6 Ran 142 ( P C ) , 1940 RLR ( F B ) 831
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စစ်ကြိုခေတ်ကမြန်မာနိုင်ငံအဆင့်မြင့်တရားရုံးအသီးသီးသည်”The final Court of appeal”မဟုတ်။
ပရီဗီကောင်စီကိုသာလျှင်၊နောက်ဆုံးအယူခံဝင်ရာတရားရုံးအဖြစ်သတ်မှတ်ထားသည်။
ကိုလိုနီခေတ်တရားစီရင်ရေးစနစ်အစတွင်”Judicial Commissioner”တရားရုံးများကိုတည်ထောင်ခဲ့သည်။
မူလမှုကိုစီရင်သောတရားရုံးကို”The Court of Recorder”ဟုခေါ်သည်။
ထိုတရားရုံးကိုရန်ကုန်မြို့တွင်သာတည်ထောင်ခဲ့သည်ဟု၊စာရေးသူကထိုတရားရုံး၏အဆုံးအဖြတ်တို့ကိုဖတ်ပြီးမှတ်သားခဲ့သည်။
ဒေါက်တာဘဟန်ရေးသော”A Legal History of India and Burma”မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်းစာအုပ်တွင်မော်လမြိုင်မြို့၌လည်းတည်ထောင်ခဲ့သေးသည်ဟုသိရပါသည်။
အဆိုပါတရားရုံးကချမှတ်သောစီရင်ချက်နှင့်ဒီကရီအချို့ကိုလည်းကောင်း၊”Judicial Commissioner”ကအယူခံတွင်ချမှတ်သောစီရင်ချက်နှင့်ဒီကရီကိုလည်းကောင်း၊ပရီဗီကောင်စီတွင်အယူခံဝင်ခွင့်ရှိသည်ဟုသတ်မှတ်ခဲ့သည်။
သို့သော်၁၉၀၀ပြည့်နှစ်တွင်အောက်မြန်မာပြည်တရားရုံးချုပ်ကိုတည်ထောင်သောအခါတွင်မူ၊ထိုတရားရုံးကစီရင်သောမူလမှုတွင်ချမှတ်သည့်စီရင်ချက်နှင့်ဒီကရီတို့ကိုတရားရုံးချုပ်မှာပင်အယူခံဝင်နိုင်ရန်လမ်းဖွင့်ပေးခဲ့သည်။
ခုံရုံးကကြားနာစီရင်သည်။
ဟိုက်ကုတ်လွှတ်တော်တည်ထောင်သောအခါတွင်လည်းကောင်း၊မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တရားစီရင်ရေးဥပဒေအရတည်ထောင်သောတရားလွှတ်တော်၊တရားရုံးချုပ်(၁၉၆၂-၁၉၇၃)တို့အသီးသီးတွင်လည်းကောင်း၊ဤအတိုင်းအယူခံဝင်ခွင့်ရရှိခဲ့သည်။
ဗဟိုတရားရုံးတည်ထောင်သည့်၁၉၇၄ခုနှစ်မှစ၍၊ထိုကျင့်ထုံးပျောက်ကွယ်သွားသည်။
စစ်ကြိုခေတ်ဟိုက်ကုတ်လွှတ်တော်များတွင်၊တရားမအယူခံမှုများကိုကြားနာရာ၌၊တရက်ထက်ပို၍အချိန်ယူသောအမှုများရှိခဲ့သည်။
6 Ran 142 ( P C )အမှုတွင်၊ပရီဗီကောင်စီသည်နှစ်ဖက်လျှောက်လဲချက်များကြားနာပြီးသည်နှင့်တပြိုင်နက်အဖြေကိုမကြုံစဖူးချက်ချင်းထုတ်ပြခြင်းသည်အတ္တနောမတိ၊မိမိသဘောဖြင့်ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း၊စီရင်ချက်ပါကြောင်းကျိုးဆင်ခြင်ပြပုံကိုဖတ်ကြည့်ရုံမျှဖြင့်သိနိုင်သည်။
