သို့ရာတွင်အပျောက်စနစ်ဖြင့်ဝယ်ယူရာတွင်ဝယ်ယူသူကတိုက်ခန်းခကိုမြေပိုင်ရှင်သို့ပေးဆောင်ရခြင်းကြောင့်စင်စစ်အားဖြင့်ငှါးရမ်းခြင်းသာဖြစ်သည်။


မရွှေ့မပြောင်းနိုင်သောပစ္စည်းအငှါးချထားခြင်းဆိုသည်မှာထိုပစ္စည်း၏အကျိုးခံစားခွင့်ကိုအချိန်ကာလသတ်မှတ်၍ဖြစ်စေ၊ထာဝစဉ်ဖြစ်စေလွှဲပြောင်းခံယူသူကလွှဲပြောင်းပေးသူသို့တန်ဖိုးပေးသည့်အတွက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၅တွင်ပြဌာန်းထားသည်။


အပျောက်စနစ်ဖြင့်ရောင်းချခြင်းသည်လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဖြစ်သည်။


လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဆိုသည်မှာငှါးရမ်းသည့်ကာလသတ်မှတ်ချက်မရှိဘဲအိမ်ငှါးကဥပစာလက်ဝယ်ထားပိုင်ခွင့်ကိုဝယ်ယူ၍အိမ်ရှင်အားငှါးရမ်းခကိုသာပေးသည့်ငှါးရမ်းခြင်းကိုဆိုလိုသည်ဟုဒေါ်ခင်ဌေးသန်း နှင့် ဦးကိုဌေးပါ၂အမှု(၂၀၁၂ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၉၀)တွင်လမ်းညွှန်ထုံးဖွဲ့ထားသည်။


ထို့ပြင်ရန်ကုန်မြို့၌အများလက်ခံကျင့်သုံးလျက်ရှိသောအပျောက်စနစ်မှာနေပိုင်ခွင့်အတွက်တန်ရာတန်ကြေးပေး၍ဥပစာကိုလွှဲပြောင်းရယူသည့်စနစ်ဖြစ်ကြောင်းဒေါ်ငွေသိန်း နှင့် ဒေါ်သိန်းညွန့်အမှု(၁၉၉၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၇)တွင်ထုံးဖွဲ့ထားသည်။


အထက်ဖော်ပြပါသုံးသပ်ချက်များအရဒေါ်ဇင်သူသူဝင်းတို့အနေဖြင့်တိုက်ခန်းကိုအပြီးအပိုင်ဝယ်ယူခြင်းမဟုတ်ဘဲအပျောက်စနစ်ဖြင့်ဝယ်ယူခြင်း၊စင်စစ်အားဖြင့်ငှါးရမ်းခြင်းသာဖြစ်ကြောင်းတွေ့မြင်နိုင်သည်။


မူလမှုတွင်ဒေါ်ဇင်သူသူဝင်းတို့ကတိုက်ခန်းနှင့်အကျိုးခံစားခွင့်အရပ်ရပ်ကိုတရားလို”လက်ရှိထားပိုင်ဆိုင်ကြောင်း”မြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခဲ့ခြင်းဖြစ်သည်။


“လက်ရှိထားခြင်း”ဟူသည်”possession”ဖြစ်ပြီး၊”ပိုင်ဆိုင်ခြင်း”ဟူသည်”ownership “ဖြစ်ပေရာ၊လက်ရှိထားခြင်းနှင့်ပိုင်ဆိုင်ခြင်းမှာခြားနားသည်။


“လက်ရှိထားခြင်း”နှင့်”ပိုင်ဆိုင်ခြင်း”တို့သည်သီးခြားအကြောင်းအရာများဖြစ်ကြောင်းကိုဒေါ်လတ်(ခ)ဒေါ်လှ နှင့် ဒေါ်အမလေးအမှု(၁၉၈၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၉၂)တွင်ညွှန်ပြထားသည်။


သို့ဖြစ်၍ဒေါ်ဇင်သူသူဝင်းတို့အနေဖြင့်”တိုက်ခန်းနှင့်အကျိုးခံစားခွင့်အရပ်ရပ်ကို”လက်ရှိထားပိုင်ခွင့်”ရှိကြောင်း”တရားစွဲဆိုခြင်းမပြုဘဲတိုက်ခန်းနှင့်အကျိုးခံစားခွင့်အရပ်ရပ်ကိုလက်ရှိထား”ပိုင်ဆိုင်ခွင့်”ရှိကြောင်းတရားစွဲဆိုခဲ့ခြင်းမှာအမှုပုံစံမှန်ကန်သည်ဟုမဆိုနိုင်ပေ။


