စီရင်ထုံးကိုမှုခင်းနှင့်စပ်ဟပ်အဖြေထုတ်ယူရာတွင်သတိချပ်ရမည့်အချက်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စီရင်ထုံးကိုမှုခင်းနှင့်စပ်ဟပ်အဖြေထုတ်ယူရာတွင်သတိချပ်ရမည့်အချက်။

——————————


ကြောင်းကျိုးဆင်ခြင်သည့်ပညာ


ကြောင်းကျိုးဆင်ခြင်ရာတွင်အတွေးခေါင်ခြင်းသည်အဟန့်အတားတရပ်ဖြစ်သည်။ 


ကြောင်းကျိုးဆင်ခြင်ရာတွင်အတွေးကျွံမသွားဖို့လိုပါသည်။


ကျွံလျှင်အမှန်သို့ရောက်မည်မဟုတ်။


အဖြေကိုဦးစွာထုတ်ပြီးထိုအဖြေသို့မရောက်ရောက်အောင်ဆင်ခြင်ယူရာ၌ကြောင်းကျိုးဆင်ခြင်မှုသည်သဘာဝယုတ္တိမဲ့တတ်သည်။


ယုတ္တိဗေဒအရကြောင်းကျိုးဆင်ခြင်ကာအဖြေမှန်ကိုရှာဖွေရန်ဖြစ်ပါသည်။


တရားစီရင်ရာ၌ကြောင်းကျိုးပြရခြင်းသည်အခြေခံသဘောတရားဖြစ်သည်။


တရားစီရင်ရာ၌ယုတ္တိယုတ္တာရှိသောကြောင်းကျိုးဆီလျော်သောအကြောင်းပြချက်အရအဆုံးအဖြတ်ပြုရန်ဖြစ်ချေသည်။


ကြောင်းကျိုးဆင်ခြင်ခြင်းသည်လက်တွေ့တွင်လွယ်သည်မဟုတ်။


စီရင်ထုံးများပါကြောင်းကျိုးဆင်ခြင်တရားစီရင်တတ်မှုကို၊လေ့လာမှတ်သားခြင်းသည်သာလျှင်အောင်မြင်မှုပန်းတိုင်သို့ ပို့ဆောင်ပေးနိုင်သည့်နည်းလမ်းမှန်ဖြစ်သည်။


ဥပဒေပညာရှင်တို့၏ကြောင်းကျိုးပြဆင်ခြင်သည့်ပညာကိုစီရင်ထုံးများမှသင်ယူရန်ဖြစ်သည်ကိုသတိပြုပါ။


စီရင်ထုံးများပါထုံးဖွဲ့ချက်တို့ကိုဆိုင်ရာအမှု၏ဖြစ်ရပ်တို့နှင့်ချိန်ထိုးလျှောက်လဲရာတွင်မိမိဦးနှောက်ကိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ပါမှအောင်မြင်မည်ကိုသတိချပ်သင့်သည်။


အမှန်စင်စစ်အပြောလွယ်သလောက်အလုပ်မလွယ် ( Easier said than done ) သည်မှာမှန်၏။


အပတ်တကုတ်လေ့လာမှတ်သားရာ၏။


အပြောကျယ်သော သမုဒ္ဒရာပြင်တွင်မမြင်ရသည့်ကမ်းခြေသို့ဦးတည်ကူးသည့်မဟာဇနက္ကကဲ့သို့ရည်ရွယ်ချက်ကြီးမားစွာထားရှိပြီးအားထုတ်ရာသည်။


အမှန်ဆိုသော်ထိုပညာကိုသင်ယူရာ၌အဆုံးဟူ၍မရှိနိုင်။


စီရင်ထုံးများကိုဝထ္ထုဖတ်သလိုဖတ်ရန်မဟုတ်။


စီရင်ထုံးများတွင်သက်သေခံချက်ကိုစိစစ်ပြီးကြောင်းကျိုးဆင်ခြင်ကာဆိုင်ရာဥပဒေနှင့်စပ်ဟပ်အဖြေထုတ်ယူပုံ၊ဥပဒေများကိုအဓိပ္ပာယ်ဖွင့်ဆိုပုံများကိုအမှန်တကယ်နားလည်သည်အထိအဖန်တလဲလဲဖတ်ရန်ဖြစ်သည်။


မြန်မာနိုင်ငံစီရင်ထုံးများသည်ပြဌာန်းဥပဒေအရပ်ရပ်ကိုလွှမ်းခြုံမိသည်မဟုတ်သေး။


ဥပဒေပြဿနာတရပ်ကိုဆုံးဖြတ်ရန်ရှိသည့်အခါ၊ဆိုင်ရာတရားသူကြီးသည်စီရင်ထုံးပေါင်းချုပ်၁မှစ၍နောက်ဆုံးစာအုပ်အထိတွင်၊ယင်းကိစ္စနှင့်စပ်လျဉ်း၍ထုံးသာဓကရှိမရှိရှာသင့်သည်။


ထုံးသာဓကရှိပါလျက်၊မလေ့လာမိ၍မှားယွင်းခြင်းသည်ဖြစ်ကောင်းသောကိစ္စမဟုတ်သည်ကိုသတိချပ်သင့်သည်။