အကြောင်းပြချက်တညိုတထွာရေးကာ၊အောက်ရုံး၏အဆုံးအဖြတ်ကိုပယ်ဖျက်ခြင်းမျိုးမဟုတ်။
အဖက်ဖက်မှကောင်းစွာကြောင်းကျိုးဆင်ခြင်ကာချမှတ်သည့်စီရင်ချက်ဖြစ်သည်မှာယုံမှားဖွယ်မရှိ။
အောက်ရုံး၏အဆုံးအဖြတ်ကိုအတည်ပြုသည်ဖြစ်စေ၊အချို့အဝက်ကိုပြင်ဆင်သည်ဖြစ်စေ၊ပယ်ဖျက်သည်ဖြစ်စေ၊ကြောင်းကျိုးပြပြီးစွက်ဖက်ပြင်ဆင်ရသည်မှာ၊ဤနိုင်ငံတွင်ဖြစ်ထွန်းလျက်ရှိသောတရားစီရင်မှု၏အနှစ်သာရဖြစ်သည်။
ကြောင်းကျိုးပြစိစစ်ပါမှအမှန်တရားကိုစီရင်ကြောင်းပြည်သူများကမြင်မည်ဖြစ်သည်။
လက်ခံမည်ဖြစ်သည်။
တရားစီရင်ရာတွင်အမှန်ကိုဆုံးဖြတ်ရုံမျှသာမကဘဲထိုသို့အမှန်တရားကိုစီရင်ကြောင်းအများမြင်စေရာသည်ဟူသောစီရင်ထုံးစာအုပ်များတွင်ဖော်ပြသည့်ဆောင်ပုဒ်နှင့်ညီညွတ်မည်ဖြစ်သည်။
6 Ran 142 ( P C )အမှုတွင်ရုံးထိုင်သောပရီဗီကောင်စီဝင်ငါးဦးသည်နှစ်ဖက်ကိုကြားနာပြီးနောက်အဖြေထုတ်ပြနိုင်ခြင်းမှာပဟေဠိမဟုတ်တန်ရာ။
အမှုကိုသုံးရက်တိုင်ကြားနာသည်ဆိုခြင်းမှာယုံတမ်းစကားပေလား။
1940 RLR ( F B ) 831 ၌ထုံးပြုသောစီရင်ချက်တွင်၊အယူခံကိုသုံးရက်တိုင်ကြားနာရသည်ဟုဖော်ပြထားသည်ကိုတွေ့ရသည်။
သို့ဖြစ်ရာ 6 Ran 142 ( P C ) အယူခံကိုသုံးရက်ကြားနာရသည်ဆိုခြင်းမှာအဆန်းမဟုတ်တော့ပါ။
ထိုသို့ဆိုလျှင်သုံးရက်အချိန်ကုန်လွန်ရလောက်အောင်နှစ်ဖက်ရှေ့နေများလေရှည်ရသည့်အကြောင်းသည်၊မည်သည်များလဲဟုမေးခွန်းထုတ်ရန်အကြောင်းပေါ်ပေါက်လာသည်။
စာရေးသူသိရှိရသမျှနှစ်ဖက်ရှေ့နေများသည်ကိုးကားသောစီရင်ထုံးများကိုအစမှအဆုံးဖတ်ပြရသည်ဟုဆိုပါသည်။
ရုံးထိုင်တရားသူကြီးများကလည်းစိတ်ပါဝင်စားစွာကြားနာကြသည်ဟုဆိုပါသည်။
သက်သေထွက်ချက်များကိုလည်းပြည့်ပြည့်စုံစုံဖတ်ပြရသည်ဟုဆိုပါသည်။
တခါတရံရုံးထိုင်တရားသူကြီး၊တရားသူကြီးများကမရှင်းသည်များကိုမေးလျှင်လည်းဖြေရသည်ဟုဆိုပါသည်။
ရှေ့နေ၏လျှောက်လဲချက်လမ်းချော်နေလျှင်၊အမှန်ကဒီလိုမဟုတ်လား။
ရှေ့နေကြီးပြောတာဟောဒီသက်သေ၏ထွက်ဆိုချက်နှင့်ကွဲလွဲနေပါလား။
ဤဥပဒေ၊စီရင်ထုံးနှင့်ညီညွတ်သလားစသည်ဖြင့်အခြေအတင်ပြောကြ၊အပြန်အလှန်ဆွေးနွေးကြ၍အချိန်ကုန်သည်များလည်းရှိသည်ဟုဆိုပါသည်။
အောက်ရုံးကတမျိုး၊အထက်တရားရုံးကတဖုံဆုံးဖြတ်သည့်ကိစ္စတွင်သက်သေထွက်ချက်များကို၊ကိုးကားရည်ညွှန်း၍လည်းကောင်း၊ဆိုင်ရာဥပဒေ၏စီရင်ထုံးများကိုရည်ညွှန်း၍လည်းကောင်း၊ရှင်းလင်းလျှောက်လဲရသည်ဟုဆိုပါသည်။
