ဦးမေအောင်၊ဦးခင်၊ဦးဘ၊ဦးမောင်ကြီးတို့အကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စစ်ကြိုခေတ်ကပရီဗီကောင်စီတွင်အယူခံဝင်ခွင့်ရသောအမှုများ၌၊တရားရုံးအဆင့်ဆင့်၏အမှုတွဲအားလုံးကိုပုံနှိပ်ပေးရသည်ဟုကြားသိရပါသည်။
ဟိုက်ကုတ်လွှတ်တော်တွင်ထိုပုံနှိပ်လုပ်ငန်းကိုဆောင်ရွက်ပေးရန်ဌာနတခုသီးခြားဖွင့်ပေးထားရသည်ဟုဆိုပါသည်။
အယူခံတရားလိုများ၏စရိတ်ဖြင့်အစိုးရပုံနှိပ်တိုက်ကအမှုတွဲများကို(မူလတရားရုံး၏သက်သေခံများအပါအဝင်)အပြည့်အစုံပုံနှိပ်ပါသည်။
မှန်မှန်ကန်ကန်ရေးကူးပုံနှိပ်ခြင်းရှိမရှိ၊ဟိုက်ကုတ်လွှတ်တော်ရှိဌာနစုကကြီးကြပ်စစ်ဆေးပြီး၊မူရင်းအမှုတွဲများနှင့်အတူပုံနှိပ်သောအမှုတွဲများကိုပရီဗီကောင်စီသို့ပို့ပေးရသည်ဟုသိရပါသည်။
သို့ဖြစ်ရာ 6 Ran 142 ( P C ) အမှုကိုကြားနာရန်ဖွဲ့စည်းပေးသောပရီဗီကောင်စီဝင်များသည်မူလတရားရုံးနှင့်အယူခံမှုအမှုတွဲတို့ကိုကြိုတင်လေ့လာပြီးမှ၊နှစ်ဘက်ရှေ့နေများကိုကြားနာသောအခါအမှုအကြောင်းကောင်းစွာနားလည်ပြီးဖြစ်၍လျှောက်လဲချက်များကိုကောင်းစွာသဘောပေါက်မည်ဖြစ်သည်။
6 Ran 142 ( P C )မူလမှုကိုစစ်ဆေးစီရင်သောဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးဦးမေအောင်သည်မြန်မာများအနက်ဒုတိယမြောက်မြန်မာတရားသူကြီးဖြစ်သည်။
ဟိုက်ကုတ်လွှတ်တော်ကဆက်ခံသောအောက်မြန်မာပြည်တရားရုံးချုပ်တွင်၊ပထမဆုံးမြန်မာတရားသူကြီးသည်ဦးခင်ဖြစ်သည်။
အစိုးရတရားလွှတ်တော်ရှေ့နေရုံး(ထိုစဉ်ကရှေ့နေချုပ်ရုံးမပေါ်သေး)တွင်တာဝန်ထမ်းဆောင်သောလက်ထောက်အစိုးရတရားလွှတ်တော်ရှေ့နေဖြစ်သည်။
ထိုစဉ်ကအစိုးရတရားလွှတ်တော်ရှေ့နေရုံးတွင်တာဝန်ထမ်းဆောင်သောရှေ့နေများသည်၊အစိုးရအမှုသည်အဖြစ်မပါသောတရားမမှုများတွင်အမှုလိုက်ခွင့်ရှိသည့်နည်းတူ၊ခရိုင်များ၌အစိုးရရှေ့နေအဖြစ်ဆောင်ရွက်ကြသူများ(အများအားဖြင့်ဝတ်လုံများဖြစ်ကြသည်)လည်းအလားတူလိုက်ခွင့်ရှိသည်။
သို့ဖြစ်ရာထိုစဉ်ကထိုရှေ့နေများသည်ရာဇဝတ်နှင့်တရားမဥပဒေများတွင်ကျွမ်းကျင်သူများဖြစ်သည်။
ဦးခင်သည်ရန်ကုန်မြို့တွင်နာမည်ကြီးသော Law Firm တခု၌ရှေ့နေလိုက်သည်ဟုဒေါက်တာဘဦးက၎င်း၏ My Burma စာအုပ်တွင်ဖော်ပြထားသည်။
ဦးဘဦးသည်ဝတ်လုံဖြစ်ပြီးနောက်၁၉၁၃ခုနှစ်အတွင်းရန်ကုန်မြို့တွင်ရှေ့နေလိုက်ခဲ့ရာထိုစဉ်ကတရားစီရင်ရေးလောကအကြောင်းကောင်းကောင်းသိသူဖြစ်၍၎င်း၏ My Burma စာအုပ်တွင်အောက်မြန်မာပြည်တရားရုံးချုပ်၌၊မြန်မာတရားသူကြီးကိုပထမဆုံးခန့်ထားခဲ့ပုံသမိုင်းကြောင်းကိုဖောက်သည်ချထားပါသည်။
တရားလွှတ်တော်ဥပဒေပညာရှင်များဗဟုသုတအဖြစ်လေ့လာကောင်းသည့်ဦးဘဦး၏စာအုပ်စာမျက်နှာ၆၁တွင်အောက်ပါအတိုင်းရေးသားသည်-
“Another important event was the appointment of U Kin to the Chief Court as a Judge.