တရားရုံးများတွင်ဆောင်ရွက်ရသည့်လုပ်ငန်းအရပ်ရပ်အတွက်၊လုပ်ထုံးလုပ်နည်းကိုပြဌာန်းနိုင်သည်မဟုတ်၍၊စီရင်ထုံးများကိုလေ့လာခြင်းဖြင့်၊ရှေးအခါကရှေ့နေကြီးများ​၏ဆောင်ရွက်ချက်တို့ကိုအတုခိုးရန်အခွင့်အလမ်းရနိုင်သည်ကိုသတိချပ်ရန်လိုသည်။


ဥပဒေပညာရှင်တို့သည်၊တရားဥပဒေတို့​၏မျက်နှာစာအရပ်ရပ်ကိုဆင်ခြင်တတ်မှသာအဖြေမှန်ရနိုင်သည်ကို၊သတိပြုရန်ဖြစ်သည်။


ဥပဒေအပြောကျယ်သည်မှာအမှန်ဖြစ်ကြောင်း၊စာရေးသူ​၏ဆွေးနွေးချက်များကိုထောက်ရှုပါကကောင်းစွာအကဲခတ်နိုင်သည်။


ဥပဒေများကိုလေ့လာရာ၌အခက်အခဲဖြစ်နေရခြင်းမှာစီရင်ထုံးများပြန့်ကျဲနေရခြင်းကြောင့်ဖြစ်ရာရှုဒေါင့်စေ့စေ့လေ့လာခွင့်မရ၍အားနည်းမှုအနည်းနှင့်အများပေါ်ပေါက်လာခြင်းဖြစ်ပါသည်။


တရားမမှုများကိုစွဲဆိုချေပရာ၌မှုခင်းဆိုင်ရာဥပဒေများ၊သက်သေခံအက်ဥပဒေနှင့် တရားမကျင့်ထုံးတို့ကိုမလွဲမသွေလေ့လာရမည်ဖြစ်ပါသည်။ 


ဤသုံးပွင့်ဆိုင်ဥပဒေများကိုပိုင်ပိုင်နိုင်နိုင်သိရှိနိုင်ရန်ဆိုင်ရာစီရင်ထုံးများကိုသိရန်လိုအပ်ပါသည်။


သတိပြုရန်အချက်တရပ်မှာ၊စီရင်ထုံးများကိုဖတ်ရှုလေ့လာခြင်းဖြင့်၊စီရင်ထုံးများပါပညာကိုတရားရုံးများတွင်အသုံးချနိုင်ရန်ဖြစ်ရာ၊မှတ်သားလိုက်နာခြင်းကပို၍အဓိကကျသည်။


အသုံးချရမည့်အမှုတွင်ဆိုင်ရာစီရင်ထုံးကိုသတိမရလျှင်ယင်းသို့ဖတ်ထားခြင်းသည်၊လက်တွေ့တွင်အချီးအနှီးဖြစ်သဖြင့်ဖြစ်ကောင်းသည်မဟုတ်။


စာမေးပွဲအောင်ရုံဥပဒေပညာမျှဖြင့်လက်တွေ့၌အလုပ်ဖြစ်မည်မဟုတ်။


စီရင်ထုံးများနှင့်ကျမ်းများကိုလေ့လာမှတ်သားနိုင်စွမ်းရှိဖို့လိုသည်။


မြန်မာဘာသာဖြင့်ရေးသောကျမ်းများမည်မည်ရရများများစားစားရှိသည်မဟုတ်။


လောလောဆယ်တွင်အိန္ဒိယနိုင်ငံမှကျမ်းများကိုလက်လှမ်းမီရန်အကြောင်းလည်းမမြင်။


တရားရုံးအဆင့်ဆင့်ကိုထိုက်သင့်သည့်အထောက်အကူပေးနိုင်ရန်ရှေ့နေကြီးများကြီးကြီးမားမားအားထုတ်ပါမှတော်ရုံကျပါလိမ့်မည်။


စီရင်ထုံးအများစုကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည်။


အိန္ဒိယနိုင်ငံဥပဒေကျမ်းတို့ကိုလည်းအင်္ဂလိပ်ဘာသာဖြင့်ရေးသည့်အလျောက်အင်္ဂလိပ်ဘာသာကို လောက်လောက်လားလားသင်ယူဖို့လိုသည်။


အမှန်စင်စစ်အားထုတ်မှုသည်သာအဓိကဖြစ်သည်။


ပြီးပြတ်သောမှုခင်းများတွင်ပေါ်ပေါက်ခဲ့သည့်ပျော့ကွက်ဟာကွက်အားနည်းချက်များကိုလေ့လာကာသင်ခန်းစာယူသင့်ပါသည်။


အမှားကိုအမှားဟုသိပါမှရှောင်ရှားနိုင်ပါမည်။


အခက်ဆုံးမှာမည်သည်ကအမှား၊မည်သည်ကအမှန်ဟု မည်သို့ခွဲခြားရပါမည်လဲ ? 


ဥပဒေသည်ဟူသည်ကျိုးကြောင်းဆင်ခြင်မှုပညာတရပ်ဖြစ်ပါသည်။


အကျိုးအကြောင်းပြကာမှုခင်းများကိုဆုံးဖြတ်ထားသောစီရင်ထုံး၊စီရင်ချက်များကို လေ့လာခြင်းဖြင့်အဆုံးအဖြတ်ပေးသည့်ပညာရှိတရားသူကြီးများနည်းတူဆင်ခြင်မှုအတတ်ပညာကိုရရှိလာမည်ဖြစ်ပါသည်။


စီရင်ထုံးများကိုလေ့လာရာမှပညာ၏အရသာကိုခံစားရသောအခါရှေ့ကိုဆက်ဖတ်သွားရန်နှောင့်နှေးစရာအကြောင်းမရှိနိုင်တော့။

————————————————————-


United Kingdom House of Lords Decisions


HOUSE OF LORDS


Date: 05 August 1901


Between:


QUINN     APPELLANT

   

           V.