ထို့ပြင်လျှောက်ထားသူနှင့်လျှောက်ထားခံရသူ(၁)နှင့်(၂)တို့၏ဆက်ဆံရေးအနေအထားမှာအိမ်ရှင်အိမ်ငှါးဆက်ဆံရေးအနေအထားအဆင့်ထက်မပိုသဖြင့်၊အချင်းဖြစ်တိုက်ခန်းကိုလက်ရှိထားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်ထာဝရတားဝရမ်းထုတ်ပေးစေလိုမှုစွဲဆိုခြင်းသည်အမှုပုံစံမှန်ကန်မှုမရှိဟုဆိုရပေမည်။


၎င်းအပြင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ချက်

စာမျက်နှာ၉၏အောက်ဆုံးစာပိုဒ်တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


“သို့ဖြစ်၍တရားလိုအနေဖြင့်၎င်းမှငွေပေးစာချုပ်ချုပ်ဆို”ဝယ်ယူလက်ရှိထားသည်ဟုအဆိုပြုသောတိုက်ခန်း”နှင့်စပ်လျဉ်းပြီး၎င်း၏အကျိုးကိုငြင်းဆိုသူတရားပြိုင်များအပေါ်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ပါပြဌာန်းချက်အရမြွက်ဟဒီကရီကိုတောင်းဆိုခြင်းသည်xxx။”


မူလမှုတရားလိုများဖြစ်ကြသည့်ဒေါ်ဇင်သူသူဝင်းတို့အနေဖြင့်အဆိုလွှာခေါင်းစည်းပါဖော်ပြချက်နှင့်အဆိုလွှာအပိုဒ်(၃)၊(၅)၊(၆)နှင့်(၇)တို့တွင်ဖော်ပြအဆိုပြုထားသည့်စကားရပ်များအရအချင်းဖြစ်အခန်းကိုပိုင်ဆိုင်ကြောင်းအဆိုပြုပြီးမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခြင်းဖြစ်သည်မှာပေါ်လွင်ထင်ရှားသဖြင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အထက်ဖော်ပြပါသုံးသပ်ချက်သည်အဆိုလွှာပါအဆိုပြုချက်များနှင့်ဆန့်ကျင်ကွဲလွဲလျက်ရှိသည်ကိုတွေ့ရပေသည်။


သို့ဖြစ်၍ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီးရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏အမိန့်အားပြန်လည်အတည်ပြုခဲ့သည့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်ကိုပြန်လည်စိစစ်သင့်သည်ဟုသုံးသပ်ရရှိသည်။


ထို့ကြောင့်ဤတရားမအထွေထွေလျှောက်လွှာ(အထူး)ကိုခွင့်ပြု၍အောက်ပါအရေးယူလောက်သောပြဿနာအပေါ်အထူးအယူခံခုံရုံးဖြင့်ပြန်လည်ကြားနာနိုင်ရန်အတွက်အထူးအယူခံဝင်ခွင့်ပြုလိုက်သည်-


“ဒေါ်ဇင်သူသူဝင်းနှင့်ဦးလင်းပြည့်ကျော်တို့ကမြေရှင်ဒေါက်တာဒေါ်ခင်စောရီနှင့်ကန်ထရိုက်ဦးကျော်မြင့်တို့အပေါ်၎င်းတို့ဝယ်ယူထားသောတိုက်ခန်း၏ပိုင်ဆိုင်ခွင့်ကိုထိပါးနှောင့်ယှက်ကြောင်းအဆိုပြု၍လက်ရှိထားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်ထာဝရတားဝရမ်းထုတ်ဆင့်ပေးစေလိုကြောင်းစွဲဆိုသောအမှုမှာအမှုပုံစံမှန်ကန်ခြင်းမရှိကြောင်းရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏အဆုံးအဖြတ်အပေါ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအချင်းဖြစ်အခန်းသည်အပျောက်စနစ်ဖြင့်လွှဲပြောင်းရောင်းချခြင်းဖြစ်ကြောင်းဖော်ထုတ်သုံးသပ်ပြီးနောက်၊အဆိုလွှာ၌အဆိုပြုခြင်းမရှိသောလက်ရှိထားရှိသည်ဟုအဆိုပြုစွဲဆိုသောအမှုပုံစံမှန်ကန်ကြောင်းကောက်ယူဆုံးဖြတ်ကာရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်၏အဆုံးအဖြတ်ကိုပယ်ဖျက်ခဲ့ခြင်းသည်ဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိ။”


