ဝရမ်းကပ်ခြင်းကိစ္စ၊ဝရမ်းခွါပေးရန်လျှောက်လွှာကိုပယ်ခြင်း၊အမိန့်၂၁၊နည်းဥပဒေ၆၃အရစွဲဆိုသောအမှုအကြောင်း။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဝရမ်းကပ်ခြင်းကိစ္စ၊ဝရမ်းခွါပေးရန်လျှောက်လွှာကိုပယ်ခြင်း၊အမိန့်၂၁၊နည်းဥပဒေ၆၃အရစွဲဆိုသောအမှုအကြောင်း။
—————————————
အထက်ဖော်ပြပါဥပဒေပြဿနာများနှင့်ပတ်သက်၍၊အမှုတမှုအကြောင်းကိုဆွေးနွေးလိုပါသည်။
၂၀၁၁ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၂၇
ဦးမြတ်စိုး နှင့် ဒေါ်ဝင်းကြည်ပါ၁၅
အမှုဖြစ်စဉ်အကျဉ်းမှာအောက်ပါအတိုင်းဖြစ်သည်။
ပုသိမ်မြို့စျေးချောင်းလမ်းရှိ၊စည်ပင်သာယာဆိုင်ခန်းအမှတ်(၃)သည်၊ကွယ်လွန်သူဒေါ်မယ်ရန်ကွယ်လွန်သောအခါကျန်ရစ်သောအမွေပစ္စည်းဖြစ်သည်ဟုတရားရုံးအဆင့်ဆင့်ကဆုံးဖြတ်ထားသည်မှာအငြင်းမပွါးချေ။
ထိုနည်းတူစည်ပင်သာယာရေးကော်မတီအစီအစဉ်ဖြင့်ထိုဆိုင်ကိုဖျက်စဉ်အခါက၊ထိုဆိုင်မှာဦးမြတ်စိုးတို့လက်ရှိဖြစ်ပြီး၊ဆိုင်သစ်ဆောက်သောအခါ၊ဦးမြတ်စိုးကဆိုင်သစ်ဆောက်ရာ၌ကုန်ကျသည့်စရိတ်ကိုကျခံခဲ့ရာမှ၊ဆိုင်သစ်အမှတ်(၁၄)ဖြစ်လာပြီးဆိုင်ရာကော်မတီကဦးမြတ်စိုးကိုထိုဆိုင်အားအငှါးချထားသည်မှာလည်းအငြင်းမပွါးချေ။
အမွေမှုမှအပြီးသတ်ဒီကရီကိုအတည်ပြုရာ၌၊ဦးမြတ်စိုးလက်ရှိဆိုင်ခန်းကိုဝရမ်းကပ်သည်။
ထိုအခါဦးမြတ်စိုးကဝရမ်းခွါပေးရန်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၅၈အရလျှောက်ထားရာမအောင်မြင်သဖြင့်၊အမိိန့်၂၁၊နည်း၆၃အရတရားတထုံးထပ်မံစွဲဆိုသည်။
မူလတရားရုံးနှင့်ပထမအယူခံတရားရုံးတွင်ဦးမြတ်စိုးအရေးနိမ့်သည်။
ဒုတိယအယူခံတရားရုံးဖြစ်သည့်တရားရုံးချုပ်က၊တရားလိုသည်အချင်းဖြစ်ဆိုင်ခန်းကိုတရားမကြီးမှုအမှတ်၃၄/၁၉၈၆တွင်အမွေမှုဖြစ်ပွါးနေစဉ်ဒေါ်ခင်နှင်းမာထံမှလွှဲပြောင်းရယူထားသည်မှာထင်ရှားကြောင်း၊ယင်းလွှဲပြောင်းမှုသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပြဌာန်းချက်အရတရားဝင်လွှဲပြောင်းမှုမဟုတ်သည်မှာထင်ရှားကြောင်း၊တရားလိုသည်အချင်းဖြစ်ဆိုင်ခန်း၏ပိုင်ရှင်ဖြစ်ကြောင်းထင်ရှားခြင်းမရှိကြောင်းသုံးသပ်၍အယူခံမှုကိုပလပ်ခဲ့သည်။
အထူးအယူခံမှုတွင်၊အောက်ပါအတိုင်းသုံးသပ်ပြီးဦးမြတ်စိုးကိုအနိုင်ပေးသည်-
[ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂သည်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍သီးခြားတိုက်ရိုက်အငြင်းပွါးသည့်အမှုတွင်၊အငြင်းပွါးပစ္စည်းကိုအမှုအတွင်းအမှုသည်တဦးဦးကလွှဲပြောင်းခြင်းနှင့်သာသက်ဆိုင်သည်။ဤအမှုတွင်လွှဲပြောင်းပေးသူဒေါ်ခင်နှင်းမာနှင့်လွှဲပြောင်းရယူသူတရားလိုဦးမြတ်စိုးတို့သည်အဆိုပါတရားမကြီးမှုအမှတ်၃၄/၁၉၈၆အမှုတွင်အမှုသည်များမဟုတ်ကြသဖြင့်၊၎င်းတို့၏လွှဲပြောင်းမှုသည်ယင်းဥပဒေပုဒ်မ၅၂ပါပြဌာန်းချက်နှင့်သက်ဆိုင်အကျုံးမဝင်မှုမရှိကြောင်းမြင်သာသည်။သို့ဖြစ်၍တရားရုံးချုပ်၏ကောက်ယူဆုံးဖြတ်ချက်သည်မှန်ကန်မှုမရှိကြောင်းမြင်သာသည်။ ]
