1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Sixteen ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1995 BLR ( F B ) 151
ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)
နှင့်
ဦးအိုက်ဖုန်းပါ၂
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Sixteen ]
——————————————-
အချင်းဖြစ်ပစ္စည်းများကိုမှတ်ပုံတင်စာချုပ်အရဝယ်သောဦးသိန်းမောင်တို့လင်မယားအမှုသည်များအဖြစ်မပါဘဲ၊၎င်းတို့၏စာချုပ်ပျက်သည်ဟုဆုံးဖြတ်ခွင့်ရှိသလော ?
——————————————
ဦးရွှေမိုးတို့အပေါ်အမှုစွဲဆိုထားစဉ်အတွင်းဦးသိန်းမောင်တို့အားပစ္စည်းရောင်းချသည့်အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ကိုမှတ်ပုံတင်လိုက်သည်ဖြစ်ရာ၊အချင်းဖြစ်ပစ္စည်းများမှာ၎င်းတို့ပိုင်ဖြစ်သွားသဖြင့်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၂၇(ခ)အရ၊၎င်းတို့ကိုတရားပြိုင်များအဖြစ်ထည့်သွင်းတရားစွဲဆိုရန်ဖြစ်သည်။
1951 BLR ( H C ) 457 နှင့် 1 LBR 252 စီရင်ထုံးများကိုကြည့်ပါ။
——————————————
သို့သော်ဦးသိန်းမောင်တို့ကိုတရားပြိုင်များအဖြစ်ထည့်သွင်းခြင်းမပြုဘဲ၊၎င်းတို့ကိုရောင်းချသောမှတ်ပုံတင်စာချုပ်သည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂အရပျက်ပြယ်သည်ဟုဆုံးဖြတ်ခွင့်ရှိပါမည်လား ?
———————————————-
မီးသေသည့်ပြဿနာ
စုံညီခုံရုံး၏စီရင်ချက်သည်ဦးသိန်းမောင်တို့အပေါ်မီးသေစေရန်အကြောင်းမရှိ။
ပညာရှင် Mulla ၏တရားမကျင့်ထုံးဥပဒေကျမ်း[ ကျောင်းသားကိုင် ][ ဒဿမမြောက်ထုတ် ]စာမျက်နှာ၃၅တွင်၊ပုဒ်မ၁၁ကိုဋီကာချဲ့ရာ၌အောက်ပါအတိုင်းပြဆိုသည်-
[ This condition is the principle that judgments and decrees bind only parties and privies. A privy is a convenient term of English Law to describe a person who claims under a party. Latham J. In a Bombay case classified persons other than paties as ( 1 )privies, ( 2 )persons not claiming under parties but represented by them, and ( 3 ) strangers. The ground of privity is property and not personal relation. To make a person a privy he must have acquired an interest in the subject-matter of action by inheritance, succession or purchase subsequently to the action or he must hold the property subordinately, e.g., as a sub-lessee. ]
