မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း[ ဂ ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း[ ဂ ]


မြန်မာထဲမှ High Court Judge ပထမဆုံးဖြစ်သူမှာဆာမောင်ခင်ဖြစ်သည်။


၁၉၁၇ ခုနှစ်ကဖြစ်သည်။


ဒုတိယပုဂ္ဂိုလ်မှာဦးမေအောင်၊တတိယပုဂ္ဂိုလ်မှာဦးဘိုးဟန်ဖြစ်သည်။


ဦးဘိုးဟန်သည် Session Judge မှ  High Court Judge ဖြစ်လာသည်။


 High Court တွင်သေဒဏ်အတည်ပြုသည့်အာဏာရရှိသည်။


သေဒဏ်အတည်မပြုချင်သဖြင့်ဦးဘိုးဟန်ကတရားသူကြီးချုပ်ထံတင်ပြသည်။


တရားသူကြီးချုပ်ကခွင့်မပြုသဖြင့်ဦးဘိုးဟန်ကအလုပ်မှနုတ်ထွက်ပြီးရှေ့နေလိုက်သည်။


ရွှေတကျပ်သားလျင်ငွေတဆယ်ကျပ်ပေးရသောကာလဖြစ်သည့် ၁၉၂၃ ခုနှစ်တွင်၊ဦးဘိုးဟန်သည်လစာကျပ်လေးထောင်ရရှိသည်။


သေဒဏ်အတည်ပြုသည့်အမိန့်မချချင်သဖြင့်ဦးဘိုးဟန်ကအလုပ်မှနုတ်ထွက်ပြီးရှေ့နေလိုက်ခြင်းဖြစ်သည်။


စတုတ္ထပုဂ္ဂိုလ်မှာဆာဂျေအေမောင်ကြီးဖြစ်သည်။


ရှေ့နေမှ High Court Judge ဖြစ်သူဖြစ်သည်။


 ပဉ္စမပုဂ္ဂိုလ်မှာဦးဘဖြစ်သည်။


ဦးဘသည်ဥပဒေဘွဲ့မရပါ၊B. A. ဘွဲ့သာရရှိသူဖြစ်သည်။


ဆဌမပုဂ္ဂိုလ်မှာဦးမြဘူးဖြစ်သည်။


လက်ထောက်ရှေ့နေချုပ်မှ High Court Judge ဖြစ်သူဖြစ်သည်။


နိုင်ငံလွတ်လပ်ရေးရရှိသောအခါ Supreme  Court[ တရားလွှတ်တော်ချုပ် ]တွင်တရားသူကြီး[ ၃ ]ဦးသာရှိသည်။


ဆာဘဦး၊ဒေါက်တာဧမောင်၊ဦးကျော်မြင့်တို့ဖြစ်ကြသည်။


တရားဝန်ကြီးဦးဧမောင်သည်ဗိုလ်ရန်နိုင်အား၊ရှေ့တော်သွင်းစာချွန်တော်ထုတ်

ဆင့်ကာလွှတ်လိုက်ခြင်းကြောင့်၊ထိုစဉ်ကအာဏာရပါတီ၏အမျက်တော်ရှခဲ့သဖြင့်နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ရန်အခွင့်အရေးလက်လွတ်ခဲ့ပါသည်။


အမှန်စင်စစ်အခြားအခြားသောတရားဝန်ကြီး၊တရားသူကြီးများ၏ဆောင်ရွက်ချက်များမှာလည်းမှတ်တမ်းတင်ရလောက်အောင်ကြီးမားလှပါသည်။


အမှုခေါ်စာချွန်တော်လျှောက်ထားသည့်-


1955 BLR ( S . C. ) 54


D. D. Grover v A. C. Koonda, Controller of Rent, Mandalay. 


Present : U Thein Maung, Chief Justice of the Union, Mr.Justice Myint Thein and Mr.Justice Chan Htoon. 


အမှုတွင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးချန်ထွန်း[ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာ၌ဥပဒေအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူ ]သည်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနိုင်ငံတော်အတွင်းရှိတရားရုံးများအားကြီးကြပ်ကွပ်ကဲခွင့်[ ယခုပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၃ ( က )(ယခင်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄ ]နှင့်စပ်လျဉ်း၍၊သမိုင်းနောက်ခံပါဝင်သော၂၁ မျက်နှာရှိသည့်ပညာပေးစီရင်ချက်ကိုရေးသားခဲ့ရာ၊တဝကြီးဖတ်ရှုနိုင်သည်။ 