LEATHEM       RESPONDENT


အမှုတွင်၊တရားသူကြီး EARL OF HALSBURY L.C., LORD MACNAGHTEN., LORD SHAND., LORD BRAMPTON., LORD ROBERTSON., LORD LINDLEY., တို့ကမိမိတို့၏အမြင်အသီးသီးကိုကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖော်ရေးသားကြသည်။


စီရင်ထုံးကိုမှုခင်းနှင့်စပ်ဟပ်အဖြေထုတ်ယူရာတွင်သတိချပ်ရမည့်အချက်၊စီရင်ချက်အသီးသီးသည်သက်သေထင်ရှားသောဆိုင်ရာအကြောင်းခြင်းရာနှင့်သက်ဆိုင်သည်ဟုမှတ်ယူရမည်ဖြစ်၍၊အမှုအခင်းတရပ်သည်အမှန်တကယ်အဆုံးအဖြတ်ပြုသောကိစ္စတရပ်အတွက်သာလျှင်ထုံးသာဓကတရပ်ဖြစ်ကြောင်းတရားသူကြီး  EARL OF HALSBURY L.C ကအောက်ပါအတိုင်းမြွက်ဆိုသည်-


[ My Lords, in this case the plaintiff has by a properly framed statement of claim complained of the defendants, and proved to the satisfaction of a jury that the defendants have wrongfully and maliciously induced customers and servants to cease to deal with the plaintiff, that the defendants did this in pursuance of a conspiracy framed among them, that in pursuance of the same conspiracy they induced servants of the plaintiff not to continue in the plaintiff's employment, and that all this was done with malice in order to injure the plaintiff, and that it did injure the plaintiff. 


If upon these facts so found the plaintiff could have no remedy against those who had thus injured him, it could hardly be said that our jurisprudence was that of a civilized community, nor indeed do I understand that any one has doubted that, before the decision in Allen v. Flood ") in this House, such fact would have established a cause of action against the defendants. 


Now, before discussing the case of Allen v. Flood) [1898] A. C. 1.and what was decided therein, there are two observations of a general character which I wish to make, and one is to repeat what I have very often said before, that every judgment must be read as applicable to the particular facts proved, or assumed to be proved, since the generality of the expressions which may be found there are not intended to be expositions of the whole law, but governed and qualified by the particular facts of the case in which such expressions are to be found. 


The other is that a case is only an authority for what it actually decides.


 I entirely deny that it can be quoted for a proposition that may seem to follow logically from it. 


Such a mode of reasoning assumes that the law is necessarily a logical code, whereas every lawyer must acknowledge that the law is not always logical at all. 


My Lords, I think the application of these two propositions renders the decision of this case perfectly plain, notwithstanding the decision of the case of Allen v. Flood.(*) [1898] A. C. 1. ]

—————————————-


1954 BLR ( H C ) 306 ( 314 )


APPELLATE CIVIL.


Before U Chan Tun Aung, J.


MRS. SATWANT KAUR (a) MRS. UDHAM SINGH (APPELLANT)


              V.


H. R. YOUNG (RESPONDENT).*


စီရင်ထုံးကိုမှုခင်းနှင့်စပ်ဟပ်အဖြေထုတ်ယူရာတွင်သတိချပ်ရမည့်အချက်အား၊အထက်ပါစီရင်ထုံးတွင်အောက်ပါအတိုင်းထောက်ပြသည်-


[ Held alo: Every judgment must be read as applicable to the particular facts proved, and therefore a case is only an authority for what it actually decides.


Quinn and Leathem, A.C. (1901) (H.L.) 495 at 506, followed. ]


[ စီရင်ချက်အသီးသီးသည်သက်သေထင်ရှားသောဆိုင်ရာအကြောင်းခြင်းရာနှင့်သက်ဆိုင်သည်ဟုမှတ်ယူရမည်ဖြစ်၍၊အမှုအခင်းတရပ်သည်အမှန်တကယ်အဆုံးအဖြတ်ပြုသောကိစ္စအတွက်သာလျှင်ထုံးသာဓကဖြစ်သည်။ ]


တရားသူကြီးဦးချန်ထွန်းအောင်က၊စီရင်ထုံးတွင်၊စီရင်ချက်အသီးသီးကိုသက်သေထင်ရှားသောဆိုင်ရာအကြောင်းခြင်းရာများနှင့်သက်ဆိုင်သည်ဟုမှတ်ယူရမည်။


(Every judgment must be read as applicable to the particular facts proved)


ဟုလည်းကောင်း၊အမှုတမှုတွင်ချမှတ်သောစီရင်ချက်၊စီရင်ထုံးများသည်ဖြစ်ရပ်ကွဲလွဲသောအခြားမှုခင်းများအတွက်ထုံးသာဓကမဟုတ်ကြောင်းအောက်ပါအတိုင်းလမ်းညွှန်ထားသည်-


"Every judgment must be read as applicable to the particular facts proved , and therefore a case is only an authority for what it actually decides."


