1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Nine ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1995 BLR ( F B ) 151
ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)
နှင့်
ဦးအိုက်ဖုန်းပါ၂
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Nine ]
——————————————-
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈၏ဥပဒေသဘောသကန်
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
[ Where a person purports to create by transfer at different times rights in or over the same immoveable property, and such rights cannot all exist or be exercised to their full extent together, each later created right shall, in the absence of a special contract or reservation binding the earlier transferees, be subject to the rights previously created. ]
[ တဦးတယောက်သောသူသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းတခုတည်းကိုအကြိမ်ကြိမ်လွှဲပြောင်းခြင်းဖြင့်ထိုပစ္စည်း၌အခွင့်အရေးများသီးခြားဖြစ်ပေါ်စေသည့်သဘောသက်ရောက်သောကိစ္စတွင်ယင်းအခွင့်အရေးအားလုံးသည်တချိန်တည်း၌ယှဉ်တွဲမတည်ရှိနိုင်လျင်ဖြစ်စေ၊တလုံးတဝတည်းအသုံးမချနိုင်လျင်ဖြစေ၊စောစောလွှဲပြောင်းရရှိသူများအပေါ်အတည်ဖြစ်သည့်အထူးပဋိညာဉ်သို့မဟုတ်စည်းကမ်းချက်မရှိခဲ့ပါက၊နောက်ဖြစ်ပေါ်စေသည့်အခွင့်အရေးအသီးသီးသည်၊အလျင်ဖြစ်ပေါ်စေသည့်အခွင့်အရေးနှင့်မဆန့်ကျင်စေရ။ ]
——————————————
ဘာသာပြန်ချက်နှင့်စပ်လျဉ်း၍ရှင်းလင်းချက်
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈ကိုဘာသာပြန်ရာ၌[ a person ]ကို၊ရာဇသတ်ကြီးပုဒ်မ၃၉တွင်[ တဦးတယောက်သောသူ ]ဟုဘာသာပြန်ထားသည့်အတိုင်းဘာသာပြန်သည်။
အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော[ The Courts Manual ][ ဒုတိယအကြိမ်ထုတ် ]အပိုဒ်၁၆၁ပါ[ puropt to ]ကိုမြန်မာဘာသာဖြင့်၁၉၇၀ပြည့်နှစ်၌ထုတ်ဝေသောတရားရုံးများလက်စွဲအပိုဒ်၁၆၁တွင်[ သဘောသက်ရောက်စေသည် ]ဟုဘာသာပြန်ချက်အပေါ်မှီး၍ဘာသာပြန်သည်။
[ create ]ကိုရာဇသတ်ကြီးဥပဒေပုဒ်မ၃၀တွင်[ ပြုလုပ်သည် ]ဟုဘာသာပြန်ချက်သည်ပုဒ်မ၄၈၏ဆိုလိုရင်းကိုမပေါ်လွင်စေသဖြင့်၊မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်[ ၂၀၀၆ခုနှစ်ထုတ် ]စာမျက်နှာ၃၆၁၌[ ဖြစ်ပေါ်စေသည် ]ဟုအဓိပ္ပာယ်ဖွင့်ဆိုချက်အရလည်းကောင်း၊[ exercise ]၏အဓိပ္ပာယ်ကို၊ထိုအဘိဓာန်စာမျက်နှာ၄၁၇တွင်[ အသုံးချသည် ]ဟုအဓိပ္ပာယ်ဖွင့်ဆိုပြီး[ exercise one’s rights as a citizen ]ဟု၊ဥပမာပေးထားချက်အပေါ်တွင်လည်းကောင်းမှီးသည်။
