အမှုသည်တဦးအားအကျိုးရှိစေမည်မဟုတ်သောမြွက်ဟဒီကရီကိုချမှတ်ပေးနိုင်မည်မဟုတ်။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရစွဲဆိုသောအမှုတွင်၊ထိုပုဒ်မအရတရားလိုကတောင်းဆိုသောမြွက်ဟချက်ကိုတရားရုံးကပေးနိုင်သည့်အာဏာရှိသည်။


သို့ရာတွင်တရားရုံးကယင်းအာဏာကို၊အလွယ်တကူသုံးစွဲရန်မဟုတ်ချေ။


တရားရုံးကဆင်ခြင်တုံတရားအတိုင်းသာအသုံးပြုမည်ဖြစ်သည်။


ထိုနည်းတူမြွက်ဟကြေညာပေးခြင်းအားဖြင့်တရားလိုတွင်အကျိုးသက်ရောက်မှုမရှိပါက၊ထိုသို့အချည်းနှီးသာဖြစ်သည့်အဓိပ္ပာယ်မဲ့သောဒီကရီမျိုးကိုချမှတ်ခြင်းမပြုသင့်ပေ။


အမှုသည်တဦးအားအကျိုးရှိစေမည်မဟုတ်သောမြွက်ဟဒီကရီကိုချမှတ်ပေးနိုင်မည်မဟုတ်။

——————————-


1967 BLR 735 အမှုတွင်၊အကျိုးသက်ရောက်မှုမရှိသောမြွက်ဟကြေညာချက်မျိုးကိုတရားရုံးများကချမှတ်ရန်မသင့်ဟုမြွက်ဆိုထားခြင်းကြောင့်၊ပျက်ပြယ်သောစာချုပ်ဖြစ်ကြောင်းမကြေညာပဲနေလျှင်မဖြစ်နိုင်ဘူးလားဟုစောဒကတက်စရာအကြောင်းရှိပါသည်။


ပျက်ပြယ်သောစာချုပ်သည်၊အကျိုးသက်ရောက်မှုမရှိဆိုသည်မှာမှန်ကန်သော်လည်း၊တဘက်အမှုသည်မှပျက်ပြယ်သောစာချုပ်ကိုကိုင်စွဲ၍၊စာချုပ်ပါကိစ္စအတည်ဖြစ်လေဟန်အခွင့်အရေးတောင်းဆိုနေမည်ဆိုလျှင်၊တရားရုံးကစာချုပ်ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးခြင်းဖြင့်၊ထိုကဲ့သို့အရေးဆိုခြင်းကိုပိတ်ပင်နိုင်မည်ဖြစ်သောကြောင့်၊မြွက်ဟဒီကရီသည်အချည်းနှီးဖြစ်သည်ဟုမဆိုနိုင်ပေ။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရစွဲဆိုလျင်လည်းပယ်ဖျက်ပေးနိုင်သည်။

———————————————


1967 BLR 735 


မိုဟာမက်အလီ(မူရာမက်အလီ)


                   နှင့်


အလီမာဘီဘီ(ဟာလီမာဘီဘီ)


တရားသူကြီးဦးသက်ဖေရှေ့တွင်


စီရင်ထုံးစာမျက်နှာ၇၃၇တွင်၊တရားသူကြီးဦးသက်ဖေကအိန္ဒိယစီရင်ထုံးတရပ်ကိုရည်ညွှန်းကိုးကား၍အောက်ပါအတိုင်းသုံးသပ်သည်-


[ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရ၊မြွက်ဟချက်ဒီကရီချမှတ်သင့်မသင့်ဆိုသည့်ကိစ္စမှာမူလရုံးမှဆင်ခြင်တုံတရားလက်ကိုင်ထား၍ဆုံးဖြတ်ရမည့်ကိစ္စတခုသာဖြစ်သည်ဆိုခြင်းမှာမှန်၏။


