ချေးငွေရလိုမှုအကြောင်း(Part One)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ချေးငွေရလိုမှုအကြောင်း(Part One)

——————————————————-

နှစ်ရာချီကြာသောဓမ္မသတ်များတွင်”ကြွေးမြီ”ဟူသောဝေါဟာရကိုတွေ့ရသဖြင့်၊ငွေချေးသည့်ကိစ္စများရှိခဲ့သည်မှာအဓွန့်ရှည်ကြာခဲ့သောအလေ့အထဖြစ်ပြီး၊”ချေးငွေရလိုမှုများ”မှာရှေးမြန်မာမင်းများလက်ထက်ကပင်ရှိခဲ့သည်မှာယုံမှားဖွယ်မရှိ။


တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(က)တွင်ပြဌာန်းထားသောအဆိုလွှာပုံစံအမှတ်(၁)မှာ၊ရိုးရိုးစင်းစင်းချေးငွေရလိုမှုအဆိုလွှာနမူနာဖြစ်သည်။


တရားမကျင့်ထုံးဥပဒေအမိန့်၆၊နည်း၃အရချေးငွေရလိုမှုကိုထိုပုံစံအတိုင်းဖြစ်နိုင်သမျှရေးရန်ဖြစ်သော်လည်းရှေ့နေရှေ့ရပ်များထိုပုံစံကိုကျော်၍ထိုပုံစံနှင့်အညီမဟုတ်သောရှေ့နေအချို့တို့၏ရေးနည်းကိုပုံတူရေးကြကြောင်းတွေ့ရသည်။


မြီရှင်တရားလိုနှင့်မြီစားတရားပြိုင်တို့မည်သို့မည်ပုံသိကျွမ်းပုံကိုအစချီကာ၊အဆိုလွှာကိုရေးခြင်းကပင်ပြဌာန်းဥပဒေကိုလိုက််နာရန်ပျက်ကွက်ကြောင်းဖြောင့်ဆိုရာရောက်သည်။


ဤအဆိုလွှာမျိုးရေးသောရှေ့နေသည်၊ချေးငွေရလိုမှုနှင့်သက်ဆိုင်သည့်ဥပဒေကိုမလေ့လာရသေးကြောင်းပေါ်လွင်သည်။

———————————————————


ချေးငွေရလိုမှု၏သင်ပုန်းကြီး[ကကြီး၊ခခွေး]ဥပဒေမှာ-


12 Ran ( F B ) 500 


MAUNG CHIT AND ANOTHER


                      V.


ROSHAN N.M.A. KAREEM OOMER & CO.*


Before Sir Arthur Page, Kt., Chief Justice, Mr. Justice Baguley, Mr. Justice Sen, Mr. Justice Leach, and Mr. Justice Dunkley.


အမှုတွင်ထုံးပြုထားသည့်-


[When a loan is contracted it is an implied term of the agreement that the loan shall be repaid.]


ဥပဒေဖြစ်သည်။

———————————————————


10 LBR ( F B ) 54 


MAUNG KYI vs. 1. MA MA GALE, 2. PO HLINE.


Before Sir Daniel Twomey, Chief Judge, Mr.Justice Ormond, Mr. Justice Maung Kin and Mr. Justice Pratt.


အမှုတွင်၊ပထမဆုံးမြန်မာတရားဝန်ကြီးဦးခင်က၊စီရင်ထုံးစာမျက်နှာ၆၅၌ချေးငွေရလိုမှုကို-


[a suit brought to recover the money lent on the implied contract to repay.]


ဟုပြဆိုချက်သည်ရှင်းသည်။

———————————————————


“သူတပါးထံမှငွေချေးယူသူမြီစားသည်၊ချေးငွေကိုမြီရှင်အားပြန်ဆပ်ရန်ပဋိညာဉ်ပြုရာရောက်သည်”မှာမြင်သာသည်။


ချေးငွေရလိုမှုသည်ကြွေးမြီကိုပြန်ဆပ်ရန်သွယ်ဝိုက်၍(သဘောသက်ရောက်သောအားဖြင့်)ပြုသောပဋိညာဉ်အရတင်ရှိသည့်တာဝန်ကို၊မြီစားကဆောင်ရွက်ရန်ပျက်ကွက်ခြင်းအပေါ်အခြေပြုကာစွဲဆိုသောအမှုမျိုးဖြစ်သည်။