1953 BLR ( S C ) 30 အမှုတွင်၊စာမျက်နှာ၃၇၌၊လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော်၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ၂၁၉ပါ[ subject to ]၏သဘောအဓိပ္ပာယ်မှာ[ အထောက်အထားပြု၍ ]သို့မဟုတ်[ မဆန့်ကျင်စေမူ၍ ]သို့မဟုတ်[ အညံ့ပေး၍ ]ဖြစ်သည်။
သို့အတွက်[ မဆန့်ကျင်လျှင် ]ဟူသောစကားများ၏သဘောအဓိပ္ပာယ်ကိုဤနေရာတွင်[ မဆန့်ကျင်စေမူ၍ ]ဟုကောက်ယူမှသာလျှင်၊တိုင်းပြည်ပြုလွှတ်တော်၏အာဘော်ကိုမိလိမ့်မည်ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေများအတွဲ၁၀၊စာမျက်နှာ၁၉၀မှစ၍အင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းထားခဲ့သော[ The Urban Rent Control Act, 1948. ]၏ပုဒ်မ၁၀ကို၊၁၉၆၀ပြည့်နှစ်၊မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၀၌၊မြန်မာဘာသာဖြင့်ပြဌာန်းသောအခါ၁၉၄၈ခုနှစ်ဥပဒေပါ[ It shall not be lawful ]ကို၊စာဆန်ဆန်ဘာသာပြန်ခြင်းမပြုဘဲ[ မတောင်းဆိုရ ]ဟုတားမြစ်ပိတ်ပင်သည့်ပြဌာန်းချက်အဖြစ်ပြဌာန်းထားသည်ကိုတွေ့ရသည်။
သို့ဖြစ်၍ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈ပါ[ will be subject to ]ကို[ မဆန့်ကျင်စေရ ]ဟုဘာသာပြန်ခြင်းဖြင့်ဆိုင်ရာပြဌာန်းချက်များ၏အာဘော်ကိုပေါ်လွင်စေသည်ဟုယူဆသည်။
[ will နှင့် shall သဘောချင်းမတူသည်ကို၊သတိပြုမိပါသည်။ ]
ဤပုဒ်မ၄၈မှာကဲ့သို့[ where ]နှင့်စသော၊၁၉၄၈ခုနှစ်အက်ဥပဒေပုဒ်မ၁၇(၁)ကိုမြန်မာဘာသာဖြင့်ပြဌာန်းသော၁၉၆၀ပြည့်နှစ်အက်ဥပဒေပုဒ်မ၂၅(၁)၌[ ကိစ္စတွင် ]ဟုပြဌာန်းထားသည်ကိုတွေ့ရသည်။
—————————————————-
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈တွင်[ purports to create ]ဟုပြဌာန်းရသည့်အကြောင်းကိုစိစစ်ရန်လိုမည်။
တဦးတယောက်သောသူသည်မိမိပိုင်ပစ္စည်းကိုအခြားသူတဦးအားလွှဲပြောင်းရာ၌၊အထမြောက်ခဲ့လျှင်ယေဘုယျအားဖြင့်ထပ်မံလွှဲပြောင်းနိုင်သည့်အခွင့်အရေးမရှိတော့သည်မှာမြင်သာသည်။
သို့ဖြစ်၍-
1992 BLR ( F B ) 169
ဦးအဘူကလန်(ခ)ဦးသန်းထွန်း နှင့် ဦးဝင်းနိုင်ပါ၂
တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်တင့်၊ဦးမျိုးထွန်းလင်း၊ဦးကျော်ဝင်း၊ဦးအောင်မြင်နှင့်ဦးသန်းဖေတို့ရှေ့တွင်
အမှုတွင်[ ဥပစာတခုကိုတချိန်တည်းတွင်သီးခြားပုဂ္ဂိုလ်နှစ်ဦးအားအငှါးချထားခြင်းမပြုနိုင် ]ဟုပြဆိုခြင်းဖြစ်သည်။