စီရင်ထုံးစာမျက်နှာ၃၁၃တွင်အောက်ပါအတိုင်းလမ်းညွှန်ထားသည်-


"I agree I cannot accept this submission . In this connection I would respectfully quote the observation of Lord Halsbury , L. C., in Quinn and Leathem [ A. C. ( 1901 ) ( H. L. ) 495 at 506 ] which is as follow :


' .  .  . There are two observations of a general characte which I wish to make , and one is to repeat what I have very often said before , that every judgment must be read as applicable to the particular facts proved , or assumed to be proved , since the generality  of the expressions which may be found there are not intended to be expositions of the whole law , but governed and qualified by the particular facts of the case in which such expressions are to be found . The other is that a case is only an authority for what it actually decides.  .  .'


အမှုနှင့်သက်ဆိုင်သည့်ဥပဒေသနှင့်စီရင်ထုံးများကိုတင်ပြပါမှအကိုးအကားအထောက်အထားဟုမှတ်ယူနိုင်သည်။


အမှုဆုံးဖြတ်ရာတွင်အထောက်အကူမဖြစ်သောတင်ပြချက်သည်ဆိုင်ရာအမှုနှင့်စပ်လျဉ်းသမျှအကိုးအကားအထောက်အထားဟုမဆိုနိုင်။

———————————-


2004 BLR 146(151)


ဒေါ်အေးအေးသန်း နှင့် ဦးကံရှိန်


တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုး၊တရားသူကြီးများဖြစ်ကြသောဦးမြင့်သိန်းနှင့်ဦးတင်အေးတို့၏ရှေ့တွင်-


အမှုတွင်၊အထူးအယူခံခုံရုံးကကိုးကားသောစီရင်ထုံးမှာ၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးချန်ထွန်းအောင်ကစီရင်ထုံးအကိုးအကားဖြင့်စီရင်သောအမှုဖြစ်သည်-


အထူးအယူခံခုံရုံးကစီရင်ထုံးစာမျက်နှာ၁၅၁တွင်အောက်ပါအတိုင်းသုံးသပ်သည်-


[ စီရင်ထုံးဟူသည်သက်ဆိုင်ရာအမှု၏ဖြစ်ရပ်အတွက်သာလျှင်ထုံးသာဓကဖြစ်သည်။မစ္စဆက်ဝမ်တူး(ခ)မစ္စအူဒမ်ဆင်းနှင့်အိပ်(ချ်)အာရ်ရန်းစီရင်ထုံး(၁၉၅၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး(တရားလွှတ်တော်)စာ-၃၀၆) ]

—————————————-


စွဲဆိုသောအမှုနှင့်စီရင်ထုံးဖြစ်ရပ်ချင်းတူမတူ၊မဆန်းစစ်ခြင်းသည်၊2004 BLR 146အမှုတွင်အထူးခုံရုံးကစီရင်ထုံးစာမျက်နှာ၁၅၁၌”စီရင်ထုံးဟူသည်သက်ဆိုင်ရာအမှု၏ဖြစ်ရပ်အတွက်သာလျင်ထုံးသာဓကဖြစ်သည်။”ဟူသောလမ်းညွှန်မှုကိုသတိမချပ်မိကြောင်းထင်ရှားသည်။


————————————-


1971 BLR 83 ( 91 )


နိုင်ငံတော်တရားရုံးချုပ်


အခွင့်ထူးတရားမအယူခံမှု


တရားရုံးချုပ်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးစိန်သင်းရှေ့တွင်


ဦးထွန်းအေးပါ၂ နှင့် ဒေါ်သိန်းငွေပါ၂


အမှုတွင်အောက်ပါအတိုင်းမြွက်ဆိုသည်-


[ စီရင်ထုံးကိုကိုးကားရာတွင်စီရင်ချက်အပြည့်အစုံကိုဖတ်ရှုမှသာလျင်အမှုအချက်အလက်တို့ကိုသိမြင်နိုင်သည်။ခေါင်းစီးမှတ်ချက်တို့သည်အကြောင်းအရာဆုံးဖြတ်ချက်ကိုအရိပ်ပြခြင်းမျှသာပြုနိုင်သည်။စီရင်ထုံးပါအမှုအကြောင်းအရာနှင့်ဆုံးဖြတ်ရန်အမှုအကြောင်းအရာတို့ကိုကောင်းစွာနှိုင်းယှဉ်ရသည်။ပြီးမှသာစီရင်ထုံး၏လမ်းညွှန်မှုယူသင့်သလောက်ယူအပ်သည်။စီရင်ထုံးနောက်သို့ဆုံးဖြတ်ရန်အမှု၏ကြောင်းခြင်းရာများကလိုက်ရန်မဟုတ်။အကြောင်းခြင်းရာများကိုဥပဒေနှင့်စပ်ဟပ်ရာတွင်အခက်အခဲရှိသရွေ့သာလျင်စီရင်ထုံးကဆီလျော်သမျှကောက်ယူရန်ဖြစ်သည်။ ]


တရားရုံးအဆင့်ဆင့်သည်လည်းကောင်း၊ရှေ့နေများသည်လည်းကောင်း၊အထက်ပါလမ်းညွှန်မှုကိုခံယူရန်ပျက်ကွက်သည်။