———————————-
ဝရမ်းကပ်ခြင်းကိစ္စ။
တရားမကျင့်ထုံးဥပဒေပုဒ်မ၅၁(ခ)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
51. Subject to such conditions and limitations as may be prescribed, the Court may, on the application of the decree-holder, order execution of the decree—
(b) by attachment and sale or by sale without attachment of any property:
ငွေဒီကရီကိုအတည်ပြုရာ၌၊တရားရှုံးပိုင်ပစ္စည်းကိုရောင်းချရန်စီစဉ်သည့်အခါ၊လေလံမတင်မီတရားရှုံးက၎င်းပိုင်ပစ္စည်းကိုရောင်းချပစ်လျင်၊ရောင်းချရန်အစီအစဉ်မှာပျက်ပြယ်သွားပေလိမ့်မည်။
ထိုကဲ့သို့မလိုလားအပ်သောကိစ္စများမပေါ်ပေါက်စေရန်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၆၄တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
64. Where an attachment has been made, any private transfer or delivery of the property attached or of any interest therein, and any payment to the judgment-debtor of any debt, dividend or other monies contrary to such attachment, shall be void as against all claims enforceable under the attachment.
Explanation.-For the purposes of this section, claims enforceable under an attachment include claims for the rateable distribution of assets.
[ ပစ္စည်းကိုဝရမ်းကပ်ပြီးနောက်ထိုသို့ဝရမ်းကပ်ခြင်းနှင့်ဆန့်ကျင်၍ဝရမ်းကပ်သည့်ပစ္စည်းကိုဖြစ်စေ၊ထိုပစ္စည်းတွင်ရှိသောအကျိုးခံစားခွင့်တရပ်ရပ်ကိုဖြစ်စေ၊တရားရုံးပြင်ပတွင်အချင်းချင်းအလွှဲအပြောင်းပြုခြင်း၊သို့မဟုတ်၊ပေးအပ်ခြင်းနှင့်တရားရှုံးအားကြွေးမြီကိုသို့မဟုတ်အမြတ်ဝေစုကိုသို့မဟုတ်အခြားငွေကြေးကိုပေးဆပ်ခြင်းသည်၊ဝရမ်းအရအတည်ပြုခြင်းရနိုင်သောတောင်းဆိုခွင့်အရပ်ရပ်နှင့်စပ်လျဉ်း၍ပျက်ပြယ်သည်။
ရှင်းလင်းချက်။ ။ဤပုဒ်မပါကိစ္စများအလို့ငှါ၊ဝရမ်းအရအတည်ပြု၍ရနိုင်သောတောင်းဆိုပိုင်ခွင့်များတွင်ငွေများကိုအချိုးကျခွဲဝေရယူလိုကြောင်းတောင်းဆိုပိုင်ခွင့်များလည်းပါဝင်သည်။ ]
ယခုအမှုမှာကဲ့သို့အမွေဆိုင်၊ဆိုင်ခန်းကိုအမွေမှုစွဲဆိုပြီးနောက်အမှုသည်တဦးဦးကရောင်းချလျင်၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါပြဌာန်းချက်နှင့်ငြိစွန်းမည်ဖြစ်၍၊ဝရမ်းကပ်ရန်ပြဿနာမပေါ်ပေါက်နိုင်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၁(၁)ပါ” by sale without attachment of any property “ဟူသောပြဌာန်းချက်သည်၊အမှုဖြစ်လျက်ရှိသောပစ္စည်းနှင့်သက်ဆိုင်သည်။
ဤအမှုတွင်အမွေဆိုင်၊ဆိုင်ခန်းဟုဆိုသောဥပစာကိုမလိုဘဲဝရမ်းကပ်ခြင်းကြောင့်၊မလိုအပ်သည့်ရှုပ်ထွေးမှုများပေါ်ပေါက်လာရခြင်းဖြစ်သည်။
————————————-
ဝရမ်းခွါပေးရန်လျှောက်လွှာကိုပယ်ခြင်း။
ဝရမ်းခွါပေးရန်တင်သွင်းသည့်လျှောက်လွှာကို၊မည်သည့်အခါပယ်ရန်ဖြစ်ကြောင်း၊အမိန့်၂၁၊နည်း၆၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