နောက်စာချုပ်များကိုချုပ်ဆိုရာ၌၊သာမန်အားဖြင့်ခိုင်လုံသောလွှဲပြောင်းမှုမရှိနိုင်သဖြင့်လွှဲပြောင်းသူသည်ထပ်မံလွှဲပြောင်းခြင်းဖြင့်လွှဲပြောင်းရရှိသူအားလွှဲပြောင်းသည့်ပစ္စည်းတွင်တရားဝင်အခွင့်အရေးရရှိစေနိုင်မည်မဟုတ်ခြင်းကြောင့်၊ထပ်မံလွှဲပြောင်းမှုများ၌လွှဲပြောင်းသူသည်လွှဲပြောင်းရရှိသူအကျိုးငှါအခွင့်အရေးဖြစ်ပေါ်စေသည့်အခြေအနေမရှိသဖြင့်[ purports to create ][ ဖြစ်ပေါ်စေသည့်သဘောသက်ရောက်သည် ]ဟုပြဌာန်းခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀ဘာသာပြန်ချက်အတိုင်း[ ဖြစ်ပေါ်စေသည့်အနေသက်ရောက်သည် ]ဟုဘာသာပြန်လျှင်၊စာထောင့်လိမ့်မည်ဟုယူဆသည်။
ဖြစ်ပေါ်စေကြောင်းအဆိုရှိသည်ဟုအဓိပ္ပာယ်ရသည်။
—————————-
ပုဒ်မ၄၈ပါ[ လွှဲပြောင်းခြင်း ]ဟူသောစကားရပ်၏အဓိပ္ပာယ်
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈ပါ[ transfer ][ လွှဲပြောင်း ]၏အဓိပ္ပာယ်ကို၊အဆိုပါအက်ဥပဒေပုဒ်မ၅တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၌အကျုံးဝင်သောလွှဲပြောင်းမှုအချို့မှာပုဒ်မ၅၄တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောရောင်းချခြင်း၊ပုဒ်မ၅၈တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောပေါင်နှံခြင်း၊ပုဒ်မ၁၀၅တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောအငှါးချထားခြင်း၊ပုဒ်မ၁၁၈တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောလဲလှယ်ခြင်း၊ပုဒ်မ၁၂၂တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောအပိုင်ပေးခြင်း၊ပုဒ်မ၁၃၀တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောတရားစွဲတောင်းဆိုပိုင်ခွင့်ကိုလွှဲပြောင်းခြင်းတို့ဖြစ်သည်။
————————-
ထို့အပြင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၄၏နောက်ဆုံးအပိုဒ်၌[ ရောင်းချရန်ပဋိညာဉ်သက်သက်ကြောင့်ရောင်းချရန်ပဋိညာဉ်ပြုသောစာချုပ်တွင်အကျိုးခံစားခွင့်သော်လည်းကောင်း၊တာဝန်တင်ကြွေးသော်လည်းကောင်းပေါ်ပေါက်စေခြင်းမရှိ ]ဟုအတိအလင်းပြဌာန်းထားသည်။
2002 BLR 368
ဦးမြင့်စိုး နှင့် ဦးတင်ရွှေပါ၂
တရားရုံးချုပ်တရားသူကြီးဒေါက်တာတင်အောင်အေး၏ရှေ့တွင်
အမှု၌၊အထက်ပါပြဌာန်းချက်ကိုညွှန်ပြကာ[ အယူခံတရားလိုဦးမြင့်စိုးသည်၁၄-၁-၉၅ရက်စွဲပါအရောင်းအဝယ်ကတိစာချုပ်တွင်ဝယ်ယူရန်ကတိရရှိထားသည့်အချင်းဖြစ်ပစ္စည်းပေါ်တွင်အကျိုးခံစားခွင့်မရှိကြောင်းထင်ရှားသည် ]ဟုပြဆိုထားသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေတွင်အကျုံးဝင်သောလွှဲပြောင်းမှုတိုင်း၌၊လွှဲပြောင်းရရှိသူသည်လွှဲပြောင်းသောပစ္စည်းတွင်အနည်းနှင့်အများအကျိုးခံစားခွင့်ရရှိသည်။