အမှုကိုကြားနာရာ၌နိုင်ငံတော်​ရှေ့နေချုပ်ကိုရုံးတော်သဟာယအဖြစ်ဖိတ်ကြားခဲ့ကြောင်းလည်းမှတ်တမ်းတင်ထားပါသည်။


High Court[ တရားလွှတ်တော် ]ကိုကြည့်လျင်၊တရားသူကြီးချုပ်သည်ဦးသိန်းမောင်ဖြစ်သည်။


Session Judge မှတရားလွှတ်တော်တရားသူကြီးဖြစ်သူ[ ၄ ]ယောက်ဥပဒေရုံးနှင့်အပြင်ရှေ့နေ[ ၃ ]ယောက်၊စုစုပေါင်း[ ၈ ]ယောက်နှင့်ဖွဲ့စည်းခဲ့သည်။


၁၉၄၈ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိစီရင်ထုံးများအားဖတ်ရှုကြည့်ပါကအဆိုပါပုဂ္ဂိုလ်များတိုင်းပြည်အတွက်မည်မျှအလုပ်လုပ်သွားကြသည်ဆိုသည်မှာသိသာထင်ရှားပါသည်။


အထက်ပါကာလ၌ဥပဒေပြဿနာအများအပြားကိုဖြေရှင်းပေးခဲ့သည်။


တရားသူကြီးဦးစံမောင်သည် ၁၉၄၈ခုနှစ်မှ ၁၉၆၅ခုနှစ်တိုင်၊တရားလွှတ်တော်နှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ခိုက်၊၎င်းရေးသားသောစီရင်ချက်အများအပြားကိုထုံးပြုထားကြောင်းတွေ့ရပါသည်။


[ ၁၉၆၃ ခုနှစ်စီရင်ထုံးစာအုပ်တွင်၎င်း​၏စီရင်ချက် ၇၇ စောင်ပါသည်။ ]


တရားသူကြီးချုပ်ဦးဘိုကြီးသည်လည်း ၁၉၄၈ ခုနှစ်မှ ၁၉၆၅ညခုနှစ်အထိကာလအတွင်း၊တရားလွှတ်တော်၊တရားလွှတ်တော်ချုပ်နှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ရာဝယ်၊ခန့်ညားသောစီရင်ချက်များကို၊မြန်မာဘာသာဖြင့်ရေးသားရာ၌ဦးဆောင်ခဲ့သူအဖြစ်သမိုင်းတွင်ကျန်ရစ်စေသူဖြစ်ပါသည်။


ယခုခေတ်တရားသူကြီးများအတုယူဖွယ်ဖြစ်ပါသည်။


စာရေးသူကဦးစွာလေ့လာခွင့်ရသောတရားမမှုကြီးများမှာ၊အိုင်စီအက်စ်ဦးစံမောင်[ မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါ၊တရားလွှတ်တော်တွင်တရားသူကြီးဖြစ်လာသူ ]စီရင်ခဲ့သောအမှုများဖြစ်သည်။


အမှုများမှာ ၁၉၃၆ ခုနှစ်အတွင်းစွဲဆိုသောအမှုများဖြစ်သည်။


ဦးစံမောင်သည် ၁၉၃၆ ခုနှစ်ထက်နောက်မကျဘဲ၊ခရိုင်တရားမစက်ရှင်တရားသူကြီးဖြစ်ခဲ့သူဖြစ်သည်။


ဦးစံမောင်သည် ၁၉၀၅ ခုနှစ်တွင်မွေးဖွားသူဖြစ်သဖြင့်၊နောက်အကျဆုံး[ ၃၁ ]နှစ်အရွယ်တွင်၊ခရိုင်တရားမစက်ရှင်တရားသူကြီးဖြစ်ခဲ့ကြောင်း၊တအံ့တဩတွေ့ရပါသည်။


အလျဉ်းသင့်၍ဖော်ပြရလျှင်၊နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ် ၁၉၅၂ ခုနှစ်တွင်အသက်[ ၆၅ ]နှစ်ပြည့်၍၊နှစ်ပြည့်အငြိမ်းစားယူသောဒေါက်တာဘဦးသည် 11 LBR 439 စီရင်ထုံး​၏အောက်ခြေမှတ်စုအရ ၁၉၂၂ ခုနှစ်တွင်ပုသိမ်မြို့၌ခရိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။


ဦးဘဦးရေးသောကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် My Burma စာအုပ်စာမျက်နှာ ၈၇ ၌၊၎င်းအားရှေ့နေအဖြစ်မှထိုရာထူးတွင်ပထမဆုံးတိုက်ရိုက်ခန့်ထားကြောင်းဖော်ပြထားသည်။