——————————————-


ပြည်ထောင်စုတရားလွှတ်တော်ချုပ်


၂၀၂၂ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၃၇


ဒေါက်တာဒေါ်ခင်စောရီ(၎င်း၏အခွင့်ရကိုယ်စားလှယ်ဦးစိုးမင်းထက်)


                   နှင့်


ဒေါ်ဇင်သူသူဝင်းပါ၃


ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးမျိုးတင့်၊ဦးခင်မောင်ကြီး၊ဦးသိန်းကိုကိုနှင့်ဒေါ်သင်းသင်းနွဲ့တို့ရှေ့မှောက်တွင်


အထူးအယူခံခုံရုံးကစီရင်ချက်စာမျက်နှာ၆နှင့်၇တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“အမှုပုံစံမှန်မမှန်စိစစ်ရာ၌တရားလိုများ၏အဆိုလွှာတွင်အဆိုပြုထားသည့်အချက်များကိုစွဲဆိုသည့်အမှုအမျိုးအစားအလိုက်ညီညွတ်ပြည့်စုံရန်လိုအပ်သည့်အင်္ဂါရပ်များနှင့်ကိုက်ညီမှုရှိမရှိစိစစ်ရသည်။ထိုသို့စိစစ်ရာတွင်ချေလွှာတွင်ဝန်ခံထားသောအချက်များကိုထည့်သွင်းစဉ်းစားနိုင်သည်။ဒေါ်ခင်မြင့် နှင့် ဒေါ်မြင့်မြင့်ပါ၇အမှု(၁၉၉၆ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၅)တွင်ကြည့်ပါ။


ထိုသို့အမှုအမျိုးအစားအလိုက်ညီညွတ်ပြည့်စုံရန်လိုအပ်သောအင်္ဂါရပ်များနှင့်ကိုက်ညီမှုရှိမရှိစိစစ်ရသည့်အပြင်တရားလို၏အဆိုလွှာ၌တရားလိုတရားပြိုင်တို့၏ဆက်ဆံရေးအနေအထား(status)အရတရားလိုတောင်းဆိုသည့်သက်သာခွင့်ကိုစွဲဆိုသောအမှုတွင်ခွင့်ပြုနိုင်ခြင်းရှိမရှိစိစစ်ရမည်။ဦးတင်လှ(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူဦးဇော်ဝင်းနိုင်) နှင့် ဦးအေးဆောင်(ခ)ဦးညီလေးပါ၂အမှု(၂၀၁၂ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၃၁)တွင်ကြည့်ပါ။


တရားလို၏အဆိုလွှာအရ၎င်းစွဲဆိုသောအကြောင်းပြချက်များသည်၎င်းတောင်းဆိုသောသက်သာခွင့်နှင့်ကိုက်ညီမှုရှိပြီး၊တောင်းဆိုသည့်သက်သာခွင့်ပေးနိုင်ပါကအမှုပုံစံမှန်သည်ဟုဆိုရမည်ဖြစ်ပြီး၊တောင်းဆိုသည့်သက်သာခွင့်မပေးနိုင်ပါကအမှုပုံစံမှားယွင်းပေသည်။”


စီရင်ချက်စာမျက်နှာ-၇၊တတိယအပိုဒ်နှင့်စတုတ္ထအပိုဒ်တွင်အထူးအယူခံခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“တရားလိုများကယာယီတားဝရမ်းထုတ်ထားသည့်တိုက်ခန်း၄၀အနက်၄လွှာ၊Aဘက်ခြမ်း၊၂၅ပေx၆၀ပေတိုက်ခန်းကိုပိုင်ဆိုင်သူအမှတ်(၂)တရားပြိုင်ဦးကျော်မြင့်ထံမှ၇-၁-၂၀၁၂ရက်နေ့တွင်ဝယ်ယူလက်ရှိထားပိုင်ဆိုင်သဖြင့်၂၀၁၅ခုနှစ်၊တရားမကြီးမှုအမှတ်၃တွင်ထိုအခန်းကိုယာယီတားဝရမ်းထုတ်ဆင့်ခြင်းသည်၎င်းတို့၏ပိုင်ဆိုင်မှုကိုထိပါးသည်ဟုအကြောင်းပြ၍အမှတ်(၁)နှင့်အမှတ်(၂)တရားပြိုင်တို့အပေါ်တိုက်ခန်းနှင့်အကျိုးခံစားခွင့်အရပ်ရပ်ကိုလက်ရှိထားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာ၍လက်ရှိထားပိုင်ဆိုင်သောတိုက်ခန်းကိုတနည်းနည်းဖြင့်နှောင့်ယှက်ခြင်းမပြုရန်ထာဝရတားဝရမ်းထုတ်ပေးရန်စွဲဆိုခြင်းဖြစ်သည်။


