6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[Part Two]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
. V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Two ]
————————————————————————
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
. V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
(On Appeal from the High Court at Rangoon.)
Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).
At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.
December 16. The judgment of their Lordships was delivered by LORD BLANESBURGH.
J.C.* 1927 ,Dec. 16.
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်ခဲ့သောယခင်တရားလွှတ်တော်နှင့်တရားလွှတ်တော်ချုပ်တို့၏စီရင်ထုံးများ၌ဖော်ပြသောအမှုဖြစ်ရပ်တို့သည်ဖတ်ချင်စဖွယ်ဖြစ်ပါသည်။
အထူးသဖြင့်တရားရုံးချုပ်တရားသူကြီးဒေါက်တာမောင်မောင်ရေးသောတရားမကြီးမှုများ၌ပါရှိသည့်အမှုဇာတ်လမ်းတို့သည်၊ပရီဗီကောင်စီ၏စီရင်ချက်များကဲ့သို့ဖတ်၍ကောင်းလှသည်ကိုတွေ့နိုင်ပါသည်။
စာဖတ်သူများဖတ်ကြည့်ကြစမ်းပါ။
အတုခိုးကာရေးစမ်းကြည့်ကြစေချင်ပါသည်။
6 Ran ( P C ) 142 အမှုတွင်၊တရားပြိုင်အာမခံကုမ္ပဏီဘက်မှထွက်ချက်၊ချေပချက်ကိုနောက်မှရေးမည်ဟုဆိုသည်။
တရားလို၏ဇာတ်လမ်းရေးခြင်းဖြစ်သဖြင့်အမြွက်မျှဖော်ပြလိုဟန်တူသည်။
စီရင်ထုံးစာမျက်နှာ၁၄၆တွင်အောက်ပါအတိုင်းဖော်ပြသည်-
[The appellants in facing it are entitled to have this record of theirs remembered.]
အထက်ဖော်ပြပါစာကြောင်း၏ဆိုလိုရင်းကိုအချိန်ယူစဉ်းစားရပါလိမ့်မည်။
နားလည်ဟန်ဆောင်ပြီးကျော်မဖတ်ပါနှင့်။
ပရီဗီကောင်စီ၏သုံးသပ်ချက်တွင်အကြောင်းထူးရှိခြင်းကိုဖော်ထုတ်နိုင်ရမည်။
ယင်းစာကြောင်းပါ”it”သည်၊တရားလိုများက(တရားပြိုင်အာမခံကုမ္ပဏီကို)လိမ်လည်လှည့်ဖြားကာအာမခံထားရာ၌ပူးပေါင်းကြံစည်ခဲ့သည်ဟူသောထုချေချက်ကိုရည်ညွှန်းသည်။
တရားပြိုင်ကုမ္ပဏီ၏အဆိုပါစွပ်စွဲချက်ကိုရင်ဆိုင်ရာ၌(in facing)၎င်းတို့(တရားလိုများ၏)မှတ်တမ်း(ဆိုလိုသည်မှာအာမခံထားခဲ့ဖူးသည့်မှတ်တမ်း)ကိုသတိရထိုက်ခွင့်ရှိသည်(are entitled to have this record of theirs remembered.)ဟုဆိုကာ၊တရားပြိုင်ကုမ္ပဏီ၏ထုချေချက်ကိုတရားလိုများကအာမခံထားခဲ့သည့်အခါက၊ပစ္စည်းပျောက်ဆုံးသည့်အတွက်အရေးဆိုဖူးခြင်းမရှိဟူသောမှတ်တမ်းနှင့်ဆက်စပ်စိစစ်ရန်ဖြစ်သည်ဟုထပ်မံပြဆိုခြင်းဖြစ်သည်။
ပညာသားပါပါရေးတတ်ခြင်းကိုသတိချပ်သင့်သည်။
ထို့နောက်စီရင်ထုံးစာမျက်နှာ၁၄၆တွင်အောက်ပါအတိုင်းဆက်လက်ရေးသားသည်-
[But the first appellant is entitled to have something more said about him.]
အထက်ပါအတိုင်းအစချီကာ၊ပထမအယူခံတရားလိုအကြောင်းဆက်လက်ရေးပြခြင်းသည်၊နောက်ကြောင်းခံကိုဆင်ခြင်တတ်ဖို့လိုအပ်ခြင်းအားမီးမောင်းထိုးပြနေသည်ကိုစီရင်ထုံးဖတ်သူဆင်ခြင်မိပါက၊ပရီဗီကောင်စီချမှတ်သောအဆုံးအဖြတ်၏အနှစ်သာရကိုကောင်းစွာသိရှိပါလိမ့်မည်။
အာမခံကုမ္ပဏီတို့ကကမ်းကုန်အောင်လိမ်လည်လှည့်ဖြား(gross fraud)သည်ဟုစွပ်စွဲသောအချိန်မှာ၊ပထမအယူခံတရားလိုသည်အိန္ဒိယနိုင်ငံသို့အသွားကာလ(on his way to India)ဖြစ်သည်။
စီရင်ထုံးစာမျက်နှာ၁၄၆တွင်အောက်ပါအတိုင်းဆက်လက်ရေးသားသည်-
[He had left Rangoon a week before and he remained absent from Burma for many months.]