သို့ဖြစ်၍ဦးဘဦးသည်၊နောက်အကျဆုံးအသက်[ ၃၅ ]နှစ်အရွယ်တွင်ခရိုင်တရားမတရားသူကြီးဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။


တရားလွှတ်တော်တရားဝန်ကြီးဦးစံမောင်က၊စီရင်ချက်မချမီဆိုင်ရာပြဌာန်းချက်များကိုဖတ်ရှုလေ့ရှိကြောင်း၊စာရေးသူ​၏လက်ဦးဆရာအားပြောပြဖူးကြောင်းသောင်းပြောင်းထွေလာဥပဒေပြဿနာစာအုပ်တအုပ်တွင်မှတ်တမ်းတင်ဖူးပါသည်။


၁၉၄၈ မှ ၁၉၆၅ ခုနှစ်စီရင်ထုံးများကိုလေ့လာကြည့်ပါက၊ထုံးပြုသောစီရင််ချက်အများစုသည်၊ဦးစံမောင်ရေးသားသောစီရင်ချက်များဖြစ်သည်ကိုတွေ့မြင်နိုင်သည်။


ဤပုဂ္ဂိုလ်ထူးမျိုးထပ်မံပေါ်ပေါက်ရန်အချိန်တော်တော်စောင့်ရဦးမည်။


ဦးစံမောင်​၏ကောင်းမြတ်သောကျင့်စဉ်ကို၊မူလမှုကိုစီရင်သည့်တရားသူကြီးလိုက်နာရန်ပျက်ကွက်သင့်သည်မဟုတ်။


အခြားတရားသူကြီးများသည်လည်းအမှားကိုသင်ခန်းစာယူသင့်သည်။


ရှေးအခါကပရီဗီကောင်စီ၊ဟိုက်ကုတ်လွှတ်တော်၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တို့တွင်လိုက်ပါသောရှေ့နေများသည်နှုတ်စောင့်စည်းကြသည်။


မမှန်သည်ကိုမှန်သည်ဟုဇွတ်မပြောကြ။


တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့ရှေ့တွင်အမှုလိုက်သောရှေ့နေတို့သည်ပို၍သတိထားကြသည်ဟု၊တဆင့်စကားတဆင့်ကြားရဖူးပါသည်။


မှန်မမှန်မသိပါ။


အမှားပြောလျှင်ထိုပုဂ္ဂိုလ်ကြီးများကချက်ခြင်းထောက်ပြတတ်သဖြင့်[ ထိုသို့ထောက်ပြနိုင်ရန်အမှုတွဲကိုရုံးမထိုင်မီဖတ်ပြီးဖြစ်ဟန်တူသည် ]ရှေ့နေများအလယ်၌ရှေ့နေအချို့သိက္ခာကျပြီးရုံးတော်ကိုတောင်းပန်ရသည်အထိဖြစ်ခဲ့ဖူးသည်ဟုဆိုပါသည်။


တခါကတရားရုံးချုပ်[ မန္တလေးရုံးထိုင် ]တွင်အမှုကြားနာစဉ်၊ရှေ့နေတဦးကအိန္ဒိယနိုင်ငံစီရင်ထုံးတရပ်ကိုကိုးကားသည်ဟုဆို​၏။


ရုံးထိုင်တရားဝန်ကြီးဦးစံမောင်ကတရားခွင်တွင်ထိုတရားစီရင်ထုံးကိုချက်ချင်းရှာဖွေတင်ပြရန်စာရွက်တွင်ရေးပြီးရှေ့ဖတ်စာရေးကိုပေးသည်ဆို​၏။


ရှေ့ဖတ်စာရေးကရုံးလုလင်အားပိဋကတ်တိုက်မှူးထံသို့လွှတ်သည်ဆို​၏။


မိနစ်ပိုင်းအတွင်းထိုစာအုပ်ကိုရုံးလုလင်ကရှေ့ဖတ်စာရေးကိုပေးရာ[ စာကြည့်တိုက်မှူးမည်မျှကျွမ်းကျင်ကြောင်းသတိပြုပါ ]ရှေ့ဖတ်စာရေးကဦးစံမောင်ထံတင်ပြသောအခါ၊၎င်းကြားနာသည့်ကိစ္စကိုရပ်ပြီး၊ရှေ့နေကိုးကားသောစီရင်ထုံးစာမျက်နှာကိုလှန်ကာ၊ထိုရှေ့နေအားလျှောက်လဲတင်ပြချက်ကိုစီရင်ထုံးတွင်ရှာပြခိုင်းသည်ဆို​၏။