တရားလိုများနှင့်အမှတ်(၂)တရားပြိုင်တို့ချုပ်ဆိုသောတိုက်ခန်းအရောင်းအဝယ်စာချုပ်သည်မှတ်ပုံတင်စာချုပ်မဟုတ်သည့်အပြင်မြေရှင်ဖြစ်သူအမှတ်(၁)တရားပြိုင်ပါဝင်ချုပ်ဆိုထားခြင်းမရှိပေ။”


စီရင်ချက်စာမျက်နှာ၈တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“အမှတ်(၁)တရားပြိုင်မြေရှင်နှင့်ချုပ်ဆိုသော၅-၈-၂၀၁၀နေ့စွဲပါတိုက်ဆောက်လုပ်ရန်သဘောတူစာချုပ်အရအမှတ်(၂)တရားပြိုင်ပိုင်ဆိုင်သောတိုက်ခန်းကိုတရားလိုများကဝယ်ယူသည်ဟုအဆိုပြုသော်လည်း၅-၈-၂၀၁၀နေ့စွဲပါကန်ထရိုက်တိုက်ဆောက်လုပ်ရန်သဘောတူစာချုပ်အရအမှတ်(၂)တရားပြိုင်သည်စာချုပ်ပါစည်းကမ်းချက်နှင့်အညီဆောင်ရွက်မှုမရှိ၍အမှတ်(၁)တရားပြိုင်ကအမှတ်(၂)တရားပြိုင်အပေါ်တရားစွဲဆိုထားဆဲဖြစ်ကြောင်း၊တရားလိုများ၏ဆိုလွှာနှင့်အမှတ်(၁)တရားပြိုင်ကတိုက်ခန်းပိုင်ရှင်အဖြစ်ရောင်းချ၍ဝယ်ယူထားသည်ဟုဆိုသူတရားလိုများအနေဖြင့်အမှတ်(၁)နှင့်အမှတ်(၂)တရားပြိုင်တို့အပေါ်အဆိုပါတိုက်ခန်းကိုပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးရန်သက်သာခွင့်ကိုတောင်းဆိုခွင့်ရှိမည်မဟုတ်ပေ။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၄တွင်ရောင်းချခြင်းဆိုသည်မှာပေးချေသည့်တန်ဖိုးနှင့်လဲလှယ်၍ပိုင်ဆိုင်ခွင့်ကိုလွှဲပြောင်းခြင်းဖြစ်ကြောင်းပြဌာန်းထားချက်အရပစ္စည်း၏ပိုင်ဆိုင်မှုကိုငွေဖြင့်လဲလှယ်ခြင်းသည်သာလျှင်ရောင်းချခြင်းဖြစ်သည်။


ထို့ပြင်ပစ္စည်းနှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အားလုံးကိုလွှဲပြောင်းမှသာရောင်းချခြင်းအထမြောက်သည်။


ရောင်းချခြင်းတွင်ဝယ်ယူသူသည်ပိုင်ဆိုင်မှုကိုခြွင်းချက်မရှိအားလုံးလွှဲပြောင်းရယူသူဖြစ်သည်။


မူလရုံးတရားလိုများသည်ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိအချင်းဖြစ်တိုက်ခန်းကိုဝယ်ယူသည်ဟုဆိုသော်လည်းတိုက်ခန်းနှင့်စပ်လျဉ်းသည့်ပိုင်ဆိုင်ခွင့်အားလုံးလွှဲပြောင်းရရှိခြင်းမရှိဟုဆိုရခြင်းမှာတိုက်ခန်းခအားမြေပိုင်ရှင်ကိုပေးဆောင်ရမည်ဖြစ်သည့်အတွက်ပိုင်ဆိုင်ခွင့်အားလုံးရရှိသည်ဟုမဆိုနိုင်ပေ။


