4 LBR 266 ( P C ), 1953 BLR ( H C ) 373, 1973 BLR 15, 1987 BLR 87

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


4 LBR 266 ( P C )


T. P. PETHERPERMAL CHETTY (1ST DEFENDANT) -APPELLANT.


                V.


R. MUNIANDY SERVAI - Plaintiff


R. M. A. R. L. MUTHIA CHETTY- 2nd defendant


S. P. R. M. P. CHINNIA CHETTY-3rd defendant 

( RESPONDENTS)


Before Lord Macnaghten, Lord Atkinson, Sir Andrew Scoble, and Sir Arthur Wilson.


အမှုတွင်၊အေသည်မိမိမြေကိုကြွေးမြီဖြင့်သိမ်းယူမည်ကိုစိုးရိမ်သောကြောင့်၊ဘီအားရောင်းချလေဟန်စာချုပ်ချုပ်ဆိုလွှဲပြောင်းပေးခဲ့သည်။


နောက်ပိုင်းတွင်အေကယင်းစာချုပ်မှာဘီအားအမည်ခံသဘောရောင်းချခြင်းဖြစ်၍ပယ်ဖျက်ပေးရန်နှင့်မြေကိုလက်ရောက်ရလိုကြောင်းတရားစွဲဆိုရာ၊အယူခံတွင်အမည်ခံသဘောရောင်းချကြောင်းချုပ်ဆိုသည့်စာချုပ်သည်အကျိုးသက်ရောက်မှုမရှိသဖြင့်အေသည်အချင်းဖြစ်မြေကိုလက်ရောက်ရရှိရန်တရားစွဲဆိုရာ၌၊ယင်းစာချုပ်ကိုပယ်ဖျက်ရန်မလိုကြောင်းဆုံးဖြတ်သည်။


ဘီနာမီအရောင်းအဝယ်စာချုပ်သည်အကျိုးသက်ရောက်မှုမရှိ၍၊ပယ်ဖျက်ရန်တရားစွဲဆိုရန်မလိုဟု၊ 4 LBR 266 ( PC )တွင်ဆုံးဖြတ်ပါသည်။


ပျက်ပြယ်သော ( void )စာချုပ်ဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်အတွက်တရားစွဲဆိုရန်စည်းကမ်းသတ်ကာလကျော်လွန်သွားစေကာမူ၊ပျက်ပြယ်သောစာချုပ်ဖြစ်ကြောင်းအချိန်မရွေးတင်ပြနိုင်သည်။ 


4 LBR 266 ( PC )သည်အထင်ရှားဆုံးထုံးသာဓကဖြစ်ပါသည်။

————————————————————-


တချိန်ကအမွေပစ္စည်းဖြစ်ခဲ့ပြီးအမှုစွဲဆိုသောအချိန်တွင်အမွေပစ္စည်းမဟုတ်ကြောင်း၊ ညွှန်ပြလျက်ရှိသောစာချုပ်တရပ်ရပ်၊တရားမဝင်ပျက်ပြယ်ကြောင်းသီးခြားတရားတထုံးစွဲဆိုရန်လိုသလား၊ထိုသို့မစွဲဆိုစေကာမူအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်ပင်၊တရားမဝင်ပျက်ပြယ်ကြောင်းဆုံးဖြတ်ပြီးအမွေပစ္စည်းဖြစ်သည်ဟုဆုံးဖြတ်နိုင်သလားပြဿနာကို၊စုံညီခုံရုံးက 1991 BLR 149 ( FB )တွင်အဆုံးအဖြတ်ပေးပြီးဖြစ်ပါသည်။