လမ်းညွှန်မှုသည်ဆိုင်ရာစီရင်ထုံးစာအုပ်၌သာကိန်းဝပ်နေရန်မဟုတ်။


လိုက်နာရန်ထုံးပြုထားခြင်းဖြစ်သည်။


စီရင်ရန်အမှုကစီရင်ထုံးနောက်သို့လိုက်ရန်မဟုတ်။


အမှုကိုစီရင်ထုံးတွင်ဇွတ်သွင်း၍ဆုံးဖြတ်ရန်မဟုတ်။


စီရင်ထုံးကသာလျင်အမှုဖြစ်ရပ်နောက်သို့လိုက်ရန်ဖြစ်သည်။


ဆိုလိုသည်မှာဆုံးဖြတ်ရန်အမှု၏ဖြစ်ရပ်သည်စီရင်ထုံးပါဖြစ်ရပ်နှင့်တူပါမှကိုးကားဆုံးဖြတ်ရန်ဖြစ်သည်။


ဤဥပဒေသဘောကိုတရားရုံးများနှင့်ရှေ့နေရှေ့ရပ်များနှလုံးမူကြရန်ဖြစ်သည်။


——————————


1971 BLR 83 ( 91 )


နိုင်ငံတော်တရားရုံးချုပ်


အခွင့်ထူးတရားမအယူခံမှု


တရားရုံးချုပ်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးစိန်သင်းရှေ့တွင်


ဦးထွန်းအေးပါ၂ နှင့် ဒေါ်သိန်းငွေပါ၂


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၈၌၊တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းရည်ညွှန်းသုံးသပ်သည်-


စီရင်ထုံးကိုအသုံးပြုခြင်းနှင့်ပတ်သက်၍၊ဤရုံးကအောက်ပါကဲ့သို့ဦးထွန်းအောင်သာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ(၁၉၆၉ခုနှစ်၊မြန်မာနိုင်ငံစီရင်ထုံး၊စာ၅၈)တွင်သတိပေးဘူးသည်။


[ ဥပဒေကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌လည်းစကားပြေအရအများနားလည်လက်ခံ၍သဘာဝကျသောအဓိပ္ပာယ်ကိုယူခြင်းကပို၍မှန်ကန်တတ်သည်။ယင်းသို့အဓိပ္ပာယ်ဖွင့်ဆိုမှသာလျင်ဥပဒေကိုပြည်သူအများနားလည်လက်ခံမည်။လိုက်နာလေးစားကြမည်။ဥပဒေနှင့်ပြည်သူရင်းနှီးကာဥပဒေများသက်ဝင်လှုပ်ရှားမည်။တရားသူကြီးများသည်အခြားနိုင်ငံမှစီရင်ထုံးများကိုလေ့လာကောင်းပါ၏။သို့ရာတွင်မိမိတို့ရှေ့သို့ရောက်လာသောမှုခင်းများကိုစစ်ဆေးစီရင်ရာတွင်ကားမှုခင်းဖြစ်ပျက်ကာလ၊ဒေသ၊အခြေအနေ၊ပတ်ဝန်းကျင်၊လူနေမှု၊ဓလေ့ထုံးတမ်းစသည်တို့ကိုစစ်ဆေးဆင်ခြင်ကာ၊ဥပဒေဘောင်အတွင်းကမျှတမှန်ကန်၍အများနားလည်သဘာဝကျသောတရားကိုစီရင်အပ်ပေသည်။အခြားနိုင်ငံများမှစီရင်ထုံးများကိုရှေ့ထားကိုးကားလျင်တရားစီရင်ရေးသည်မြန်မာပီသမည်မဟုတ်။မြန်မာ့အခြေအနေနှင့်ကင်း၍ပြည်သူနှင့်ဝေးဘွယ်ရာသာရှိသည် ]


စီရင်ထုံးစာမျက်နှာ၈၉နှင့်၉၀တွင်၊တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


[ နိုင်ငံခြားစီရင်ထုံးများကိုလေ့လာလျှင်လည်း၊သူတို့၏အခြေအနေနောက်ခံအပြင်၊သူတို့၏ဥပဒေကိုပါအတိအကျလေ့လာအပ်သည်။ဥပမာအားဖြင့်အိန္ဒိယနိုင်ငံတွင်ပြည်နယ်အသီးသီးကမိမိတို့၏ဥပဒေများကိုပြဌာန်းထားသည်လည်းရှိ၏။အချင်းချင်းပင်မတူကြချေ။တရားလွှတ်တော်အများကလည်းကွဲပြားသောစီရင်ထုံးများကိုပြုကြ၏။ဥပဒေများကိုလည်းပြင်ဆင်ပြဌာန်းလျက်ရှိကြသည်။ပြင်ဆင်ပြဌာန်းထားသောဥပဒေများကိုမကြည့်ပဲ၊စီရင်ထုံးခေါင်းစည်းမှတ်ချက်ကိုသာအပေါ်ရံဖတ်ကာမြန်မာနိုင်ငံမှုခင်းများကိုဆုံးဖြတ်ကြလျင်အမှားအယွင်းများ၍မမျှမတမညီမညွတ်ဖြစ်မည်။မြန်မာ့တရားစီရင်ရေးဆိတ်သုဉ်းမည်။ထို့ကြောင့်နိုင်ငံခြားစီရင်ထုံးများကိုဗဟုသုတအလို့ငှါလေ့လာကောင်းသော်လည်း၊အမှီသဟဲမပြုအပ်၊ကိုးကားခြင်းမပြုအပ်ချေ။ ]