စာချုပ်ခေါင်းစဉ်တွင်”တိုက်ခန်းအပြီးအပိုင်လွှဲပြောင်းရောင်းချသောစာချုပ်”ဟုဖော်ပြထားသော်လည်းတရားလိုသည်အချင်းဖြစ်တိုက်ခန်း၏ပိုင်ဆိုင်ခွင့်ကိုခြွင်းချက်မရှိလွှဲပြောင်းရယူခြင်းမဟုတ်ဘဲအပျောက်စနစ်ဖြင့်ဝယ်ယူခြင်းသာဖြစ်ကြောင်းအမှုတွင်အငြင်းမပွါးပေါ်ပေါက်နေသည်။


အပျောက်စနစ်ဖြင့်ရောင်းချခြင်းသည်လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဖြစ်သည်။


လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဆိုသည်မှာငှါးရမ်းသည့်ကာလသတ်မှတ်ချက်မရှိဘဲအိမ်ငှါးကဥပစာလက်ဝယ်ထားပိုင်ခွင့်ကိုဝယ်ယူ၍အိမ်ရှင်အားငှါးရမ်းခကိုသာပေးသည့်ငှါးရမ်းခြင်းကိုဆိုသည်။


ဒေါ်ခင်ဌေးသန်း နှင့် ဦးကိုဌေးပါ၂အမှု(၂၀၁၂ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၉၀)ကိုကြည့်ပါ။


မရွှေ့မပြောင်းနိုင်သောပစ္စည်းအငှါးချထားခြင်းဆိုသည်မှာထိုပစ္စည်း၏အကျိုးခံစားခွင့်ကိုအချိန်ကာလသတ်မှတ်၍ဖြစ်စေ၊ထာဝစဉ်ဖြစ်စေလွှဲပြောင်းခံယူသူကလွှဲပြောင်းပေးသူသို့တန်ဖိုးပေးသည့်အတွက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၅တွင်ပြဌာန်းထားသည်။”


စီရင်ချက်စာမျက်နှာ၉တွင်အထူးအယူခံခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“မူလရုံးတရားလိုများကတိုက်ခန်းကိုတရားလိုလက်ရှိပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခဲ့ခြင်းဖြစ်သည်။


လက်ရှိထားခြင်းဟူသည်”possession”ဖြစ်ပြီး၊ပိုင်ဆိုင်ခြင်းဟူသည်”ownership “ဖြစ်သည်။


ဒေါ်လတ်(ခ)ဒေါ်လှ နှင့် ဒေါ်အမလေးအမှု(၁၉၈၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၁၉၂)ကိုကြည့်ပါ။


မူလရုံးတရားလိုများကတရားပြိုင်များအပေါ်တိုက်ခန်းကို”လက်ရှိထားပိုင်ခွင့်”ရှိကြောင်းတရားစွဲဆိုခြင်းမဟုတ်ဘဲတိုက်ခန်းကို”ပိုင်ဆိုင်ခွင့်”ရှိကြောင်းတရားစွဲဆိုရာတွင်တရားလို၏အနေအထားမှာပိုင်ဆိုင်ခွင့်ရှိသူအနေအထားမဟုတ်သဖြင့်အချင်းဖြစ်တိုက်ခန်းကိုပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်ထာဝရတားမြစ်မိန့်ထုတ်ပေးစေလိုမှုစွဲဆိုခြင်းသည်စွဲဆိုသည့်အမှုအမျိုးအစားအလိုက်လိုအပ်သည့်အင်္ဂါရပ်များနှင့်ကိုက်ညီခြင်းမရှိ၍အမှုပုံစံမှန်ကန်မှုမရှိဟုဆိုရမည်ဖြစ်သည်။


အဆိုလွှာအရတရားလိုနှင့်တရားပြိုင်တို့၏အနေအထားတွင်တရားပြိုင်ဒေါက်တာဒေါ်ခင်စောရီသည်မြေရှင်အိမ်ရှင်အနေအထားဖြစ်သည်။


ပိုင်ဆိုင်ခွင့်တစုံတရာမရှိဘဲပစ္စည်းလက်ရှိဖြစ်သူသည်ထိုပစ္စည်းတွင်ဆိုင်ရေးဆိုင်ခွင့်ရှိသည်။