အဖြေမှန်ရရှိရန်အတွက်ထောင့်စေ့စေ့ပြောကြဆိုကြသည်ဟုဆိုရာသက်သေခံချက်အထူအပါး၊ဆုံးဖြတ်ရမည့်ဥပဒေအတိမ်အနက်စသည်တို့အလိုက်လျှောက်လဲချက်များအချိန်ယူသည်ဟုဆိုပါသည်။
စာရေးသူကြားသိရသောအထက်ပါအချက်အလက်များမှန်ပါမှသုံးရက်တိုင်ကြားနာရန်အကြောင်းရှိပါမည်။
သို့မဟုတ်ပါကတရက်ပင်ကြားနာရန်အကြောင်းမမြင်။
ခက်ခဲနက်နဲသောဥပဒေပြဿနာ၊စီရင်ထုံးများတယောက်တပေါက်ဖြစ်လျက်ရှိသည့်ဥပဒေပြဿနာ၊အရှုပ်အထွေးများပြားလှသောသက်သေခံချက်တို့ကိုအသေးစိတ်စိစစ်တင်ပြကြရသည်နှင့်အမျှလျှောက်လဲသည့်အချိန်ကြာမြင့်နိုင်ပါသည်။
ထို့ပြင်အယူခံတရားလိုဘက်မှအယူခံတရားပြိုင်ဘက်ကလျှောက်လဲသည်များကိုပြန်လည်ဖြေရှင်းရာ၌လည်းအချိန်ယူရန်အကြောင်းရနိုင်ပါသည်။
အပေါ်ယံကြောလျှောက်လဲခြင်းမျိုး၌မူအချိန်ကြာရန်အကြောင်းမရှိနိုင်။
အချို့သောတရားရုံးများကစီရင်ထုံးများကို၊ကိုးကားတင်ပြလျှင်အစအဆုံးဖတ်ပြရန်မလို၊သိပြီးသားဟုအကြောင်းပြကာပိတ်ပင်ခြင်းမျိုးရှိသည်ဟုကြားသိရပါသည်။
မှန်ခဲ့လျှင်ယခင်တရားလွှတ်တော်များနှင့်အထက်တရားရုံးများ၏ကျင့်ထုံးနှင့်ညီညွတ်မည်မဟုတ်။
ရှေးထုံးကိုမလေ့လာဘဲ၊ငါတကောကောခြင်းမျိုးမဖြစ်သင့်။
သိပြီးသားဟုမိမိယူဆသောစီရင်ထုံး၊ဥပဒေတို့သည်မှန်ချင်မှမှန်ပေလိမ့်မည်။
ဥပဒေနှင့်စီရင်ထုံးများကိုဖတ်ပြခြင်းအားနားထောင်ခြင်းသည်မိမိ၏မှတ်ဉာဏ်ကိုပြန်နှိုးရာရောက်၍အကျိုးရှိသည်ကိုသိသင့်သည်။
ရှေ့နေကဥပဒေ၊စီရင်ထုံးတို့ကိုဖတ်ပြခြင်းအားနားထောင်ခြင်းသည်အကျိုးနည်းသောကိစ္စမဟုတ်ကြောင်းရုံးထိုင်တရားသူကြီးကမသိခြင်းသည်မောဟဖြစ်သည်။
တရားသူကြီး၏အဓိကလုပ်ငန်းသည်တရားခွင်တွင်အလုပ်လုပ်ခြင်းဖြစ်သည်ကိုမမေ့အပ်။
စဉ်းစားခန်းတွင်ဇိမ်ခံကာအနားယူခြင်းသည်အလုပ်မဟုတ်ခြင်းကိုဆင်ခြင်သင့်သည်။
အယူခံမှုတမှုကိုသုံးရက်တိုင်နားထောင်ခြင်းသည်အမှုကိုကြေကြေညက်ညက်နားလည်သဘောပေါက်စေမည့်တခုတည်းသောနည်းလမ်းဖြစ်သည်။
မိမိမသိသေးသောအကြောင်းခြင်းရာ၊ဥပဒေနှင့်စီရင်ထုံးတို့ကိုရုံးထိုင်ခိုက်ကြေကြေညက်ညက်သိခွင့်ရမည်ဖြစ်ရာ၊တရားခွင်တွင်ပင်အဖြေပေါ်စေနိုင်သည်ကိုသတိချပ်သင့်သည်။
——————————————-
Comments
Post a Comment