အမွေရှင်ကအမွေအားလုံးကိုအပိုင်ပေးသောစာချုပ်သည်ပျက်ပြယ်သည်ဟု-


1991 BLR 149 ( FB )အမှုတွင်ထုံးဖွဲ့ထားပါသည်။


ပျက်ပြယ်သောစာချုပ်ဟူသည်တရားဥပဒေအရအကျိုးသက်ရောက်မှုမရှိ။


1983 BLR 26 စီရင်ထုံးကိုကြည့်ပါ။


ဟန်ဆောင်စာချုပ်သည်တကယ့်စာချုပ်မဟုတ်ပါ။ 


1964 BLR 250 စီရင်ထုံးကိုကြည့်ပါ။


တဘက်တွင်ထိုစာချုပ်များပျက်ပြယ်ကြောင်း[ null and void ]မြွက်ဟကြေညာပေးစေရန်တရားစွဲဆိုနိုင်ပါသည်။


အဆိုပါစာချုပ်များသည်အကျိုးအာနိသင်မရှိ၍၊ စက္ကူစုတ်မျှသာဖြစ်ရာ၊ထိုစာချုပ်များအပေါ်အခြေခံပြီးပစ္စည်းပိုင်ဆိုင်ကြောင်းအရေးဆိုလာလျှင်၊တန်ဖိုးမရှိကြောင်းတဘက်ကအချိန်မရွေးအခိုင်အမာပြောဆို[ assert ]နိုင်သည်။


တရားရုံးကအာနိသင်မရှိကြောင်းအဆုံးအဖြတ်ပေးနိုင်ပါသည်။


အချို့စာချုပ်များသည်ပျက်ပြယ်သော[ void ]စာချုပ်များဖြစ်ပါသည်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၅မှ၁၈၊၂၀မှ၂၂ပါပြဌာန်းချက်များနှင့်ငြိစွန်း၍၊ဖျက်သိမ်းခွင့်ရသော[ voidable ]စာချုပ်ကိုမူ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရဖျက်သိမ်းခြင်းမပြုလျှင်၊ကာလစည်းကမ်းသတ်ကျော်လွန်သောအခါခိုင်လုံသွားမည်ဖြစ်ပါသည်။


ဖျက်သိမ်းခွင့်ရှိသောစာချုပ်မျိုးကို၊ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုခွင့်မရှိပါ။


ထိုစာချုပ်မျိုးသည်၊ပျက်ပြယ်အကျိုးသက်ရောက်မှုမရှိသောစာချုပ်မျိုးမဟုတ်ပါ။


တဘက်ကဖျက်သိမ်းလိုလျှင်ဖျက်သိမ်းခွင့်ရှိသောစာချုပ်မျိုးသာဖြစ်ပါသည်။


ဤခြားနားချက်ကိုသတိချပ်ရန်လိုပါသည်။

——————————————


1953 BLR ( H C ) 373 


MAHMOOD EBRAHIM ARIFF (APPELLANT)


                         V.


ASHA BEE BEE AND NINE OTHERS (RESPONDENTS).*


Before U Tun Byu, C.J. and U Chan Tun Aung, J.


အမှုတွင်မိုဟာမက်အီဘရာဟင်အရဇ်(ဖ်)က၊ကွယ်လွန်သူဖခင်ကျန်ရစ်သည့်အမွေပစ္စည်းများကိုစီမံခန့်ခွဲပေးရန်မိခင်နှင့်ညီမများအပေါ်တရားစွဲဆိုရာ၊ကွယ်လွန်သူက၎င်း​၏သမီးများနှင့်မယားအား၊ကုမ္ပဏီသုံးခုတွင်သူပိုင်ရှယ်ယာများကိုလွှဲပြောင်းပေးခြင်းမှာအမည်ငှားသဘောဖြစ်သဖြင့်ပျက်ပြယ်ကြောင်းမြွက်ဟကြေငြာပေးရန်တောင်းဆိုသည်။