တရားသူကြီးချုပ်(ဒေါက်တာမောင်မောင်)သည်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်ခဲ့သောတရားလွှတ်တော်နှင့်တရားရုံးချုပ်၌အမှုထမ်းခဲ့သည့်တရားသူကြီးများတွင်၊စီရင်ချက်အရေးအသားကောင်းပြီး၊ခိုင်ခံ့သောကြောင်းကျိုးဆင်ခြင်ပြနိုင်သော၊လက်ချိုးရေရနိုင်သည့်တရားသူကြီးများစာရင်းတွင်ပါဝင်သူဖြစ်သည်။


၎င်း​၏ပညာကိုလေးစားသူများတွင်စာရေးသူလည်းပါဝင်သည်။


——————————————————-


1972 BLR 28 ( ပြစ်မှု )


မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမှုတွင်၊"နိုင်ငံခြားစီရင်ထုံးများကိုကိုးကားခြင်းမပြုအပ်၊ဗဟုသုတအလို့ငှာဖတ်ရှုကောင်းသော်လည်း၊၎င်းတို့ကိုမှီငြမ်းပြုရန်ကားမလျော်ချေ။ "ဟုပြဆိုသည်။


မြန်မာနိုင်ငံတွင်စီရင်ထုံးမရှိသေးသည့်ပြဿနာပေါ်ပေါက်သည့်အခါ၊မည်သို့ဆောင်ရွက်ရန်ဖြစ်သည်ကိုမူ၊စီရင်ထုံးကအဖြေမပေး။


မောင်ချစ်စီရင်ထုံးတွင်”နိုင်ငံတွင်း၌ဖြစ်ပွားသောတမှုနှင့်အခြားတမှုပင်မတူနိုင်လျှင်၊နိုင်ငံတွင်း၌ဖြစ်ပွားသောအမှုနှင့်နိုင်ငံခြား၌ဖြစ်ပွားသောအမှုသည်၊တူညီနိုင်ဘို့ပို၍ပင်ခက်ခဲသေးသည်။ထို့ပြင်၊တည်ရှိသောဥပဒေများသည်လည်းထပ်တူညီကြသည်ဟုတ်ချေ။”ဟုမြွက်ဆိုချက်ကိုအငြင်းပွါးရန်မရှိ။


မြန်မာနိုင်ငံ​၏တရားမကျင့်ထုံးဥပဒေ၊သက်သေခံအက်ဥပဒေ၊ပဋိညာဉ်အက်ဥပဒေစသည့်ဥပဒေအချို့သည်၊အိန္ဒိယနိုင်ငံဥပဒေများပါပြဌာန်းချက်များနှင့်တူသည်များလည်းရှိရာ၊မြန်မာနိုင်ငံစီရင်ထုံးများတွင်သာဓကမရှိသောအမှု၌၊မြန်မာနိုင်ငံဥပဒေနှင့်ပြဌာန်းချက်ချင်းတူသောအမှုတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်၊တရားလွှတ်တော်ချုပ်တို့​၏အဆိုအမိန့်ကိုလေ့လာဆုံးဖြတ်ခြင်းက၊အတ္တနောမတိမိမိသဘောဖြင့်ဆုံးဖြတ်သည်ထက်အမှန်တရားကိုဖော်ထုတ်နိုင်ရန်ပို၍၊အခွင့်အလမ်းရှိသည်မှာငြင်း၍မရသောအချက်ဖြစ်သည်။

——————————————-


မြန်မာနိုင်ငံစီရင်ထုံးများမှာဥပဒေများ​၏မျက်နှာစာအရပ်ရပ်မလွှမ်းခြုံမိသေးသမျှကာလပတ်လုံး၊ဆိုင်ရာနိုင်ငံခြားစီရင်ထုံးများကိုအထိုက်အလျောက်လေ့လာရဦးမည်ဖြစ်သည်။


ဤအခြေအနေတွင်”အခြားနိုင်ငံများမှစီရင်ထုံးများကို လေ့လာကောင်းပါ၏။ သို့ရာတွင်မိမိရှေ့သို့ရောက်လာသောမှုခင်းများကိုစစ်ဆေးစီရင်ရာတွင်ကားမှုခင်းဖြစ်ပျက်၊ကာလ၊ဒေသအခြေအနေ၊ပတ်ဝန်းကျင်၊လူနေမှု၊ဓလေ့ထုံးတမ်းစသည်တို့ကိုစစ်ဆေးဆင်ခြင်ကာဥပဒေဘောင်အတွင်းကမျှတမှန်ကန်၍အများနားလည် သဘာဝကျသောတရားကိုစီရင်အပ်ပေသည်။”ဟုထုံးဖွဲ့ခြင်းကိုအငြင်းပွားရန်မရှိသော်လည်းအခြားနိုင်ငံများမှစီရင်ထုံးများကိုရှေ့ထားကိုးကားလျှင်တရားစီရင်ရေးတွင်မြန်မာပီသမည်မဟုတ်ဟုပြဆိုခြင်းသည်အငြင်းပွားဖွယ်ဖြစ်သည်။


5 LBR 76စီရင်ထုံး၌ပရီဗီကောင်စီက11 More. I. A 7အမှု၌ပြဆိုသည့်တရားစီရင်ရေးမူတရပ်ကိုထုံးဖွဲ့ပြဆိုခဲ့ရာမြန်မာနိုင်ငံတရားစီရင်ထုံးများတွင်အခါအားလျော်စွာထပ်တလဲလဲကိုးကားခဲ့ရာမှ 1997 BLR 1 အမှုတွင်ထိုမူကိုမြန်မာဘာသာဖြင့်ထုံးပြုကြသည်အထိဖြစ်ထွန်းခဲ့သည်။