ထိုရှေ့နေက၎င်း​၏ကိုးကားချက်မှားပါသည်ဟုလူပုံအလယ်၌ဝန်ခံရသည်ဆို​၏။


ရှေ့နေများတရားဝန်ကြီးဦးစံမောင်ကိုကြောက်ရလောက်အောင်၊တရားဝန်ကြီးတွင်ပညာရှိကြောင်းသာဓကဖြစ်သည်။


ယခုမူကား၊လွန်ခဲ့သောနှစ်အတွင်းကပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်၊တရားလွှတ်တော်ရှေ့နေတဦးက၊ခရစ်ယာန်ဓလေ့ထုံးတမ်းဥပဒေဟုမမှန်မကန်တင်ပြခဲ့သည့်အဆင့်သို့ရောက်ခဲ့သည်မှာဖြစ်ကောင်းပါသလား။


တရားလွှတ်တော်တွင်လက်ရေးတိုစာရေးအများစုသည်အင်္ဂလိပ်ဘာသာကျွမ်းကျင်သူများဖြစ်ကြပါသည်။


ဦးဘသန်းသည်ထိုလက်ရေးတိုစာရေးတဦးဖြစ်ပါသည်။


နောက်မှမြန်မာလက်နှိပ်စက်ကိုကျွမ်းကျွမ်းကျင်ကျင်ရိုက်နိုင်အောင်လေ့ကျင့်ခဲ့သူဖြစ်ပါသည်။


ဦးဘသန်းကတရားဝန်ကြီးဦးစံမောင်နှင့်စီရင်ချက်ရိုက်ရပုံကိုပြောပြပါသည်။


တနေ့တွင်တရားဝန်ကြီးဦးစံမောင်​၏လက်ရေးတိုစာရေးခွင့်ယူထားသဖြင့်၊ဦးဘသန်းသည်၎င်း​၏စီရင်ချက်ကိုလက်နှိပ်စက်ရိုက်ရန်တာဝန်ပေးခြင်းခံရသည်။


ဦးဘသန်းသည်တရားဝန်ကြီး​၏စဉ်းစားခန်းသို့အင်္ဂလိပ်လက်နှိပ်စက်ယူပြီးသွားရသည်။


လက်နှိပ်စက်ကို၎င်း​၏စားပွဲကြီးပေါ်တွင်တင်ပြီးသောအခါ၊ဦးစံမောင်ကစီရင်

ချက်အချော[ It is a fair judgment ]တန်းရိုက်မည်ဖြစ်၍၊အမှားမရှိရန်သတိထားရိုက်ဖို့သတိပေးသည်ဟုဆိုပါသည်။


ဦးစံမောင်ကအင်္ဂလိပ်ဘာသာဖြင့်နှုတ်တိုက်ချပေးသည်ကို၊ဦးဘသန်းကတဖြောင်းဖြောင်းရိုက်သည်။


ဦးစံမောင်နှုတ်တိုက်မြွက်ဆိုပြီးသည်နှင့်တပြိုင်နက်ဦးဘသန်းကလည်းလက်နှိပ်စက်ရိုက်ပြီးဖြစ်သွားသည်။


ရှည်လျားသောစီရင်ချက်ကြီးပြီးဆုံးသောအခါ၊ဦးစံမောင်ကစီရင်ချက်ကိုဖတ်ပြီးလက်မှတ်ရေးထိုးသည်။


စာလုံးတလုံးမျှပင်ပြင်စရာမလိုကြောင်းတွေ့ရသည်ဟု၊ဦးဘသန်းကပြန်ပြောပြပါသည်။


ရှေးကတရားလွှတ်တော်တရားဝန်ကြီးများသည်၊လက်ဖျားခါလောက်သောပညာရှင်များဖြစ်ကြပါတကားဟု၊စာရေးသူကဦးဘသန်း​၏ဇာတ်လမ်းအဆုံးတွင်၊စိတ်ထဲ၌ချီးကျူးမိပါသည်။


အမှားကင်းသောအင်္ဂလိပ်ဘာသာစီရင်ချက်ရိုက်သည့်ဦးဘသန်းသည်လည်းတော်ပါပေသည်။


၁၉၅၂ ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးခန့်ရန်အတွက်လူရွေးချယ်ရာ၌အခက်အခဲကြုံရသည်။


အဆိုပါအချိန်တွင် ၁၉၄၁ ခုနှစ်က B.J.S[ Burma Judicial Service ]seinor branch နှင့်ဝင်ရောက်လာသူပုဂ္ဂိုလ်သုံးဦး၊ဦးသက်ဖေ၊မစ္စတာဂို့ရှ်၊ဦးအုန်းခင်[ တရားရုံးချုပ်အတွင်းဝန် ]တို့သုံးဦးနှင့် Public Prosecutor[ ၁၀ ]ဦးတို့အား Distric Judge အဖြစ်ခန့်အပ်လိုက်ရသည်။