မူလရုံးကအမွေကိုစီမံခန့်ခွဲပေးစေလိုမှုတွင်၊တရားလိုသည်ထိုသို့မြွက်ဟကြေငြာပေးရန်တောင်းဆိုခွင့်ရှိမရှိ၊ပဏာမငြင်းချက်ထုတ်နုတ်ကြားနာပြီးနောက်၊တရားလိုအားအရှုံးပေး၍ဆုံးဖြတ်သဖြင့်တရားလိုကအယူခံသောအခါတရားလွှတ်တော်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[အမြင်အားဖြင့်ပစ္စည်းကိုလွှဲပြောင်းပေးမှုသည်နောက်ပိုင်းတွင်အမှန်စင်စစ်အမည်ငှားဖြစ်ကြောင်းပေါ်ပေါက်စေကာမူ၊ဥပဒေအရတရားဝင်ခိုင်မာသည်။လွှဲပြောင်းပေးသူသေဆုံးပြီးနောက်ထိုသို့လွှဲပြောင်းပေးမှုသည်အမည်ငှားသဘောဖြစ်သည်ဟုဆိုလာရာတွင်၊ပစ္စည်းသည်လွှဲပြောင်းပေးခြင်းခံရသူပိုင်ပစ္စည်းဖြစ်သည်ဟုဥပဒေအရဆက်လက်မှတ်ယူရမည်ဖြစ်သည်။သေဆုံးသူသေဆုံးစဉ်ကကျန်ရစ်သောအမွေပုံပစ္စည်းတွင်ပါဝင်သည်ဟုမဆိုနိုင်။]


မိုဟာမက်အီဘရာဟင်အရဇ်ဖ်အမှုတွင်ဆုံးဖြတ်ရန်ပြဿနာမှာ၊ကွယ်လွန်သူအသက်ထင်ရှားရှိစဉ်ကရှယ်ယာများကိုလွှဲပြောင်းပေးခြင်း​၏တရားဝင်မှုကို၊တရားလိုကအမွေမှုတွင်အရေးဆိုခွင့်ရှိမရှိပြဿနာဖြစ်သည်။


အယူခံတရားလို​၏ရှေ့နေကရှယ်ယာများလွှဲပြောင်းပေးမှုမှာအမည်ငှားသဘောဖြစ်ကြောင်းအဆိုလွှာတွင်စွပ်စွဲထားသည်ဖြစ်၍၊ကွယ်လွန်သူ​၏အမွေပုံပစ္စည်းဖြစ်သည်ဟုသဘောထားရမည့်ရှယ်ယာများကိုလွှဲပြောင်းပေးခြင်းသည်အမည်ငှားသဘောဟုတ်မဟုတ်၊အမွေမှုတွင်ဆုံးဖြတ်နိုင်သည်ဟုလျှောက်လဲတင်ပြသည်။


အယူခံရုံးကပစ္စည်းတရပ်ကိုသူတပါးအားဥပဒေနှင့်အညီလွှဲပြောင်းပေးထားပြီးပါက၊ယင်းသို့လွှဲပြောင်းပေးမှုမှာ၊တရားမဝင်ကြောင်းမြွက်ဟကြေငြာပေးရန်အရေးယူဆောင်ရွက်ခြင်းမရှိခဲ့လျှင်၊တရားမဝင်ဟုမမှတ်ယူသင့်ကြောင်း၊ရှယ်ယာတွင်အမည်ပေါက်သူသည်ဥပဒေအရရှယ်ယာပိုင်ရှင်ဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊ဤတရားဝင်အခြေအနေများကိုပြောင်းလဲရန်တနည်းနည်းဖြင့်ကနဦးအရေးယူဆောင်ရွက်သင့်ကြောင်း၊ယေဘုယျအားဖြင့်ဆိုလျှင်မှတ်ပုံတင်ကုမ္ပဏီတခုတွင်ရှယ်ယာဝယ်လိုသူသည်၊ကုမ္ပဏီမှတ်ပုံတင်တွင်ဖော်ပြချက်တို့မှန်ကန်သည်ဟုဥပဒေအရမှတ်ယူနိုင်ကြောင်း၊ရှယ်ယာများကိုအယူခံတရားပြိုင်များအားလွှဲပြောင်းပေးထားခြင်းကိုပျက်ပြယ်စေရန်တနည်းနည်းဖြင့်အရေးဆိုခဲ့ခြင်းမရှိလျှင်၊ထိုရှယ်ယာများသည်ကွယ်လွန်သူကွယ်လွန်စဉ်ကအမွေပုံတွင်ပါသည်ဟုမှတ်ယူရန်ခဲယဉ်းကြောင်း၊လွှဲပြောင်းပေးမှုများမှာအမည်ငှားဖြစ်သည်ဆိုရုံမျှဖြင့်၊ထိုရှယ်ယာများတရားဝင်တည်ရှိနေသည့်အခြေအနေကိုပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊အကြောင်းမူ၊ထိုရှယ်ယာများအားလွှဲပြောင်းပေးမှုကိုမပယ်ဖျက်သေးသရွေ့၊သို့မဟုတ်၊တရားမဝင်ဟုမကြေငြာသေးသရွေ့၊ဥပဒေအရဆိုလျှင်အယူခံတရားပြိုင်တို့သည်ထိုရှယ်ယာများကိုပိုင်သည်ဟုကနဦးတွင်မှတ်ယူရမည်ဖြစ်ကြောင်း၊ကွယ်လွန်သူသေဆုံးချိန်တွင်မျက်မြင်အားဖြင့်အခြားသူပိုင်ကြောင်းပေါ်ပေါက်သည့်ပစ္စည်းများ​၏ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍၊တရားမကျင့်ထုံးဥပဒေအမိန့်၂၀၊နည်း၁၃(၁)အရစုံစမ်းမှုမပြုနိုင်ကြောင်းသုံးသပ်သည်။