[ 61. Where the Court is satisfied that the property was, at the time it was attached, in the possession of the judgment-debtor as his own property and not on account of any other person, or was in the possession of some other person in trust for him, or in the occupancy of a tenant or other person paying rent to him, the Court shall disallow the claim. ]
[ ဝရမ်းကပ်စဉ်ကအချင်းဖြစ်ပစ္စည်းမှာအခြားသူတဦးဦးပိုင်ပစ္စည်းမဟုတ်ဘဲတရားရှုံးပိုင်ပစ္စည်းအဖြစ်ဖြင့်၊၎င်း၏လက်ရှိဖြစ်ကြောင်းသော်လည်းကောင်း၊တရားရှုံးအတွက်ယုံမှတ်အပ်နှံခြင်းခံရသူအနေဖြင့်အခြားသူတဦးလက်ရှိဖြစ်ကြောင်းသော်လည်းကောင်း၊အိမ်ငှါးသို့မဟုတ်တရားရှုံးအားငှါးရမ်းခပေးသောအခြားသူတဦးဦးနေထိုင်ကြောင်းသော်လည်းကောင်းကျေနပ်လျင်၊တရားရုံးသည်တောင်းဆိုချက်ကိုပယ်ရမည်။ ]
အချင်းဖြစ်ဆိုင်ခန်းကိုဝရမ်းကပ်စဉ်အခါက၊လက်ရှိဖြစ်သောဦးမြတ်စိုးသည်အမွေမှုမှအမှုသည်တဦးဦးကိုအကြောင်းပြုပြီးလက်ရှိထားခြင်းမဟုတ်သဖြင့်၊ဝရမ်းခွါပေးရန်လျှောက်ထားရာ၌၊ဦးမြတ်စိုးရှုံးနိမ့်ရန်အကြောင်းလုံးဝမရှိ။
အမှန်ဆိုသော်အမွေဆိုင်၊ဆိုင်ခန်းသည်မရှိတော့။
ဦးမြတ်စိုးလက်ရှိဖြစ်သောဆိုင်ခန်းသည်အမွေဆိုင်၊ဆိုင်ခန်းမဟုတ်သည်မှာမြင်သာသောအကြောင်းခြင်းရာဖြစ်နေခြင်းကပင်၊ဦးမြတ်စိုးအမှုရှုံးသည်ဆိုခြင်းမှာယုံတမ်းစကားထက်ပိုပါမည်လား။
———————————
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၃အရစွဲဆိုသောအမှု။
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၃တွင်၊အောက်ပါအတိုင်းပြဌာန်းထားသည်-
[ 63. Where a claim or an objection is preferred, the party against whom an order is made may institute a suit to establish the right which he claims to the property in dispute, but, subject to the result of such suit, if any, the order shall be conclusive. ]
အချင်းဖြစ်ဆိုင်ခန်းသည်အမွေဆိုင်၊ဆိုင်ခန်းမဟုတ်ဘဲ၊စည်ပင်သာယာအဖွဲ့ကဦးမြတ်စိုးအားအငှါးချထားသောဆိုင်ခန်းဖြစ်ခြင်းနှင့်ဦးမြတ်စိုးလက်ရှိထားခြင်းကိုအံတုနိုင်သောပိုင်ရှင်အစစ်မရှိသည့်အခြေအနေ၌၊ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ၊၁၉၉၇ မတစ ၈၅( စုံညီ )စီရင်ထုံးအရ၊ဦးမြတ်စိုး၏လက်ရှိထားပိုင်ခွင့်ကိုမြွက်ဟကြေညာပေးနိုင်သည်မှာယုံမှားဖွယ်မရှိ။
မြင်သာသောအကြောင်းခြင်းရာတို့ကို၊အောက်ရုံးများမျက်ခြည်ပြတ်သဖြင့်၊အလွဲလွဲအချော်ချော်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။
——————————————
အထက်ပါအမှုကို၊ 2010 BLR 1 ဒေါ်စိုးစံသိန်း နှင့် ဒေါ်ခင်မြင့်(ခ)ဒေါ်ထားထားညွန့်ပါ၂၊စီရင်ထုံးနှင့်ပူးတွဲဖတ်ရှုမှတ်သားထားရန်ဖြစ်သည်။
—————————————-
Comments
Post a Comment