တရားသူကြီးချုပ်ဟောင်းဦးမြင့်ထွန်းသည်ဝတ်လုံအဖြစ်ရှေ့နေလိုက်ခဲ့သည်။


ပြည်နယ်များဥပဒေအကြံပေးအရာရှိအဖြစ်လည်းဆောင်ရွက်ခဲ့သည်။


ရန်ကုန်မြို့တော်တရားမရုံးတွင်တရားသူကြီးချုပ်အဖြစ်(၁၀)နှစ်ကျော်ထမ်းဆောင်ခဲ့သည်။


တွဲဖက်တရားသူကြီးချုပ်ဦးအေးကျော်သည်၊စစ်ကြိုခေတ်ကမြန်မာနိုင်ငံတရားဌာနဝန်ထမ်း[ အငယ်တန်း ]ရာထူးဖြင့်တရားသူကြီးဖြစ်လာသူဖြစ်သည်။


၁၉၅၉ ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ရာ ၁၉၇၁ ခုနှစ်အထိ၊သထုံ၊ဟင်္သာတ၊မကွေးနှင့်သာယာဝတီခရိုင်များတွင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၇၁ ခုနှစ်မှ ၁၉၇၃ ခုနှစ်ကုန်အထိ၊တွဲဖက်တရားသူကြီးချုပ်၊တရားရုံးချုပ်မူလဘက်ဌာနခွဲ(၂)​၏တရားသူကြီးအဖြစ်တာဝန်များထမ်းဆောင်ခဲ့သော၊တရားမနှင့်ရာဇဝတ်မှုများကိုစီရင်ရာ၌ဝါရင့်သည့်တရားသူကြီးဖြစ်သည်။


မြန်မာနှင့်အင်္ဂလိပ်နှစ်ဘာသာအရေးအသားထူးထူးခြားခြားရေးတတ်သောဒေါက်တာမောင်မောင်၏စီရင်ချက်များကို၁၉၆၂ မှ ၁၉၇၁ စီရင်ထုံးစာအုပ်များ၌ဖတ်ရှုသည့်အခါမြန်မာနိုင်ငံတရားစီရင်မှုတိုးတက်ဖြစ်ထွန်းမှုတွင်၎င်းပါဝင်ဆောင်ရွက်ခဲ့သည့်ကဏ္ဍကိုတွေ့မြင်နိုင်ပါသည်။ 


1964 BLR 403 စီရင်ထုံးမှာတရားရုံးချုပ်တရားသူကြီးဒေါက်တာမောင်မောင် တရားသူကြီးလုပ်သက်(၂ )နှစ်မပြည့်မီတရားမကြီးမှု၌ရေးသားချမှတ်သောစီရင်ချက်ဖြစ်ပြီးစာမျက်နှာ ၄၀၃ မှ ၄၂၂ အထိရှည်လျားပါသည်။


စီရင်ချက်ပထမအပိုဒ်တွင်အမှုအကြောင်းမစသေးဘဲပြည်သူ့ဝန်ထမ်းတို့၏အခွင့်အာဏာအကြောင်းနိဒါန်းပျိုးရေးပြရာစာကြောင်းရေ ၁၉ ကြောင်းရှိပါသည်။


[ မှတ်ချက်။  ။ 1990 BLR ( F B ) ( 131 ) ( 139 ) ဒေါ်သန်းသန်းပါ-၃ နှင့် ဒေါ်တီပါ-၃ စီရင်ထုံးအစတွင်စာရေးသူသည်တရားရေးအကြံပေးအဖြစ်စီရင်ချက်မူကြမ်းတင်ပြရာ၌စီရင်ချက်အစတွင်ဒေါက်တာမောင်မောင်၏ရေးနည်းကိုအတုယူရေးခဲ့ဖူးသည်။ ]


တရားလိုအမှုအကြောင်းကိုစာတမျက်နှာသာသာမျှရေးထားရာဖတ်ချင်စဖွယ်ဖြစ်သည်။


ငြင်းချက်များကိုဖော်ပြပြီးသက်သေခံချက်များကိုစိတ်ဝင်စားဖွယ်သုံးသပ်ထားသည်ကိုဖတ်ရှုနိုင်သည်။


