1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Seven ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1995 BLR ( F B ) 151 


ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)


                          နှင့်


ဦးအိုက်ဖုန်းပါ၂


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Seven ]

——————————————-


စာချုပ်ကိုမှတ်ပုံတင်ခြင်း၏သဘောသကန်


ရောင်းခြင်း၊ဝယ်ခြင်း၊အပိုင်ပေးခြင်းစသည့်လွှဲပြောင်းမှုတရပ်ရပ်ကိုဖော်ပြချုပ်ဆိုရာ၌၊စာချုပ်ချုပ်ဆိုသူတို့သည်စာချုပ်ချုပ်ဆိုသည်နှင့်တပြိုင်နက်လွှဲပြောင်းမှုကိုချက်ချင်းအကျိုးသက်ရောက်စေလိုသည်မှာကာယကံရှင်တို့၏ရည်ရွယ်ရင်းဖြစ်သည်။


သို့သော်စာချုပ်စာတမ်းများအပြည့်အဝအကျိုးသက်ရောက်စေရန်အလို့ငှါအထောက်အထားရရှိရေးကိုမျှော်မှန်းလျက်စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေကိုပြဌာန်းခဲ့သည်။


1937 RLR ( F B )375 အမှုတွင်၊စာချုပ်စာတမ်းတရပ်ကိုမှတ်ပုံတင်ရန်လိုအပ်ရခြင်းသည်သက်သေခံရရှိရေးအတွက်ဖြစ်သည်ဟုပြဆိုခြင်းကိုအငြင်းပွါးနိုင်ဘွယ်မရှိပါ။


ထိုစီရင်ထုံးမှာပင်[ an unregistered transfer is inchoate and is ineffective until registered ][ မှတ်ပုံတင်သည်အထိလွှဲပြောင်းခြင်းသည်ရုပ်လုံးမပေါ်သေး၊အထမမြောက်သေး ]ဟူ၍လည်းကောင်း-


12 Ran ( D B )263(266) အမှုတွင်[ before the registration of the deed the mortgage is inchoate and does not amount to a transfer in law ]ဟူ၍လည်းကောင်းပြဆိုခြင်းသည်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၄၉ပါပြဌာန်းချက်ကိုအခြားနည်းမြွက်ဆိုခြင်းဖြစ်သည်။


ပုဒ်မ၄၉ပါပြဌာန်းချက်များကလွှဲပြောင်းမှုနှင့်လွှဲပြောင်းရရှိသူတို့၏ရည်ရွယ်ရင်းကိုလုံးလုံးလျားလျားပိတ်ပင်ခြင်းမဟုတ်။


ရည်ရွယ်ချက်ဖြစ်မြောက်စေလိုပါကစာချုပ်ကိုမှတ်ပုံတင်ရန်စည်းကမ်းချက်သတ်မှတ်ခြင်းမျှသာဖြစ်သည်။


သက်သေခံအထောက်အထားရရှိရန်ရှေးရှုခြင်းထက်မပို။


သို့ဖြစ်ရာစာချုပ်ကိုမှတ်ပုံတင်လိုက်သောအခါလွှဲပြောင်းသည့်ကိစ္စတွင်အကျိုးသက်ဆိုင်သူတို့၏ရည်ရွယ်ရင်းသည်ပုဒ်မ၄၇တွင်အတိအလင်းအကောင်အထည်ပေါ်သည်။


1937 RLR ( F B ) 375 အမှုစာမျက်နှာ၃၈၂တွင်စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေ၏လိုအပ်ချက်ကိုဖြည့်ဆည်းသည့်အနေဖြင့်စာချုပ်ကိုမှတ်ပုံတင်လိုက်သောအခါ[ the reality of the transaction received acknowledgment ]ဟုတနည်းသုံးသပ်ပြသည်။


စာချုပ်ပါအမှုကိစ္စ[ ရောင်းခြင်း၊ပေါင်ခြင်း၊အပိုင်ပေးခြင်းစသည် ]တို့၏ဒိဌဖြစ်ရပ်[ reality ]သည်အသိအမှတ်ပြုခြင်းခံရသည်။


စာချုပ်ချုပ်ဆိုသောရောင်းခြင်းစသည်တို့သည်ကာယကံရှင်များရည်ရွယ်သည့်အတိုင်းပုံပေါ်လာသည်။


ပုဒ်မ၄၉ကအရောင်းအဝယ်စသည်တို့အားအထမြောက်စေခြင်းကိုဆိုင်းငံ့ထားခြင်းမဟုတ်ဟုပရီဗီကောင်စီကရှုမြင်ခြင်းသည်ပုဒ်မ၄၇ပါပြဌာန်းချက်များနှင့်ညီညွတ်သည်။


12 Ran ( D B ) 263 အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၆၆၌၊အောက်ပါအတိုင်းအကြောင်းပြသည်-


[ No legal interest in the property passes from the mortgagor to the mortgagee except upon registration of the deed.


The provisions of s. 47 of the Indian Registration Act do not in our opinion run counter to this proposition, for although that section throws back the commencement of the operation of the document, when registered, to the date of the execution it does not pretend to lay down that where an instrument which affects immoveable property requires to be registered title in the property passes before registration is effected. ]


အထက်ပါအကြောင်းပြခြင်းကိုအငြင်းပွါးရန်အကြောင်းမရှိ။


သို့သော်ပုဒ်မ၄၇ကိုဘေးချိတ်ပြီးပုဒ်မ၄၉ပါပြဌာန်းချက်များကိုသာမဲကြည့်ရာရောက်သဖြင့်အစွန်းရောက်သွားသည်ဟုဆိုနိုင်သည်။


ထိုအစွန်းကို 1937 RLR ( F B ) 375 အမှုတွင်မြင်မိသဖြင့်၊အလယ်လမ်းအားရွေးကာပုဒ်မ၄၇နှင့်ပုဒ်မ၄၉တို့ကိုချိတ်ဆက်ဆင်ခြင်ပြီးအဖြေမှန်ထုတ်နိုင်ခဲ့သည်။

———————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]