စုံညီခုံရုံး၏စီရင်ချက်သည်ဦးသိန်းမောင်တို့အပေါ်မီးသေစေရန်ဦးအိုက်ဖုန်းတို့ကဦးရွှေမိုးတို့အပေါ်တရားစွဲဆိုပြီးနောက်အချင်းဖြစ်ပစ္စည်းများကိုဦးသိန်းမောင်တို့ကဝယ်ခဲ့ခြင်းဖြစ်ရမည်။
ဦးသိန်းမောင်တို့သည်ဦးအိုက်ဖုန်းတို့ကဦးရွှေမိုးတို့အပေါ်တရားစွဲဆိုသော၁၀-၂-၈၆နေ့မတိုင်မီ၊အချင်းဖြစ်ပစ္စည်းများကို၃၁-၁၂-၈၅နေ့တွင်ဝယ်ယူခြင်းဖြစ်ရာ၊စုံညီခုံရုံး၏စီရင်ချက်သည်၎င်းတို့အပေါ်မီးမသေနိုင်။
[1995 BLR ( F B ) 151 အမှု၌၊စီရင်ထုံးစာမျက်နှာ၁၅၇-၁၅၈တွင်ဤအချက်ကိုစုံညီခုံရုံးကလက်ခံသည်။]
ထိုသို့မီးမသေနိုင်သဖြင့်၊ဦးသိန်းမောင်တို့ကမိမိတို့သည်အချင်းဖြစ်ပစ္စည်းများကိုပိုင်ကြောင်းအရေးဆိုသည့်အမှုကို၊မန္တလေးခရိုင်တရားရုံးတွင်တရားစွဲဆိုခဲ့သည်။
တိုင်းတရားသူကြီးကထိုသို့တရားစွဲဆိုခြင်းသည်စုံညီခုံရုံး၏အဆုံးအဖြတ်ကိုမထေမဲ့မြင်ပြုသည်ဟု၊ခရိုင်တရားရုံးကိုပြောဆိုလာသဖြင့်ဦးသိန်းမောင်တို့အရေးနိမ့်သွားသည်။
တိုင်းတရားသူကြီး[ ယခုကွယ်လွန်သွားပြီဖြစ်သည် ]သည်တရားစီရင်သည့်ကိစ္စ၌စွက်ဖက်ပြောဆိုခွင့်မရှိသည်ကိုသတိထားမိပုံမပေါ်။
ဦးသိန်းမောင်တို့မိအေးနှစ်ခါနာဖြစ်ခဲ့ရသည်။
မည်သူ၏မျက်နှာကိုမျှမကြည့်ဘဲလွတ်လွတ်လပ်လပ်တရားစီရင်ခြင်းတည်းဟူသောအခွင့်အရေးကိုဦးသိန်းမောင်တို့ရခဲ့ပုံမပေါ်။
အမှုတွင်ဦးသိန်းမောင်တို့အနေဖြင့်၊စုံညီခုံရုံး၏စီရင်ချက်သည်မိမိတို့အပေါ်အတည်မဖြစ်ကြောင်း 1937 RLR ( F B ) 375 စီရင်ထုံးကိုပွဲထုတ်နိုင်ခဲ့ပါလျှင်အောင်မြင်ရန်အကြောင်းရှိသည်။
1937 RLR ( F B ) 375 စီရင်ထုံးသည်၊ပရီဗီကောင်စီ၏စီရင်ထုံးအားအခြေခံသည်ဖြစ်ရာ၊ဦးသိန်းမောင်ဘက်ကဥပဒေအမှန်ကိုတင်ပြနိုင်ခဲ့ပါက၊တရားရုံးအဆင့်ဆင့်၌အမှုရှုံးနိမ့်ရန်အကြောင်းမရှိနိုင်။
ထို့ပြင်အထက်၌ကိုးကားခဲ့သောကျမ်းများလာအဆိုအမိန့်များ၏အကူအညီကိုလည်းရနိုင်သည်။
ယုတ်စွအဆုံးပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈ကိုရှေ့တန်းတင်နိုင်သည်။
စုံညီခုံရုံး၏စီရင်ချက်သည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်စပ်လျဉ်း၍ထုံးဖွဲ့ချက်ဖြစ်သည်။
မီးသေခြင်းနှင့်မသက်ဆိုင်ပါ။
ထိုသို့ဆိုလျင်၎င်းစွဲဆိုသောအမှုကိုအမှုသွားအမှုလာအရသက်ဆိုင်ရာဥပဒေအပေါ်အခြေခံကာဆုံးဖြတ်ရန်ဖြစ်သည်။
ဦးသိန်းမောင်တို့သည်ဥပဒေကပေးသောအခွင့်အရေးများကိုလုံးဝမရခဲ့။
စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇ပါပြဌာန်းချက်များအပေါ်အဓိပ္ပာယ်အမှန်ကိုဖွင့်ဆိုသောခိုင်လုံသည့်စီရင်ထုံးတရပ်ထွက်ပေါ်ရန်အခွင့်အရေးတရပ်ဆုံးရှုံးခဲ့ရပါသည်။
————————————————
Comments
Post a Comment