တရားမကြီးမှုတွင်ထိုစီရင်ချက်နှင့်ရေးဟန်ချင်းတူသောစီရင်ထုံးမျိုးကိုမဖတ်ဖူးပါ။


ဒေါက်တာမောင်မောင်၏ပင်ကိုယ်ရေးဟန်ဖြစ်ပါသည်။


ဂျပန်ခေတ်မြန်မာနိုင်ငံတရားလွှတ်တော်ချုပ်တွင်တရားသူကြီးအဖြစ်ထမ်းဆောင်ဖူးပြီးရန်ကုန်တက္ကသိုလ်ဥပဒေပါမောက္ခလည်းဖြစ်သောဦးမြင့်ကဒေါက်တာဘမော်ရေးသော[ Breakthrough in Burma ]စာအုပ်တွင်အမှာရေးရာ၌ဒေါက်တာမောင်မောင်ကို [ a distinguished writer and jurist ]ဟုဖော်ပြထားသည်ကိုတွေ့ရပါသည်။


ဒေါက်တာဧမောင်နှင့်ဒေါက်တာမောင်မောင်တို့သည်စီရင်ချက်များကိုကိုယ်တိုင်ရေး၍လက်နှိပ်စက်ရိုက်စေသည်ဟုတဆင့်ကြားသိရပါသည်။ 


Mr. Page နှင့် ဦးဧမောင်တို့စီရင်ချက်များကိုရေးသားကြပုံတို့မှာတမူထူးခြားသည်ကိုလေ့လာတွေ့ရှိနိုင်ပါသည်။


မိမိ၏ပင်ကိုယ်ဟန်နှင့်ရေးကြခြင်းဖြစ်သည်။


စာတွေ့နှင့်လက်တွေ့ကွာဟမှုသည်ဖြစ်ရပ်မှန်တရပ်ဖြစ်သည်။


တက္ကသိုလ်ကျောင်းထွက်ဥပဒေဘွဲ့ရတို့သည်ဤအခက်အခဲကိုမုချကြုံတွေ့ရသည်။


ယင်းကွာဟမှုကြီးမားသည်နှင့်အမျှ၊အမှုသည်တို့မှာဓားစာခံများအဖြစ်ရင်စီးခံကြရသည်ကို၊ထိုဥပဒေဘွဲ့ရတရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့ဆင်ခြင်အပ်သည်။


ထိုမောဟသည်ထိုဘွဲ့ရများ​၏အကြီးမားဆုံးရန်သူဖြစ်သည်။


အပြောကျယ်လှသောလက်တွေ့နယ်ပယ်တွင်၊ထိုဥပဒေဘွဲ့ရပညာရှင်များသည်မှုခင်းများကိုကိုင်တွယ်ရာ၌မုဆိုးစိုင်သင်သလို၊အသုံးချဥပဒေကိုလေ့လာသင်ယူခြင်းဖြင့်ထိုမောဟတို့ကိုလျော့ပါးသွားအောင်ပြုလုပ်ရန်ဖြစ်သည်။


မိမိကျူးလွန်မိသောအမှားများကိုအမှားဟုသိမြင်အောင်ရှုမြင်ပြီး၊နောက်ထပ်မံမကျူးလွန်မိရန်အားထုတ်ဖို့လိုသည်။


အမှားကိုထပ်မံကျူးလွန်လျှင်ခွင့်လွှတ်နိုင်ရန်အကြောင်းမရှိသည်ကိုသတိချပ်အပ်သည်။


စာတွေ့မှသည်လက်တွေ့အသုံးချရသည့်ဥပဒေများကို၊စီရင်ထုံးများမှအဓိကအားဖြင့်ရရှိနိုင်သည်။


ဥပဒေကျမ်းများသည်ယင်းစီရင်ထုံးများအပေါ်အခြေခံသောရေးသားချက်များဖြစ်ချေသည်။


သို့ဖြစ်ရာဥပဒေပညာရှင်တို့သည်ယင်းစီရင်ထုံးများ၊ဥပဒေကျမ်းများနှင့်ကင်းကွာ၍မရနိုင်။


ရှေ့နေရှေ့ရပ်များနှင့်ဆိုင်ရာတရားသူကြီးတို့သည်မှုခင်းတရပ်ကိုကိုင်တွယ်ရာ၌ဆိုင်ရာဥပဒေများကိုလည်းကောင်း၊ဆိုင်ရာထုံးသာဓကများကိုလည်းကောင်းလေ့လာစီရင်ကြလျှင်အမှားကင်းမည်။


ယုတ်စွအဆုံးအမှားနည်းမည်ဖြစ်သည်။


စံကျမ်းများရှားပါးခြင်း


မျက်မှောက်ခေတ်တွင်ဥပဒေပညာရှင်များလေ့လာခွင့်ရသောဥပဒေကျမ်းအများစုမှာ၊အိန္ဒိယနိုင်ငံကအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောကျမ်းများဖြစ်ကြသည်။