အထက်ဖော်ပြပါဖြစ်စဉ်သည်၊ယခုခေတ်စီရင်ချက်ရေးသားသကဲ့သို့မဟုတ်။
အကြောင်းမူထင်မြင်သောအဖြေမှန်ကိုဖော်ထုတ်နိုင်သောအကြောင်းခြင်းရာတို့ကိုဖော်ညွှန်း(suggest)ရေးသည်မှာပညာတရပ်ဖြစ်သည်။
အချင်းဖြစ်အချိန်ကရန်ကုန်မြို့တွင်မရှိသောထိုအမှုသည်သည်၊အာမခံကုမ္ပဏီကစွပ်စွဲသောလိမ်လည်လှည့်ဖြားမှုတွင်ပါဝင်နိုင်ပါမလားဟုမပြောရုံတမယ်သာရှိသည်။
အမှုနိုင်ရန်တရားလိုဘက်မှရှေ့နေသည်သက်သေခံချက်တို့ကိုအကွက်စေ့စေ့တင်ပြခဲ့သည်ကိုမှတ်သားအတုယူရန်ဖြစ်သည်။
ရှေးအခါကရှေ့နေတို့ကိုအမှုသည်များကရှေ့နေခပေးရကျိုးနပ်လောက်အောင်ကျွမ်းကျွမ်းကျင်ကျင်တာဝန်ကျေကျေဆောင်ရွက်ခဲ့သည့်သာဓကတရပ်ဖြစ်သည်။
ထို့နောက်ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၄၆တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
[If there is anything clear in the case it is that he personally had neither lot nor part in the transaction be it fraudulent or innocent.]
အထက်ပါဝါကျကိုထပ်တလဲလဲဖတ်ကြည့်ပါ။
စာဖတ်သူတခါဖတ်ရုံဖြင့်နားလည်ပါသလား။
ကိုယ့်ကိုယ်ကိုမလှည့်စားစတမ်းဖြေကြည့်ပါ။
အထူးသဖြင့်[he personally had neither lot nor part in the transaction]လာ”transaction”သည်၊အာမခံကုမ္ပဏီအားတရားလိုများကဝိုင်း၍လိမ်လည်လှည့်ဖြားခြင်းအမှုကိစ္စကိုဆိုလိုကြောင်းသဘောပေါက်ခဲ့ပါသလား။
[lot nor part]ဟူသောစကားရပ်များ၏အဓိပ္ပာယ်တို့ကိုနားလည်ပါသလား။
စာဖတ်သူသည်၊B. A.(Law),LL.B.,R.L. စသည့်အမြီးတသီတတန်းကြီးဖော်ပြရမှကျေနပ်သောဥပဒေပညာရှင်ဖြစ်ပြီး၊တရားလွှတ်တော်ရှေ့နေ၊ခရိုင်တရားရုံးတရားသူကြီးထက်အဆင့်ပညာမနိမ့်သောသူဖြစ်ခဲ့လျှင်အလေးအနက်ဆင်ခြင်ပါ။
မိမိကိုယ်ကိုလိမ်ရန်မကြိုးစားပါနဲ့။
[lot]သည်ကြမ္မာဟုသိပါမှ[nor]နောက်ကပါသော[part]သည်အစိတ်အပိုင်းမဟုတ်ကြောင်းရိပ်စားမိနိုင်မည်ဖြစ်သည်။
မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၉၆၈တွင်[part]ကိုအခန်းကဏ္ဍ၊အခန်းပတ်သက်မှုဟုဘာသာပြန်ပြီး၊[he had no part in the decision.]ဟုဥပမာပေးထားသည်။
သို့ဖြစ်ရာပထမအယူခံတရားလို(မူလရုံးတရားလိုတဦး)သည်အာမခံကုမ္ပဏီကိုလိမ်လည်လှည့်ဖြားကာအာမခံထားသည့်(အာမခံကုမ္ပဏီ၏ချေပချက်)ကိစ္စ၌၊ကိုယ်တိုင်ပတ်သက်မှုမရှိကြောင်းထင်ရှားသည်ဟု၊ပရီဗီကောင်စီကကောက်ချက်ချသည်။
[lot nor part]ဟုတွဲသုံးရမည့်ဝါကျ၏နောက်ဆုံး၌ပါသော[be it fraudulent or innocent]ဟူသောစကားရပ်ကိုရှေ့ကလာသော[transaction, be it fraudulent or innocent.]ဟုတွဲဖက်ဖတ်ရန်ဖြစ်သည်။