[ပဋိညာဉ်အက်ဥပဒေပုဒ်မ၃၇ကိုဖတ်ပါ။]


စီရင်ထုံးများတွင်”original consideration”[မူရင်းအဖိုးစားနား]ရလိုမှုဟု”ဥပဒေဆန်ဆန်”ပြဆိုသဖြင့်၊ရှေ့နေရှေ့ရပ်တို့မျက်စိလည်စရာဖြစ်သည်။


ထိုဥပဒေသုံးဝေါဟာရမှာ”ချေးငွေ”ဖြစ်သည်။


[အမှန်စင်စစ်ထိုဝေါဟာရတွင်ချေးငွေအပြင်၊အခြားရရန်ငွေကြေးများပါဝင်သဖြင့်ချေးငွေထက်ပို၍ကျယ်ပြန့်သည်။]


မြီစားကမြီရှင်အားကြွေးမြီပြန်မဆပ်လျှင်ချေးငွေရလိုမှုကိုတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်မှာရှည်ရှည်ဝေးဝေးတွေးရန်မလိုသဖြင့်၊ထိုဥပဒေသဘောကိုမသိသူရှေ့နေဟူ၍မရှိနိုင်။


မျက်မြင်သက်သေရှေ့တွင်ငွေချေးရာ၌နှုတ်သက်သေခံအထောက်အထားရှိသည်။


သို့သော်တရားပျက်မှုများပေါ်လာသောအခါ၊မြီရှင်တို့ကစာသက်သေခံရန်စာချုပ်စာတမ်းချုပ်ဆိုစေသည့်အလေ့အထပေါ်ပေါက်လာဟန်တူသည်။


ထိုစာချုပ်မျိုးအတွက်မြန်မာဝေါဟာရစစ်စစ်ရှိ၊မရှိစာရေးသူမသိပါ။


၁၈၈၂ခုနှစ်၊(သီပေါမင်းနန်းစံဆဲ)တွင်၊အင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းသည့်လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ၄(ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၃၊စာ-၂၇၃)တွင်”promissory note”ကိုအဓိပ္ပာယ်ဖွင့်ဆိုပြီး၊ဥပမာများပြဆိုထားသည်။


၁၈၉၉ခုနှစ်၌ပြဌာန်းသောမြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ၂(၂၂)[ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၃၊စာ-၃၈၃]တွင်”promissory note”သည်၊လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများအက်ဥပဒေ၌အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းဖြစ်သည်ဟုပြဌာန်းသည်။


၁၉၅၂ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေပုဒ်မ၃၉(၁)(ဃ)(အတွဲ၃၊စာ-၆၇)တွင်၊ငွေပေးကတိစာချုပ်များ”promissory note”ဟုအင်္ဂလိပ်၊မြန်မာနှစ်ဘာသာဖြင့်ပြဌာန်းသည်။


မြန်မာစာအဖွဲ့၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၀၈၅တွင်”ငွေပေးချေရန်ကတိစာချုပ်”ဟုဘာသာပြန်သည်ကိုထောက်ရှုပါလျှင်၊”ငွေပေးကတိစာချုပ်”ဟူသည်မြန်မာဘာသာဖြင့်ဖြစ်ပုံပေါ်သည်။


မြန်မာဝေါဟာရစစ်စစ်ဖြစ်ပုံမပေါ်။


ငွေပေးကတိစာချုပ်ကိုထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိလျှင်၊တံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ၃၅၏ခြွင်းချက်(၁)အရထိုစာချုပ်မှာ”သက်သေခံမဝင်။”


ထိုအခါချေးငွေလိုမှုတွင်၊ချေးငွေစာချုပ်မှအပအခြားသက်သေခံချက်(သီးခြားသက်သေခံအထောက်အထား၊ဥပမာငွေချေးကြောင်းသိမြင်သူ၊မြီစားကမြီရှင်အားကြွေးမြီပေးရန်ရှိကြောင်းဝန်ခံချက်)စသည်တို့ကို၊သက်သေခံအက်ဥပဒေပုဒ်မ၉၁ပါပြဌာန်းချက်များကပိတ်ပင်ခြင်းရှိမရှိတရားရုံးတွင်အငြင်းပွါးခဲ့သည်။


စီရင်ထုံးများတယောက်တပေါက်ဖြစ်ခဲ့သည်။

———————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]