ထိုကျမ်းများကိုဥပဒေပညာရှင်အများစုကလက်လှမ်းမီနိုင်မည်မဟုတ်။


မြန်မာနိုင်ငံ၌ပေါ်ထွက်ခဲ့သောအကျော်အမော်ဥပဒေပညာရှင်တို့သည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေများမှအပ၊အခြားဘာသာရပ်များကိုကျမ်းပြုစုခဲ့ခြင်းမရှိသလောက်ဖြစ်ခြင်းကအခက်အခဲပို၍ဖြစ်စေသည်။


နိုင်ငံတော်တရားရုံးချုပ်[ ၁၉၆၂-၇၃ ]ပင်စင်စားတရားသူကြီးဦးသက်ဖေကမြန်မာဘာသာဖြင့်ပြုစုသောရာဇသတ်ကြီးဆိုင်ရာကျမ်းကဲ့သို့စံချိန်မီကျမ်းများမရှိသလောက်နည်းပါးသည်


ရှေ့နေရှေ့ရပ်များအကြောင်းကြောင်းကြောင့်ဥပဒေပညာလေ့လာမှုအားနည်းသွားသည်ဟု ၁၉၇၉ ခုနှစ်ဗဟိုတရားရုံးလက်ထက်မှသည် ၁၉၉၁ ခုနှစ်ကုန်တရားရုံးချုပ်လက်ထက်အထိတရားရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံအရအကဲခတ်မိပါသည်။


စာရေးသူနယ်ပိုင်တရားမတရားသူကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်စဉ်ကပညာသင်ယူခဲ့ရသောရှေ့နေကြီးမျိုးကိုဗဟိုတရားရုံးနှင့်တရားရုံးချုပ်တွင်တွေ့ရခဲပါသည်။


စာရေးသူတွေ့ရသောရှေ့နေရှေ့ရပ်တို့​၏အားထုတ်ကြိုးပမ်းမှုသည်သိသိသာသာလျော့ပါးသွားပါသည်။


အကြောင်းအမျိုးမျိုးရှိပါသည်။


ဗဟိုတရားရုံးလက်ထက်ကဥပဒေကိုပြည့်ပြည့်စုံစုံတင်ပြလျှင်လည်းအကြောင်းမထူးဟုရှေ့နေကြီးအချို့ကသဘောထားကြသည်။


ထိုသို့သဘောထားရန်အကြောင်းဖန်ခဲ့မှုများလည်းရှိခဲ့ပါသည်။


တရားရုံးချုပ်လက်ထက်တွင်တိုးတက်လာသည်ကိုတွေ့ရသော်လည်းထိုအချိန်တွင်လုပ်သက်ရင့်ရှေ့နေကြီးများ​၏အရေအတွက်သိသိသာသာလျော့နည်းသွားပါပြီ။


နှောင်းခေတ်ရှေ့နေများမှာယင်းရှေ့နေကြီးမျိုးထံမှပညာသင်ယူခွင့်ဆုံးရှုံးခဲ့ရပါသည်။


မြန်မာနိုင်ငံတရားစီရင်ရေးစနစ်တဖြေးဖြေးအားပျော့လာသည်ကို ၁၉၆၈ ခုနှစ်မှစ၍သိသိသာသာမြင်သာသည်။


စီရင်ထုံးစာအုပ်များပါးခြင်းကတနည်းဖော်ညွှန်း[ suggest ]လျက်ရှိသည်။


သမိုင်းကိုလေ့လာလျင်တရားစီရင်ရေးစနစ်ဖြစ်ထွန်းတိုးတက်ရန်လမ်းများရှာဖွေတွေ့နိုင်ပါသည်။


ထိုလမ်းများကိုမရှာဘဲတာဝန်ရှိသူများ[ရှေ့နေများအပါအဝင်]လက်ပိုက်ကြည့်နေပါကလုံးပါးပါးသွားစရာအကြောင်းရှိသည်ကိုသတိမူရန်လိုပါသည်။


ရှေ့နေရှေ့ရပ်များအရည်အသွေးကျဆင်းရသည့်အကြောင်းတရပ်မှာ ၁၈၇၂ ခုနှစ်မှစ၍ထုတ်ဝေခဲ့သောစီရင်ထုံးစာအုပ်များကိုလေ့လာခွင့်မရခြင်းဖြစ်သည်ဟုစာရေးသူသဘောရရှိပါသည်။