[it]သည်ရှေ့ကလာသော[transaction]ဖြစ်သည်။
ဤနေရာတွင်[transaction]သည်ပစ္စည်းအာမခံထားခြင်းကိစ္စဖြစ်သည်ဟုအဓိပ္ပာယ်ရသည်။
အာမခံထားသည့်ကိစ္စမှာလိမ်လည်လှည့်ဖြားသောကိစ္စ(အာမခံကုမ္ပဏီဘက်မှတရားစွဲချက်)ဖြစ်သည်ဖြစ်စေ၊အပြစ်ကင်းစင်သည့်(တရားလိုဘက်မှအဆိုပြုချက်)ကိစ္စဖြစ်စေဟုအဓိပ္ပာယ်ရသည်။
ပထမအယူခံတရားလိုသည်အချင်းဖြစ်စဉ်က၊ရန်ကုန်မြို့တွင်မရှိနိုင်သဖြင့်အာမခံကုမ္ပဏီထုချေသည့်အတိုင်းလိမ်လည်လှည့်ဖြားကာအာမခံထားခဲ့သည်ဖြစ်စေ၊တရားလိုများဘက်မှအဆိုပြုသည့်အတိုင်းအာမခံထားသည့်ကိစ္စမှာအပြစ်ကင်းသောကိစ္စဖြစ်သည်ဖြစ်စေ၊ထိုကိစ္စနှင့်ပတ်သက်သူမဟုတ်ဟုပရီဗီကောင်စီကမြွက်ဆိုခြင်းဖြစ်သည်။
လေးလေးနက်နက်ဆင်ခြင်ပါမှဆိုလိုရင်းကိုနားလည်မည်ဖြစ်သည်။
ဝါကျ၏အစ၌[but]ကိုရှေ့ကထားပြီးရေးသားနည်း၏ထူးခြားချက်ဖြစ်သည်။
အလျဉ်းသင့်၍ဆွေးနွေးစရာအင်္ဂလိပ်သဒ္ဒါတရပ်ရှိသည်။
စီရင်ထုံးစာမျက်နှာ၁၄၆၊ပထမဝါကျအစတွင်[but]ကိုသုံးထားသည်ကိုတွေ့မြင်နိုင်သည်။
ယခုအခါ[but]ကိုမသုံးတော့။
[however]ဟုသုံးသည်ကိုသတိပြုပါ။
သို့သော်[but]ကိုသုံးနိုင်သည်ဟု၊ယခုအခါအင်္ဂလန်နိုင်ငံ၌အင်္ဂလိပ်စာပညာရှင်များအခြေအတင်ငြင်းခုံလျက်ရှိကြသည်ဟုBBCတွင်ကြားဖူးသည်။
လက်တွေ့အကောင်အထည်မပေါ်သေး၊ဤကားစကားချပ်။
ယခုအခါစီရင်ချက်များ၌ဖြစ်ရပ်များ(အဆိုအချေပါအကြောင်းအရာများ)ကတခြား၊တရားရုံး၏သုံးသပ်ချက်ကတခြားရေးခြင်းသည်ရှေးထုံးနှင့်မညီသည်ကိုတရားသူကြီးများသတိထားမိကြပါရဲ့လားဟုမေးခွန်းထုတ်လိုပါသည်။
ပရီဗီကောင်စီ၊ယခင်ဟိုက်ကုတ်လွှတ်တော်၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်၊တရားရုံးချုပ်(၁၉၆၂-၁၉၇၃)တို့၏စီရင်ထုံးများကိုဖတ်ရသည်မှာအရသာရှိလှသည်။
ဖတ်ရသူ၏စိတ်ဝယ်ထိုသူများကိုလစာကြေးကြီးကြီးပေးရကျိုးနပ်သည်ဟုခံစားရမည်မှာမလွဲ။
သို့သော်ထိုစီရင်ထုံးများကိုအရသာမခံဘဲဝတ္ထုဖတ်သလိုဖတ်ကြသူများသည်ထိုသို့ခံစားမိမည်မဟုတ်။
စာရေးသူကအရသာခံ၍ဖတ်ရတိုင်း၊စီရင်ထုံးကိုဆက်လက်မဖတ်သေးဘဲခေတ္တနားကာ၊အရသာတွေ့သောစီရင်ထုံးများကိုရေးသားသူများကောင်းရာသုဂတိသို့ရောက်ကြပါစေဟုဆုတောင်းမိစမြဲ။
ကျေးဇူးတင်ထိုက်သူကိုကျေးဇူးတင်ရခြင်းသည်မင်္ဂလာတပါးဟုစာရေးသူကထင်မြင်သည်။
ထိုပုဂ္ဂိုလ်ကြီးများအားထုတ်မှုကြောင့်မြန်မာနိုင်ငံစီရင်ထုံးများသည်အိန္ဒိယနိုင်ငံအစရှိသောနိုင်ငံတို့နှင့်ရင်ဘောင်တန်းနိုင်ခဲ့သည်ဟုခံယူပါသည်။
——————————————-
Comments
Post a Comment