တဖက်တွင်၊ဒေါ်သိုင်း နှင့် ဒေါ်ငွတ်ပါ၂၊၁၉၄၉ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ(တရားလွှတ်တော်)၊စာ-၄၇၁ကိုကိုးကားဆုံးဖြတ်သော၊ဒေါ်လွန်းပါ၅နှင့်ဒေါ်သိန်းရင်၊၁၉၉၁ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၄၉(စုံညီ)စီရင်ထုံးတွင်၊အမွေပုံစီမံခန့်ခွဲပေးစေလိုမှု၌၊အမွေပုံပစ္စည်းနှင့်ပတ်သက်သောစာချုပ်စာတမ်းကိုပျက်ပြယ်ကြောင်းအဆုံးအဖြတ်ပြုထားသည့်သာဓကရှိသည်ဟုစောဒကတက်စရာရှိပါသည်။


ဒေါ်လွန်းအမှုတွင်ရည်ညွှန်းသောစာချုပ်သည်၊မိဘများပိုင်သောအမွေပစ္စည်းအားလုံးကိုပေးကမ်းသည့်စာချုပ်သည်၊မူလကပင်ပျက်ပြယ်နေသဖြင့်၊ထိုသို့အမွေမှုတွင်ပျက်ပြယ်ကြောင်းအဆုံးအဖြတ်ပေးခြင်းဖြစ်ပါသည်။


ဒေါ်လွန်းအမှုကိုလေ့လာပါလျှင်၊အချင်းဖြစ်မြေမှာမိခင်ကွယ်လွန်သောအခါအမွေဆိုင်ပစ္စည်းအဖြစ်ကျန်ရစ်ကြောင်းကြေငြာပြဌာန်းပေးရန်နှင့်အမွေစီမံခန့်ခွဲပေးစေလိုကြောင်းတရားစွဲဆိုခြင်းဖြစ်သည်။

——————————————————


1987 BLR 87


ဦးသိန်းဟန် နှင့် မငွေပါ၂


ဥက္ကဌအဖြစ်ဦးဝင်းမောင်၂၊အဖွဲ့ဝင်များအဖြစ်ဒေါက်တာမန်းသက်စံနှင့်ဦးမျိုးမြင့်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဦးသိန်းဟန်စီရင်ထုံးပါအမှုတွင်အချင်းဖြစ်စာချုပ်မှာစွန့်လွှတ်စာချုပ်မဟုတ်ပါ။