In our about the second year of the war—-probably 1916—-Sir Harvey Adamson was relieved by Sir Harcourt Butler as Lieutenant Governor.
When he arrived, Sir Harcourt Butler found to his honour that there was no Burman on the bench of the Chief Court.
In fact, there was only one Burman as a Deputy Commissioner (U Myat Tun Aung) and one, U Kyaw Nyein, as a District Judge, the latter having succeeded my father-in-law.
Sir Harcourt Butler proceeded at once to remedy this gross injustice by asking the Chief Judge, Sir Charles Fox, to recommend a Burman for appointment as a Chief Court Judge.
Everybody thought U May Oung would be chosen, but he was passed over in favour of U Kin.”
အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့ကိုပယ်ဖျက်ပြီး၁၉၂၂ခုနှစ်ကုန်ဆုံးတော့မည့်ကာလတွင်၊ဦးမေအောင်ကိုဟိုက်ကုတ်လွှတ်တော်တရားသူကြီးအဖြစ်ခန့်ခဲ့သည်။
ဦးမေအောင်သည်သမ္ဘာရင့်ဥပဒေပညာရှင်ဖြစ်သည်မှာယုံမှားဖွယ်မရှိ။
အလျဉ်းသင့်၍ဖော်ပြရလျှင်ဦးခင်ကိုလည်းဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးအဖြစ်ခန့်ထားသည်။
သို့သော်၎င်းသည်ပြည်ထဲရေးဝန်ကြီးရာထူးကိုလက်ခံပြီးဟိုက်ကုတ်လွှတ်တော်၌တာဝန်ထမ်းဆောင်ခြင်းမပြု။
ဦးမေအောင်သည်လည်းဟိုက်ကုတ်လွှတ်တော်၌နှစ်နှစ်သာသာထမ်းဆောင်ပြီးကွယ်လွန်သွားသောဦးခင်နေရာ၌ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သည်။
နောက်ပိုင်း၌၎င်း၏နေရာတွင်၊ဟိုက်ကုတ်လွှတ်တော် J. A. Maung Gyi ကပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သည်။
အကြောင်းမူ၊ဦးမေအောင်သည်အသက်ငယ်ငယ်ရွယ်ရွယ်တွင်ကွယ်လွန်သွားရှာပြန်သည်။
ဦးမောင်ကြီးသည်ယာယီဘုရင်ခံအဖြစ်မြန်မာထဲမှာတဦးတည်းသောပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခွင့်ရသောသူဖြစ်သည်။
နောက်ပိုင်း၌”ဆာ”ဘွဲ့ချီးမြှင့်ခြင်းခံရသူလည်းဖြစ်သည်။
ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးဦးဘသည်၁၉၃၁ခုနှစ်ကုန်တွင်ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးရာထူးမှနုတ်ထွက်ပြီး၊ပြည်ထဲရေးဝန်ကြီးအဖြစ်ထမ်းဆောင်သည်။
အိုင်စီအက်(စ်)ဦးချမ်းသာက၎င်း၏”ကျွန်တော်အိုင်စီအက်(စ်)”စာအုပ်တွင်၊”ပြည်ထဲရေးဝန်ကြီးဦးဘ”ကို၊ရင်ဖုံးတိုက်ပုံ၊ပုဆိုးတောင်ရှည်ဝတ်ကာ၊ခေါင်းပေါင်းတကားကားနှင့်မေမြို့၌ဘုရင်ခံ၏ဧည့်ခံပွဲသို့တက်ရောက်ခဲ့ပုံကိုရေးထားသည်။
ထိုစဉ်ကဦးချမ်းသာသည်လည်းအလားတူမြန်မာအဝတ်အစားဝတ်ကာဘုရင်ခံ၏ပွဲကိုတက်ခဲ့ရာ၊”ဦးဘ”ကိုတွေ့မှအဖော်ရှိ၍အားတက်မိပုံကိုပြန်ပြောင်းပြောပြခြင်းဖြစ်သည်။
ဤကားစကားချပ်တည်း။
—————————————————-
Comments
Post a Comment