ရောင်းချရန်နှုတ်ကတိပဋိညာဉ်သည်ဦးအိုက်ဖုန်းအားအချင်းဖြစ်မြေကွက်များနှင့်အဆောက်အအုံတွင်အကျိုးခံစားခွင့်မရရှိစေသဖြင့်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈ပါ[ transfer ]တွင်အကျုံးမဝင်သည့်အလျောက်၊နှုတ်ကတိအပေါ်အခြေပြုသောဦးအိုက်ဖုန်း၏အရေးဆိုချက်သည်ပုဒ်မ၄၈၌၊အကျုံးမဝင်နိုင်သဖြင့်ဦးစားပေးခြင်းဟူ၍လည်းမရှိနိုင်။
နှုတ်ကတိပဋိညာဉ်အတိုင်းဆောင်ရွက်စေရန်ချမှတ်သော်၊တရားရုံး၏ဒီကရီသည်ဦးသိန်းမောင်တို့ချုပ်ဆိုသော၃၁-၁၂-၈၅နေ့စွဲပါစာချုပ်သို့နောက်ကြောင်းမပြန်စေနိုင်။
စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇ကိုကြည့်ပါ။
ထိုအမိန့်ကိုအတည်ပြုရာ၌၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၄၌မည်သူမည်ဝါကစာချုပ်ချုပ်ဆိုရန်ဖြစ်ကြောင်းပြဌာန်းထားသည်။
ထိုစာချုပ်ကိုမှတ်ပုံတင်ရန်လိုအပ်လျှင်အမိန့်၂၁၊နည်း၃၄(၆)အရမှတ်ပုံတင်ရဦးမည်ဖြစ်သည်။
ထိုစာချုပ်ကိုမှတ်ပုံတင်လျှင်မူဇာရီမှု၌၊စာချုပ်ချုပ်ဆိုသည့်နေ့သို့နောက်ကြောင်းပြန်သည်။
1995 BLR 24[ ဒေါ်ခင်မိ နှင့် ဒေါ်နီလာလူပါ၃ ]အမှုကိုကြည့်ပါ။
ဦးသိန်းမောင်တို့ချုပ်ဆိုသော၃၁-၁၂-၈၅ရက်နေ့အထိနောက်ကြောင်းမပြန်နိုင်။
ဤဥပဒေသဘောကိုစုံညီခုံရုံးရှေ့တွင်နှစ်ဖက်ကတင်ပြခဲ့ခြင်းမရှိ။
စုံညီခုံရုံးကလည်းဆင်ခြင်ရန်ပျက်ကွက်ခဲ့သည်။
စုံညီခုံရုံးသည်အထူးခုံရုံးကထုတ်နုတ်အဆုံးအဖြတ်ခံယူရသောပြဿနာတိုင်းကိုအဆုံးအဖြတ်ပေးရန်မဟုတ်ပါ။
8 LBR ( F B ) 501 အမှုတွင်၊တရားလွှတ်တော်ကဆုံးဖြတ်ရန်ပြဿနာကိုရုံးသဟာယအဖြစ်ဖိတ်ခေါ်ကြားနာသည်။
ဦးမေအောင်၏တင်ပြချက်အရပြဿနာကိုပြင်ပြီးကြားနာဆုံးဖြတ်သည့်သာဓကရှိပါသည်။
အချင်းဖြစ်အမှုမှာကဲ့သို့ဦးအိုက်ဖုန်းတို့စွဲဆိုသောအမှု၌၊ဆုံးဖြတ်ရန်အကြောင်းမရှိသည့်ပြဿနာကိုအဆုံးအဖြတ်မပေးဘဲ၊ဆုံးဖြတ်ရန်မလိုကြောင်းအကြောင်းပြကာ၊အထူးအယူခံကိုပယ်ခြင်းကတရားမျှတမှုကိုဖြစ်စေနိုင်သည်။
စုံညီခုံရုံးအမှုတွင်ဦးသိန်းမောင်တို့အမှုသည်အဖြစ်မပါ။
မူလအမှုတွင်လည်းအမှုသည်အဖြစ်မပါဝင်ခဲ့ပါ။
စုံညီခုံရုံးအမှုတွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈အရဦးအိုက်ဖုန်းတို့အားဦးစားပေးအကျိုးခံစားခွင့်ရှိသည်ဟုဆုံးဖြတ်ပါက၊ဦးသိန်းမောင်တို့အားဧကန်မလွဲထိခိုက်နစ်နာစေမည်ဖြစ်သည်။
ထိခိုက်မည့်သူအားကြားနာခြင်းမပြုဘဲ၎င်း၏အကျိုးနှင့်ဆန့်ကျင်သောအဆုံးအဖြတ်ကိုပေးခွင့်မရှိသည်မှာ၊တရားစီရင်ရေး၏အခြေခံသဘောတရားဖြစ်သည်။
—————————————————-
Comments
Post a Comment