အပိုင်ပေးစာချုပ်ဖြစ်ပါသည်။


1991 BLR 149( FB )( ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင် )စီရင်ထုံးနှင့်၊ဖြစ်ရပ်ချင်းတူပါသည်။


စီရင်ထုံးခေါင်းစီးသည်အထင်လွဲစရာဖြစ်နေပါသည်။


ထိုခေါင်းစီးမှာစီရင်ထုံးစာမျက်နှာ၉၁မှ၉၂ပါသုံးသပ်ချက်ကိုထုံးဖွဲ့ခြင်းဖြစ်ပါသည်။


အပိုင်ပေးစာချုပ်မှာဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊အမွေစီမံခန့်ခွဲမှုတွင်ဆုံးဖြတ်နိုင်ကြောင်း၊1973 BLR 15စီရင်ထုံးကိုကိုးကားခြင်းသာဖြစ်ပါသည်။


ဦးသိန်းဟန်စီရင်ထုံးစာမျက်နှာ၉၃တွင်-


[ အချင်းဖြစ်အပေးစာချုပ်မှာအကြောင်းကြောင်းကြောင့်အကျိုးသက်ရောက်မှုရှိမရှိဆိုသောပြဿနာကိုအမွေမှုတွင်ဆုံးဖြတ်နိုင်သည်ဟုကောက်ယူရပေမည်။ယင်းစာချုပ်ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်ဖြစ်စေ၊ဖျက်သိမ်းပေးရန်ဖြစ်စေတရားတထုံးစွဲဆိုရန်မဟုတ်။တမှုတည်း၌ကြားနာဆုံးဖြတ်ခြင်းဖြင့်အမှုတိုးပွားခြင်းကိုကာကွယ်နိုင်သည်။ ]ဟုပြဆိုပါသည်။


အကျိုးသက်ရောက်မှုမရှိသောစာချုပ်သည်ကနဦးကပျက်ပြယ်သော[ void ]စာချုပ်ဖြစ်ပါသည်။


နစ်နာသူကဖျက်သိမ်းမှပျက်သောစာချုပ်[ voidable ]မျိုးမဟုတ်ပါ။

——————————————-


1973 BLR 15


မာမွတ်ရာကွတ်မန်ဆာ နှင့် အယွတ်အစ္စမေး(လ်)အာတီးယားပါ၁၆

တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးတင်အုန်းတို့ရှေ့တွင်


အမှုတွင်၊အချင်းဖြစ်စွန့်လွှတ်စာချုပ်သည်၊ပျက်ပြယ်အကျိုးသက်ရောက်မှုမရှိကြောင်းဆုံးဖြတ်နိုင်သည်ဟုသာပြဆိုခြင်းဖြစ်ပါသည်။


ထို့အပြင်မာမွတ်ရာကွတ်မန်ဆာအမှုတွင်၊တရားလိုသည်အမွေရထိုက်ခွင့်ရှိမရှိစိစစ်ရာ၌၊၎င်းကချုပ်ဆိုခဲ့သောစွန့်လွှတ်စာတမ်းသည်၊တရားဝင်သည်မဝင်သည်ကိုအမွေမှုတွင်ပင်အဆုံးအဖြတ်ပေးနိုင်သည်ဟုပြဆိုပါသည်။

———————————————


ဖြားယောင်း၍ချုပ်ဆိုရသောစာချုပ်သည်၊အလိုအလျောက်ပျက်[ void ]သည်မဟုတ်ပါ။


ဖျက်သိမ်းခွင့်ရှိသော[ voidable ]စာချုပ်မျိုးသာဖြစ်ပါသည်။


ထိုသို့ဖျက်သိမ်းခွင့်ရှိကြောင်းသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရစွဲဆိုသောအမှုတွင်သာအဆုံးအဖြတ်ပေးနိုင်ပါသည်။


အမွေစီမံခန့်ခွဲမှုသက်သက်တွင်ဆုံးဖြတ်နိုင်သည့်ကိစ္စမဟုတ်ပါ။


အကြောင်းမူယင်းအမှုမျိုးတွင်၊တရားလိုသည်အမွေဆိုင်ဟုတ်မဟုတ်၊ခွဲဝေရန်အမွေပစ္စည်းရှိမရှိသာဆုံးဖြတ်နိုင်ပါသည်။