သို့ရာတွင်ယင်းသို့ချမှတ်သည့်ဒီကရီတခုသည်တရားလိုအတွက်မည်သို့မျှလက်တွေ့တွင်အသုံးမဝင်၊အသုံးမချနိုင်လျင်ထိုဒီကရီသည်အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။


မြွက်ဟကျေညာပေးခြင်းအားဖြင့်တရားလိုတွင်အကျိုးသက်ရောက်မှုမရှိပါမူ၊ထိုမြွက်ဟချက်သည်အချည်းနှီးသာဖြစ်ပေမည်။


ထိုသို့အချည်းနှီးသာဖြစ်သည့်၊အဓိပ္ပာယ်မဲ့သည့်ဒီကရီမျိုးကိုတရားရုံးများအနေဖြင့်ချမှတ်ခြင်းမပြုသင့်ပေ။


ထိုကိစ္စနှင့်ပတ်သက်၍၊ဖါတာဆင်း နှင့် ဂိုပေါနာရိမ်းတို့အမှု(အေ၊အိုင်၊အာ(ရ်)၊(၁၉၂၅)၊အလဟာဘတ်၊၆၃၇(၁၃၉)၊(စုံညီခုံ)။)တွင်အောက်ပါအတိုင်းမှတ်ချက်ပြုခဲ့သည်ကိုတွေ့မြင်နိုင်သည်။


"When all is said and done, the granting of relief by way of declaration, is a matter within the discretion of the civil Court, and if it is made to appear that the declaration, when granted to the plaintiff, will be of no avail to him that seems to me to be a very good reason for holding that in such a case the Court should exercise its discretion against the plaintiff and decline to grant any relief. This is not to say that a suit for a declaration of the nature just mentioned is not entertainable by a civil Court. That I think would be going too far. But it is clear that any civil Court is entitled, in the exercise of its discretion, to refuse a declaration of this kind if it is to turn out to be purely nugatory."]


စီရင်ထုံးစာမျက်နှာ၇၃၈၌၊အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


[ မေဂျာဘာကာ နှင့် မစ္စစ်ဘာကာတို့အမှု(အေ၊အိုင်၊အာ(ရ်)၊(၁၉၅၅)၊မဒရာဘာရတ်၊၉၉(၁၀၃)။)၌လည်းအောက်ပါအတိုင်းမိန့်မြွက်ထားပေသည်။


"A Court has to bear in mind that it is not to make a declaration of an abstract right exclusive of practical utility especially when that declaration may not be productive of any benefit to the party obtaining the declaration."


ယခုအမှုတွင်လည်း၊ရန်ကုန်မြို့ဘိုးလိမ်းလမ်းအမှတ်၁၆၅ရှိအိမ်မှာမူလရုံးကဒီကရီချမှတ်ခြင်းမပြုမီ၊၁၉၆၆ခုနှစ်၊မတ်လ၁၉ရက်နေ့ကပင်မီးလောင်ကျွမ်းသွားပြီးဖြစ်သည်ဆိုခြင်းမှာအငြင်းမပေါက်၍၊ထိုအိမ်သည်ဒေါ်ပု(ခေါ်)အမာဂျန်ဘီဘီပိုင်ပစ္စည်းဖြစ်သည်ဟုမြွက်ဟကျေညာပေးခြင်းအားဖြင့်၊ဒေါ်ပုအဘို့မည်သို့မျှအကျိုးကျေးဇူးဖြစ်ထွန်းရန်အကြောင်းမရှိ၊မရှိတော့သည့်ပစ္စည်းတခုကိုပိုင်ဆိုင်သည်ဟုကျေညာပေးခြင်းသည်အဓိပ္ပာယ်မရှိသောဆောင်ရွက်ချက်သာဖြစ်ပေသည်။xxxxxxxxxxသို့ဖြစ်ရာ၊အဓိပ္ပာယ်မရှိဘဲအချည်းနှီးသာဖြစ်သည့်မြွက်ဟချက်ဒီကရီကိုမူလရုံးအနေဖြင့်ချမှတ်ခဲ့ခြင်းမှာမှားယွင်းနေသည်ဟုဆိုရမည်ဖြစ်သည်။]