စုံညီခုံရုံးစီရင်ထုံးသည်မြန်မာပီသခြင်းမရှိ၊နိုင်ငံခြားစီရင်ထုံးအငွေ့အသက်မပျောက်ဟုဆိုနိုင်ပါမည်လား။


၁၈၇၂ခုနှစ်ဇန္နဝါရီလ၄ရက်နေ့တွင်အောက်မြန်မာပြည်အထူးတရားရုံးက SJLB 1 အမှုကိုဆုံးဖြတ်စဉ်ကမြန်မာနိုင်ငံတွင်ထုံးသာဓကမရှိသဖြင့်စီရင်ထုံးစာမျက်နှာ၃တွင် ပရီဗီကောင်စီ၊စီရင်ထုံးတခုကိုကိုးကားဆုံးဖြတ်ခဲ့သည်။ 


ထိုစီရင်ထုံးနောက်ပိုင်းစီရင်ထုံးများတွင်လည်းအလားတူမြန်မာနိုင်ငံ၌ထုံးသာဓကမရှိသည့်အမှုများ၌နိုင်ငံခြားစီရင်ထုံးများကိုမှီငြမ်းပြုကာတရားစီရင်ရာတွင်မြန်မာနိုင်ငံတရားစီရင်ခြင်းတိုးတက်ဖြစ်ထွန်းလာသည်မှာမငြင်းနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။


1954 BLR ( S C ) 52 ( 57 ) အမှုတွင်ပြဆိုထားသည့်အတိုင်းထုံးသာဓကမကိုးကားဘဲဆုံးဖြတ်ခြင်းသည်အတ္တနောမတိမိမိသဘောအတိုင်းဆုံးဖြတ်ရာရောက်ပါလိမ့်မည်။ 


တဖက်တွင်မြန်မာနိုင်ငံစီရင်ထုံးမရှိသဖြင့်နိုင်ငံခြားစီရင်ထုံးမှအားယူကာအမှန်တရားကိုဖော်ထုတ်စီရင်ခြင်းကြောင့်မြန်မာပီသခြင်းမရှိဟုအပြစ်ဖို့ဖွယ်ရှိသည်ဟုဆိုနိုင်ပါကစီရင်ထုံးစာအုပ်များ၌ဆောင်ပုဒ်အဖြစ်ဖော်ပြထားသောတရားစီရင်ရေးမူနှင့်ညီညွတ်စေရန်မည်သို့စီရင်သင့်ပါသနည်း၊တွေးဆကြပါကုန်။


နိုင်ငံခြားစီရင်ထုံးကိုမကိုးကားရစတမ်းဟုဆိုပါလျှင်၊ 1954 BLR ( S C ) 52 ( 57 )တွင်ပြဆိုထားသည့်အတိုင်း၊အတ္တနောမတိဆုံးဖြတ်ရန်သာဖြစ်ပါလိမ့်မည်။


အကြောင်းမူထိုစဉ်ကထုတ်ဝေပြီးသောမြန်မာနိုင်ငံစီရင်ထုံးများတွင်၊ဆုံးဖြတ်ရန်ရှိသည့်ဥပဒေပြဿနာအတွက်ထုံးသာဓကမရှိသေးပါ။


၁၉၆၂ခုနှစ်မတ်လကုန်မှစ၍အိန္ဒိယနိုင်ငံစီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်ရှိခဲ့။


ထိုနိုင်ငံ​၏၊တရားလွှတ်တော်နှင့်တရားလွှတ်တော်ချုပ်တို့​၏၊အမြင်ကိုသိခွင့်မရသည်မှာအနှစ်ငါးဆယ်ကျော်ခဲ့ခြင်းသည်ဖြစ်သင့်ပါသလား။


သို့သော်ယခုအခါအင်တာနက်မှတဆင့်၊ထိုစီရင်ထုံးများကိုဖတ်ရှုရန်အခွင့်အလမ်းပေါ်လျက်ရှိရာ၊တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့၊ထိုအခွင့်အရေးကိုအပြည့်အဝအသုံးချသင့်ပါသည်။


ဥပဒေပြဿနာတရပ်အပေါ်အဆင့်မြင့်တရားရုံးတရားသူကြီးများ​၏၊အမြင်အသီးသီးကိုသိခွင့်ရခြင်းသည်၊တရားစီရင်ရေးဖြစ်ထွန်းမှုကိုအနည်းနှင့်အများအထောက်အကူဖြစ်စေပါလိမ့်မည်။


ဥပဒေပညာရှင်များသည်ဥပဒေပြဌာန်းချက်များကိုဖတ်ရှုရုံမျှဖြင့်တကယ့်ပညာရှင်များအဖြစ်သို့မရောက်နိုင်သေး။ 


ဥပဒေများ၏ပြဌာန်းချက်များပါစကားရပ်တို့၏အဓိပ္ပာယ်ကိုဖွင့်ဆိုကြသောစီရင်ထုံးများကိုလေ့လာရန်လည်းလိုပါသေးသည်။ 