ထိုဆိုင်ရေးဆိုင်ခွင့်မှာပိုင်ရှင်အစစ်မှတပါးခပ်သိမ်းသောသူတို့အပေါ်ခိုင်မာသည်။


သို့ဖြစ်ရာလက်ရှိထားပိုင်ခွင့်သည်ပိုင်ရှင်အစစ်အပေါ်ခိုင်မာသည်မဟုတ်ပေ။


ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေအမှု(၁၉၉၇ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၈၅)ကိုကြည့်ပါ။


တရားလိုသည်အချင်းဖြစ်တိုက်ခန်း၏မြေရှင်အပေါ်ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးရန်စွဲဆိုခြင်းသည်အမှုပုံစံမှန်ကန်ခြင်းမရှိပေ။


တရားလို၏အဆိုပြုချက်များသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရစွဲဆိုသည့်အမှုအမျိုးအစားအလိုက်ညီညွတ်ပြည့်စုံရန်လိုအပ်သည့်အင်္ဂါရပ်များနှင့်ကိုက်ညီခြင်းမရှိ၍တောင်းဆိုသည့်သက်သာခွင့်မရထိုက်သဖြင့်အမှုပုံစံမှားယွင်းနေပေသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဝယ်ယူလက်ရှိထားသည်ဟုအဆိုပြုသောတိုက်ခန်းနှင့်စပ်လျဉ်းပြီး၎င်း၏အကျိုးကိုငြင်းဆိုသူတရားပြိုင်များအပေါ်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ပါပြဌာန်းချက်အရမြွက်ဟဒီကရီကိုတောင်းဆိုခြင်းသည်အမှုပုံစံမမှန်ဟုဆိုနိုင်မည်မဟုတ်သည့်အပြင်မြေရှင်ဖြစ်သူတရားပြိုင်ဒေါက်တာဒေါ်ခင်စန်းရီကိုအမှုမှဖယ်ထုတ်ရန်အကြောင်းမရှိကြောင်းသုံးသပ်၍ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏အမိန့်ကိုပြန်လည်အတည်ပြုခြင်းသည်ဥပဒေနှင့်ညီညွတ်သည်ဟုမဆိုနိုင်ချေ။


အထက်ပါအကြောင်းများကြောင့်ကြားနာသည့်ပြဿနာကိုအောက်ပါအတိုင်းဖြေဆိုလိုက်သည်-


“ဒေါ်ဇင်သူသူဝင်းနှင့်ဦးလင်းပြည့်ကျော်တို့ကမြေရှင်ဒေါက်တာဒေါ်ခင်စောရီနှင့်ကန်ထရိုက်ဦးကျော်မြင့်တို့အပေါ်၎င်းတို့ဝယ်ယူထားသောတိုက်ခန်း၏ပိုင်ဆိုင်ခွင့်ကိုထိပါးနှောင့်ယှက်ကြောင်းအဆိုပြု၍လက်ရှိထားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်ထာဝရတားဝရမ်းထုတ်ဆင့်ပေးစေလိုကြောင်းစွဲဆိုသောအမှုမှာ၊အမှုပုံစံမှန်ကန်ခြင်းမရှိကြောင်းရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏အဆုံးအဖြတ်အပေါ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအချင်းဖြစ်အခန်းသည်အပျောက်စနစ်ဖြင့်လွှဲပြောင်းရောင်းချခြင်းဖြစ်ကြောင်းဖော်ထုတ်သုံးသပ်ပြီးနောက်၊အဆိုလွှာ၌အဆိုပြုခြင်းမရှိသောလက်ရှိထားသည်ဟုအဆိုပြုစွဲဆိုသောအမှုပုံစံမှန်ကန်ကြောင်းကောက်ယူဆုံးဖြတ်ကာရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏အဆုံးအဖြတ်ကိုပယ်ဖျက်ခဲ့ခြင်းသည်ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း”


ထို့ကြောင့်ဤတရားမအထူးအယူခံမှုကိုခွင့်ပြု၍ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ချက်နှင့်အမိန့်အားပယ်ဖျက်ပြီး၊မူလရုံးတရားလိုဒေါ်ဇင်သူသူဝင်းပါ၂ဦးစွဲဆိုသောအမှုကိုစရိတ်နှင့်တကွပလပ်လိုက်သည်။

————————————————



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]