နှုတ်ပိတ်ခြင်း[ ဝါ ]ဘွာခတ်ခွင့်မရှိခြင်း[ estoppel ]ဆိုင်ရာဥပဒေ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
နှုတ်ပိတ်ခြင်း[ ဝါ ]ဘွာခတ်ခွင့်မရှိခြင်း[ estoppel ]ဆိုင်ရာဥပဒေ
—————————————-
ဘီအယ်(လ်)စာမေးပွဲတွင်[ estoppel ]နှင့်[ res judicata ][ မီးသေခြင်း ]တို့၏ခြားနားချက်အကြောင်းမေးတတ်သည်။
စာရေးသူသည်ဘီအယ်(လ်)သင်တန်းတက်စဉ်က[ RATANLAL RANCHHODDAS & DHIRAJLAL KESHAVLAL THAKORE ]တို့ပြုစုသော[ THE LAW OF EVIDENCE ][ THE INDIAN EVIDENCE ACT ][ ELEVENTH EDITION ][ ကျောင်းသားကိုင် ]စာအုပ်ကိုဖတ်ခဲ့ရသည်။
ကျမ်းစာမျက်နှာ၂၃၀တွင်၊သက်သေခံအက်ဥပဒေပုဒ်မ၁၁၅ကိုဋီကာချဲ့ရာ၌[ estoppel ]နှင့်[ res judicata ]တို့၏ခြားနားချက်သုံးရပ်ကိုရှင်းပြထားရာတချက်မှာအောက်ပါအတိုင်းဖြစ်သည်-
[ Estoppel shuts the mouth of a party; res judicata ousts the jurisdiction of the Court. ][ Woodrolfe and Ameer Ali, 9th Edn., p. 850. ]
Woodrolfe and Ameer Ali တို့ပြုစုသည့်နာမည်ကြီးသက်သေခံအက်ဥပဒေကျမ်းကို၊ကိုးကားဖော်ပြခြင်းဖြစ်သည်။
ထိုပုဂ္ဂိုလ်နှစ်ဦးမှာအိန္ဒိယနိုင်ငံတရားလွှတ်တော်တရားဝန်ကြီးများဖြစ်ခဲ့ကြသည်။
Mr. Ameer Ali သည်၊ပရီဗီကောင်စီအဖွဲ့ဝင်အဖြစ်မည်သည့်အချိန်ကစတင်ထမ်းဆောင်ခဲ့သည်မသိရပါ။
[ Kirkwood vs. Maung Thein, 2 Ran. 693 P. C. ]အမှုတွင်[၇-၈-၁၉၂၄]နေ့၌ချမှတ်သောစီရင်ချက်ကို၊ Mr. Ameer Ali ရေးခဲ့သည်။
မြန်မာဩရသသားအကြာင်းရေးသည့်စီရင်ချက်ဖြစ်သည်။
၎င်းသည်အိန္ဒိယနိုင်ငံသားဖြစ်သဖြင့်အင်္ဂလိပ်လူမျိုးများကြီးစိုးသောပရီဗီကောင်စီတွင်၊ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်သောမြန်မာပြည်အကြောင်းကိုပိုမိုသိကျွမ်းသည်ဟုယူဆ၍လားမသိ၊ဗုဒ္ဓဘာသာတရားဥပဒေနှင့်သက်ဆိုင်သောမှုခင်းများတွင်၊ Mr. Ameer Ali စီရင်ချက်ရေးရပုံပေါ်သည်။
5 Ran 175( P C )ကိုကြည့်ပါ။
ဒုတိယမြောက်မြန်မာတရားဝန်ကြီးဦးမေအောင်သည်တရားလွှတ်တော်တွင်၂နှစ်ခန့်သာတာဝန်ထမ်းဆောင်ခဲ့သည်။
သက်ပြည့်တာဝန်ထမ်းဆောင်ခဲ့ရလျှင်၊တရားဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ခွင့်ရမည့်ပုဂ္ဂိုလ်ဖြစ်သည်။
