1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Eight ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1995 BLR ( F B ) 151 


ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)


                          နှင့်


ဦးအိုက်ဖုန်းပါ၂


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Eight ]

——————————————-


1995 BLR ( F B ) 151 အမှုတွင်[ operate ]နှင့်[ affect ]ဟူသောဝေါဟာရတို့ကွဲပြားနေမှုကိုအလေးထားဆင်ခြင်ပုံပေါ်သည်။


ဦးသိန်းမောင်တို့အားရောင်းချသည့်စာချုပ်ကိုမှတ်ပုံတင်သောအခါ၊အရောင်းအဝယ်စာချုပ်မှာစာချုပ်ချုပ်ဆိုသည့်၃၁-၁၂-၈၅နေ့မှစ၍အကျိုးသက်ရောက်သည်ဆိုသည့်ဖြစ်ရပ်မှန်[ reality ]ကိုပြဌာန်းချက်များအရရှောင်လွှဲ၍မရနိုင်ပါ။


ထိုသို့ဆိုလျှင်ဦးအိုက်ဖုန်းတို့ကဦးရွှေမိုးတို့အပေါ်၁၁-၂-၈၆နေ့တွင်တရားစွဲဆိုသောနေ့၌၊ဦးရွှေမိုးတို့သည်အချင်းဖြစ်မြေနှင့်အဆောက်အအုံကိုမပိုင်တော့သဖြင့်၊ဦးအိုက်ဖုန်းတို့သည်အမှုနိုင်ရန်အကြောင်းမရှိတော့။


ပုဒ်မ၅၂၏အဓိကပြဌာန်းချက်များမှာ[ အမှုတွင်ချမှတ်နိုင်သည့်ဒီကရီအရ(under any decree which may be made) ထိုပစ္စည်းအပေါ်တဖက်အမှုသည်ကရသင့်ရထိုက်သည့်အခွင့်အရေးများကိုထိခိုက်အောင်မည်သည့်အမှုသည်ကမျှထိုပစ္စည်းအားလွှဲပြောင်းခြင်းမပြုရ]ဟူ၍ဖြစ်သည်။


စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အရ၊အချင်းဖြစ်မှတ်ပုံတင်စာချုပ်သည်၊ဦးအိုက်ဖုန်းတို့တရားမစွဲဆိုမီ၊၃၁-၁၂-၈၅နေ့ကပင်ဦးရွှေမိုးတို့အချင်းဖြစ်ပစ္စည်းများကိုမပိုင်တော့သဖြင့်၊တရားလိုဦးအိုက်ဖုန်းတို့သည်၎င်းတို့စွဲဆိုသောဒီကရီမရနိုင်သဖြင့်ပုဒ်မ၅၂တွင်မျှော်မှန်းထားသော[ ရည်ညွှန်းထားသော ]ဦးအိုက်ဖုန်းတို့အားအနိုင်ပေးသည့်ဒီကရီချမှတ်ရန်အကြောင်းမရှိတော့သဖြင့်ပုဒ်မ၅၂တွင်ရည်ညွှန်းထားသောအခွင့်အရေးများလည်းမရှိနိုင်။


ထိုသို့ဆိုလျှင်ထိုသို့မရှိသည့်အခွင့်အရေးကိုထိခိုက်အောင်ဦးရွှေမိုးတို့ဆောင်ရွက်နိုင်မည်မဟုတ်။


သို့ဖြစ်ရာဦးအိုက်ဖုန်းတို့စွဲဆိုသောအမှုတွင်ပုဒ်မ၅၂ပါပိတ်ပင်ချက်ဟူ၍မရှိနိုင်။


တဖက်တွင် 12 Ran ( D B ) 263 အမှု၌ပြဆိုသည့်အတိုင်းအဓိပ္ပာယ်ကောက်ယူခွင့်ရှိ၍၊ဦးသိန်းမောင်တို့အားရောင်းချသည့်စာချုပ်သည်စာချုပ်ကိုမှတ်ပုံတင်သည့်၂-၅-၈၆နေ့တွင်မှ[ အကျိုးသက်ရောက်ပါမူ ]ဦးအိုက်ဖုန်းတို့တောင်းဆိုသောအခွင့်အရေးကို[ affect ]ဖြစ်ပေလိမ့်မည်။


[ ထိုစဉ်ကဦးအိုက်ဖုန်းတို့အမှုစွဲဆိုထားဆဲဖြစ်သည်။ ]


ထိုသို့ဆိုပါကစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇ပါ[ operate ]နှင့်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါ[ affect ]တို့သည်၊ဝေါဟာရကွဲပြားသော်လည်း၊အနှစ်သာရအားဖြင့်မူတူသောအဓိပ္ပာယ်ဆောင်ပါသည်။


စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇ပါ[ operate ]နှင့်ပုဒ်မ၄၉ပါ[ affect ]တို့သည်ပြဌာန်းချက်များပါစကားစပ်[ context ]အရအဓိပ္ပာယ်တူသည်ကိုတွေ့ရပါသည်။


အမှန်ဆိုရပါကစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၁၇(၁)(ခ)တွင်အကျုံးဝင်သည့်စာချုပ်စာတမ်းများကိုမှတ်ပုံတင်မှသာ၊စာချုပ်ပါမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလွှဲပြောင်းခြင်းစသည်တို့သည်အထမြောက်သည်။


သို့သော်ယင်းသို့လွှဲပြောင်းခြင်းစသည်တို့သည်စာချုပ်ကိုမှတ်ပုံတင်သည့်နေ့မှမဟုတ်ဘဲ၊စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍အကျိုးသက်ရောက်သည်ဟုတွဲ၍ဖတ်ရှုပါက၊အငြင်းပွါးမှုကျဉ်းမြောင်းသွားမည်ဟုယူဆရပါသည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရဆောင်ရွက်ပေးစေရန်ဦးအိုက်ဖုန်းတို့အရေးဆိုသောပဋိညာဉ်မှာနှုတ်ပဋိညာဉ်ဖြစ်သဖြင့်၊နောက်ဆုံးတွင်ဦးရွှေမိုးတို့ကတရားရုံး၏ဒီကရီအရချုပ်ဆိုပေးရမည့်အရောင်းအဝယ်စာချုပ်၏ရက်စွဲသည်၊ဦးသိန်းမောင်တို့အားချုပ်ဆိုပေးထားသောစာချုပ်ရက်စွဲဖြစ်သည့်၃၁-၁၂-၈၅နေ့ထက်စောရန်အကြောင်းလုံးဝမရှိ။


ထိုစာချုပ်သည်မှတ်ပုံတင်သည့်နေ့ထက်စော၍အကျိုးသက်ရောက်ရန်အကြောင်းမရှိ။


စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အရ၊ရောင်းချရန်နှုတ်ကတိပြုသည်ဆိုသောနေ့သို့နောက်ကြောင်းပြန်အကျိုးသက်ရောက်ရန်အကြောင်းမရှိ။


ထိုသို့ဆိုပါကအနည်းဆုံးကိုးနှစ်ကျော်စော၍မှတ်ပုံတင်ခဲ့သောဦးသိန်းမောင်တို့အား၊ပစ္စည်းတရပ်တည်းကိုရောင်းချခဲ့သော၂-၅-၈၆ရက်စွဲပါမှတ်ပုံတင်စာချုပ်က၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈အရဦးစားပေးခြင်းခံရမည်ဖြစ်သည်။

——————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]