ဖျက်သိမ်းခွင့်ရသောစာချုပ်ကိုပယ်ဖျက်ရန်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရအခွင့်အာဏာမရှိပါ။


ပျက်ပြယ်သော[ void ]စာချုပ်မှာမူအာနိသင်မရှိ၍၊ပယ်ဖျက်ရန်လိုမည်မဟုတ်ပါ။


စက္ကူစုတ်ဟုသဘောထားရန်ဖြစ်၍၊ထိုစာချုပ်မရှိသကဲ့သို့မှတ်ယူသဘောထားပြီး၊စာချုပ်ပါပစ္စည်းကိုအမွေခွဲဝေရန်ဖြစ်ပါသည်။


1991 BLR 149 ( F B )အမှုတွင်၊ 1973 BLR 15အမှုပါထုံးဖွဲ့ချက်အနက်၊အမှုပွားခြင်းကိုပိတ်ပင်သင့်သည်ဟူသောမူကိုလက်ခံဆုံးဖြတ်ပါသည်။


မာမွတ်ရာကွတ်မန်ဆာအမှုတွင်၊အမွေထိန်းနှင့်တရားပြိုင်အမွေဆိုင်များချုပ်ဆိုသောစွန့်လွှတ်စာချုပ်သည်တရားဝင်မဝင်ကိစ္စကိုအမွေမှုတွင်တပြိုင်တည်းကြားနာစစ်ဆေးဆုံးဖြတ်နိုင်ကြောင်း၊စွန့်လွှတ်စာချုပ်မှာပျက်ပြယ်ကြောင်း၊ဖျက်သိမ်းပေးရန်တရားတထုံးစွဲဆိုရန်မလိုကြောင်း၊တမှုတည်း၌ကြားနာဆုံးဖြတ်ခြင်းဖြင့်အမှုတိုးပွားခြင်းမှလည်းကာကွယ်ရာရောက်မည်ဖြစ်ကြောင်းထုံးဖွဲ့ထားသည်။


သို့သော်ဖျက်သိမ်းမှပျက်သောစာချုပ်ကို၊အမွေစီမံခန့်ခွဲပေးစေလိုမှုသက်သက်တွင်၊ပျက်ပြယ်သည့်စာချုပ်အဖြစ်မှတ်ယူကာ၊အမွေပစ္စည်းအဖြစ်ခွဲဝေနိုင်သည်ဟုဆုံးဖြတ်ထားခြင်းမရှိပါ။

——————————————————-

တရားပြိုင်တို့ကအမွေခွဲဝေပေးမည်ဟုယုံကြည်အောင်လှည့်ဖြားပြောဆိုသဖြင့်၊စွန့်လွှတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြောင်းတရားလိုကအဆိုပြုပြီး၊ထိုအချက်မှာမူလကပင်တရားမဝင်ပျက်ပြယ်နေသောစာချုပ်ဖြစ်ကြောင်းအဆိုပြုသည်။


စွပ်စွဲသည့်အကြောင်းအရာမှန်ခဲ့ပါ၍၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၇ပါပြဌာန်းချက်များနှင့်ငြိစွန်းပါလျှင်၊ပုဒ်မ၁၉အရတရားလိုကဖျက်သိမ်းခွင့်ရှိပါလိမ့်မည်။


စွန့်လွှတ်စာချုပ်သည်မူလကပင်တရားမဝင်ပျက်ပြယ်စရာအကြောင်းမရှိပါ။


တရားလိုကဖျက်သိမ်းပေးရန်တရားစွဲဆိုပါမှပျက်နိုင်သည့်စာချုပ်မျိုးဖြစ်ပါသည်။


ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုခွင့်လည်းမရှိပါ။


စာချုပ်ချုပ်ဆိုစဉ်ကပင်အကျိုးအာနိသင်မရှိသောစာချုပ်မျိုးသာလျှင်ကနဦးကပင်ပျက်ပြယ်ပါသည်။

——————



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]