အငြိမ်းစားယူပြီးနောက်၊ Mr. Ameer Ali ကဲ့သို့ပရီဗီကောင်စီတွင်အဖွဲ့ဝင်ဖြစ်လောက်အောင်၊ဥပဒေပညာအရည်အချင်းရှိသူလည်းဖြစ်သည်။
တရားလွှတ်တော်တရားဝန်ကြီးအဖြစ်နှစ်နှစ်ခန့်ထမ်းဆောင်ပြီးနောက်၊ကျပ်ငါးထောင်စားပြည်ထဲရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်ဆဲမှာပင်ကွယ်လွန်သွားရှာသည်ဟုကြားသိရပါသည်။
စာရေးသူသည်မျက်မှောက်ခေတ်ဥပဒေပညာရှင်များအား၊အကျော်အမော်ဥပဒေပညာရှင်များအကြောင်းသိစေလိုသဖြင့်ဗဟုသုတအဖြစ်တစေ့တစောင်းဖော်ပြရခြင်းဖြစ်သည်။
[ Estoppel ]က[အမှုသည်တဦး၏နှုတ်ကိုပိတ်သည်]ဆိုခြင်းသည်[estoppel]၏သဘောတရားကိုမြင်သာစေသောအဆိုအမိန့်ဖြစ်သည်။
သို့ဖြစ်၍[ estoppel ]ကို[ နှုတ်ပိတ်ခြင်းနှင့်ဘွာခတ်ခွင့်မရှိခြင်း ]ဟုဘာသာပြန်လျှင်ပို၍နားလည်စေမည်ဖြစ်သည်။
————————————-
ဘွာခတ်ခြင်း
စာရေးသူတို့ငယ်ငယ်က၊မျက်မှောက်ခေတ်ကလေးငယ်များကဲ့သို့ video games ကစားရသည်မဟုတ်။
ထုပ်ဆီးတိုးခြင်းစသောမြန်မာကစားနည်းများကစားခဲ့ရသည်။
ထိုကစားပွဲများ၏စည်းကမ်းချက်တရပ်က[ ဘွာခတ်ခြင်း ]ကိုခွင့်ပြုသည်။
[ ဘွာခတ်ခြင်း ]ဟူသောစကားရပ်သည်၊လက်ရှိဥပဒေပညာရှင်များနှင့်စိမ်းသည်မဟုတ်။
မြန်မာစာအဖွဲ့ကထုတ်ဝေသောမြန်မာအဘိဓာန်အကျဉ်းချုပ်၊အတွဲ၃၊စာမျက်နှာ၁၂၇တွင်[ ဘွာခတ်သည် ]ကို[ တစုံတရာပြောဆိုမိသည်ကိုပြန်လည်ရုပ်သိမ်းသည် ]ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။
သို့ဖြစ်ရာ[ estoppel ]ကို[ ဘွာခတ်ခွင့်မရှိခြင်း ][ ဘွာခတ်၍မရခြင်း ]ဟုဘာသာပြန်ပါက၊မြန်မာတို့နားမလည်စရာမရှိနိုင်။
သက်သေခံအက်ဥပဒေကိုအင်္ဂလိပ်စီရင်ထုံးများအပေါ်အခြေခံ၍ရေးထားရာ၊စကားလုံးများသည်အင်္ဂလိပ်စကားအသုံးအနှုန်း၊အငွေ့အသက်များရှိနေသဖြင့်စကားလုံးအချို့မှာမြန်မာတို့နှင့်စိမ်းသည်။
တက္ကသိုလ်တွင်ဥပဒေများကိုစာမေးပွဲအောင်ရန်၊အနည်းနှင့်အများအလွတ်ကျက်ခဲ့ရသည်။
ဥပဒေပညာဖြင့်အသက်မွေးမြူသောအခါ၊အလွတ်ကျက်ခြင်းပညာ[ rote learning ]သည်လက်တွေ့၌အလုပ်မဖြစ်။
လက်တွေ့နှင့်စာတွေ့တို့၏ကွာဟချက်သည်ကြီးမားလှသည်။
——————————————-
Comments
Post a Comment