ဆိုင်ရာဖြစ်ရပ်နှင့်ချိန်ထိုးအဖြေရှာတတ်ရန်မှာပဓာနကျသည်ကိုလည်းဆင်ခြင်မိဖို့လိုပါသည်။


စာတွေ့မှသည်လက်တွေ့အသုံးချရသည့်ဥပဒေများကို၊စီရင်ထုံးများမှအဓိကအားဖြင့်ရရှိနိုင်သည်။


ဥပဒေကျမ်းများသည်ယင်းစီရင်ထုံးများအပေါ်အခြေခံသောရေးသားချက်များဖြစ်ချေသည်။


သို့ဖြစ်ရာဥပဒေပညာရှင်တို့သည်ယင်းစီရင်ထုံးများ၊ဥပဒေကျမ်းများနှင့်ကင်းကွာ၍မရနိုင်။


ပြည်ထောင်စုမြန်မာနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေအချို့မှာ၊အိန္ဒိယနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေများနှင့်တူပါသည်။


၁၈၇၂မှ၁၉၇၃ခုနှစ်ကာလအတွင်းထုံးပြုခဲ့သောစီရင်ထုံးများတွင်၊အိန္ဒိယနိုင်ငံစီရင်ထုံးများကိုလေ့လာကာမှုခင်းများကိုဆုံးဖြတ်ခဲ့ကြကြောင်းတွေ့မြင်နိုင်သည်။


မြန်မာနိုင်ငံစီရင်ထုံးများတွင်ထုံးသာဓကမရှိခြင်းကြောင့်ဖြစ်သည်။


၁၉၆၂မှစ၍၊အိန္ဒိယနိုင်ငံတရားလွှတ်တော်များနှင့်တရားလွှတ်တော်ချုပ်တို့​၏စီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်တော့သဖြင့်လေ့လာခွင့်မရခဲ့သည်မှာနှစ်၅၀ကျော်ပါပြီ။


ဤကာလအတွင်းအိန္ဒိယနိုင်ငံ၌ဆင်ခြင်တွေးခေါ်မှုများမည်မျှတိုးတက်သွားသည်မသိရ။


ထိုနိုင်ငံတွင်တရားလွှတ်တော်အများအပြားရှိပါသည်။


တရားလွှတ်တော်ချုပ်ကနှစ်စဉ်ထုတ်ဝေလျက်ရှိသောစီရင်ထုံးများပင်ရာချီရှိသည်။


တရားလွှတ်တော်စီရင်ထုံးများနှင့်ပေါင်းလျှင်၊နှစ်စဉ်စီရင်ထုံးများထောင်ချီ၍ပေါ်ထွက်လျက်ရှိသည်။


မြန်မာနိုင်ငံဥပဒေပညာရှင်များလေ့လာခွင့်မရ။


ယခုအခါ Internet မှတဆင့်လေ့လာနိုင်သည်မှာမှန်သော်လည်း၊လေ့လာခွင့်အခွင့်အရေးမှာကန့်သတ်မှုရှိသည်။


အင်္ဂလိပ်ဘာသာဖြင့်ရေးသောအချို့သောစီရင်ထုံးများကိုအပတ်တကုတ်လေ့လာပါမှနားလည်နိုင်သည်။


စီရင်ထုံးများမှာ၊ဥပဒေပညာရှင်များဖတ်ရန်ဖြစ်ရာအကြောင်းပြချက်ကို၊ကမှအ၊အထိအသေးစိတ်ရေးလေ့မရှိ။


1941 RLR 371 တွင်ပြဆိုထားသော-


[ S 146 of the Code of Civil Procedure does not override the provisions of O 22 of the Code. ]


ဟူသောအဆိုအမိန့်သည်သာဓကဖြစ်သည်။


ထို့ကြောင့်ဆင်ခြင်နိုင်သည့်ပညာခံရှိပါမှနားလည်နိုင်သည်ကိုစာဖတ်သူငြင်းနိုင်ပါသလား ?


စာရေးသူဖြည့်စွက်အကြောင်းပြချက်များကိုပင်လိုက်နိုင်ပါသလားစောကြောရန်လိုပါသည်။


ဝထ္ထုဖတ်သလိုဖတ်ရန်မဟုတ်ဘဲ၊ကျိုးကြောင်းဆင်ခြင်သည့်ပညာဖြင့်ဖြေးဖြေးဖတ်ပါမှ၊တဖြည်းဖြည်းသဘောပေါက်ပါလိမ့်မည်ဟုဆိုလျင်စာဖတ်သူကိုအထင်သေးသည်ဟုစွပ်စွဲပါက၊မှားမမှားစာဖတ်သူကိုယ်တိုင်ဆင်ခြင်ကြည့်ပါ။


ဥပဒေပညာရပ်မှာအပြောကျယ်လှပါသည်။


ဆွေးနွေးချက်များအနေဖြင့်အပြောကျယ်ခြင်းကိုလက်ပိုက်ကြည့်နေရန်မဟုတ်။


စီရင်ထုံးများ၊စီရင်ချက်များကိုအမြဲမပြတ်လေ့လာလျှင်ကျိုးကြောင်းဆင်ခြင်သည့်ပညာတိုးတက်လာမည်မှာမုချဖြစ်သည်။


အားထုတ်မှုသည်သာအဓိကဖြစ်သည်။


ဘုရားအလောင်းမဟာဇနက္ကကိုအားကျအတုယူကာ၊ဥပဒေပညာကိုလေ့လာရန်ဖြစ်သည်။

——————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