———————————————


1975 BLR 10 


မခင်ညွန့်(၎င်း၏ကိုယ်စားလှယ်ဦးသန်းညွန့်)


                      နှင့်


ဦးရွှေထွန်းပါ၉


ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးစိုးလှိုင်နှင့်ဦးကြည်မြတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၁၌၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


[ မူလမြို့နယ်တရားရုံးကအိမ်ကိုသာမခင်ညွန့်ပိုင်သည်။


မြေကိုမပိုင်ဟုဆုံးဖြတ်ခဲ့သည်။


မြေကိုမပိုင်ဟုဆုံးဖြတ်ချက်ကိုမခင်ညွန့်ကအယူခံမဝင်ခဲ့ချေ။


ထို့ကြောင့်ဤဒုတိယအယူခံတွင်မြေကိုပိုင်သည်ဟုအယူခံတရားလိုအနေနှင့်အရေးမဆိုနိုင်တော့ချေ။


အချင်းဖြစ်အိမ်သည်ပထမအယူခံရုံးတွင်အမိန့်မချမှတ်မီ၁၉၇၂ခု၊ဇူလိုင်လ၂၆ရက်နေ့ကဖျက်ပြီးဖြစ်သည်ဟုအယူခံရုံး၏စီရင်ချက်တွင်တွေ့ရသည်။


ဤကဲ့သို့အိမ်ဖျက်ပြီးကြောင်းအယူခံတရားလို၏ရှေ့နေကြီးကဝန်ခံသည်။


ထို့ကြောင့်မရှိတော့သည့်အိမ်နှင့်ပတ်သက်၍ပိုင်ဆိုင်ကြောင်းမြွက်ဟကြေငြာပေးရန်သင့်မသင့်စဉ်းစားရန်လိုပေသည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရမြွက်ဟချက်ဒီကရီချမှတ်သင့်မသင့်ဆိုသည့်ကိစ္စမှာမူလရုံးမှဆင်ခြင်တုံတရားလက်ကိုင်ထား၍ဆုံးဖြတ်ရသည့်ကိစ္စဟုသာဖြစ်သည်ဆိုခြင်းမှာမှန်၏။


သို့ရာတွင်ယင်းသို့ချမှတ်သည့်ဒီကရီတခုသည်တရားလိုအတွက်မည်သို့မျှလက်တွေ့အသုံးမဝင်အသုံးမချနိုင်လျင်ထိုဒီကရီသည်အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။


မြွက်ဟကြေငြာပေးခြင်းအားဖြင့်တရားလိုတွင်အကျိုးသက်ရောက်မှုမရှိပါမူ၊ထိုမြွက်ဟချက်သည်အချီးအနှီးသာဖြစ်ပေမည်။


ထိုသို့အချီးအနှီးသာဖြစ်သည့်အဓိပ္ပာယ်မဲ့သည့်ဒီကရီမျိုးကိုတရားရုံးများအနေဖြင့်ချမှတ်ခြင်းမပြုသင့်ပေ။


ထို့ကြောင့်ဤအမှုတွင်အခင်းဖြစ်အိမ်လည်းမရှိတော့သည့်အပြင်၊သက်သေထွက်ချက်များအရထိုအိမ်နှင့်ပတ်သက်သည့်အခွင့်အရေးပြဿနာများလည်းပေါ်ပေါက်ရန်အကြောင်းမရှိသဖြင့်၊ပိုင်ဆိုင်ကြောင်းမြွက်ဟချက်ဒီကရီချမှတ်ပေးရန်မလိုဟုယူဆသည်။


သို့ဖြစ်၍ဤအယူခံမှုကိုပလပ်လိုက်သည်။]

———————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]