၁၉၅၀ ပြည့်နှစ်ဝန်းကျင်ခန့်က LBR စီရင်ထုံးများနှင့် Rangoon Series စီရင်ထုံး ၁၄ တွဲကိုပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့သည်။


နောက်ပိုင်းအလားတူပြန်လည်ထုတ်ဝေခြင်းမပြု။


တဖက်တွင်ရှေ့နေရှေ့ရပ်ဦးရေတဟုန်ထိုးများပြားလာသဖြင့်၊အများစုမှာစီရင်ထုံးများကိုလက်လှမ်းမမီဖြစ်ရာမှဖတ်ရကောင်းမှန်းပင်မသိတော့။


ယခင်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့တွင်လိုက်ပါဆောင်ရွက်ခဲ့သောရှေ့နေကြီးများသည်၊တရားရုံးတော်ကမှန်ကန်သောစီရင်ချက်များချမှတ်နိုင်ရန်များစွာအထောက်အကူပြုခဲ့ကြောင်းစာရေးသူကြားသိခဲ့ရပါသည်။


စောဒကမှုတမှုကိုရက်သတ္တတပတ်[ တနင်္လာနေ့မှစနေနေ့ဝက် ]အထိလျှောက်ထားခဲ့ကြသည်ဟုဆိုပါသည်။


ရှေ့နေခကိုပထမနေ့အတွက်မည်မျှ၊နောက်ရက်များအတွက်တနေ့လျှင်ရှေ့နေခမည်မျှဟုသတ်မှတ်ပေးသည်ဟုသိရပါသည်။


ထိုရှေ့နေကြီးများသည်ပညာအရာတွင်အလွန်တော်သည်ဟုကြားသိရပါသည်။


အလုံရပ်ရှိဦးလူနီလမ်း၊ဗဟန်းမြို့နယ်ရှိလောင်းဝစ်လမ်းစသည်တို့မှာ၊တချိန်ကနာမည်ကြီးရှေ့နေများကိုအစွဲပြု၍ခေါ်ဝေါ်သောလမ်းများဖြစ်ချေသည်။


ဝတ်လုံဦးချန်ထွန်း[ မြန်မာဓလေ့ထုံးတမ်းပြုစုသူ ]၊ဝတ်လုံဦးမေအောင်[ မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ၊ထို့ပြင်ဒုတိယမြောက်မြန်မာတရားဝန်ကြီး၊ပထမဆုံးမြန်မာတရားဝန်ကြီးဝတ်လုံဦးခင်(Law Firmsတွင်ပါဝင်ခဲ့သည် ]၊စတုထ္ထမြန်မာတရားဝန်ကြီးဝတ်လုံဦးမောင်ကြီး၊ဆဌမမြောက်မြန်မာတရားဝန်ကြီးဝတ်လုံဦးမြဘူး[ ဦးခင်နှင့်ဦးမြဘူးတို့သည်လက်ထောက်အစိုးရတရားလွှတ်တော်ရှေ့နေများဖြစ်ကြပြီး၊ရှေ့နေလည်းလိုက်ခဲ့ရာမှတရားဝန်ကြီးများဖြစ်လာသူများဖြစ်သည် ]ဦးသိမ်းမောင်[ အငြိမ်းစားနိုင်ငံတော်တရားဝန်ကြီးချုပ် ]ဒေါက်တာဧမောင်[ အငြိမ်းစားတရားလွှတ်တော်ချုပ်တရားဝန်ကြီး ]၊ဦးကျော်မြင့်[ အငြိမ်းစားတရားလွှတ်တော်ချုပ်တရားဝန်ကြီး ]စသည့်ပုဂ္ဂိုလ်ကြီးများသည်၊အောင်မြင်သောမြန်မာရှေ့နေကြီးအချို့ဖြစ်ပါသည်။


၁၉၇၉ ခုနှစ်တွင်စာရေးသူဗဟိုတရားရုံးသို့တရားရေးအကြံပေးအဖြစ်ရောက်လာသောအခါတွေ့ရသောရှေ့နေကြီးအများစုသည်၊စာရေးသူမျှော်လင့်သလောက်ကိုက်ကိုက်စားစားကျယ်ကျယ်ပြန့်ပြန့်နှံ့နှံ့စပ်စပ်လျှောက်လဲကြခြင်းနည်းပါးသည်ကိုတွေ့ရပါသည်။


စာရေးသူသည်၎င်းတို့ထံမှပညာရသင့်သလောက်မရခဲ့ပါ။


ပရီဗီကောင်စီတွင်လိုက်ပါကြသောရှေ့နေကြီးများ​၏အမည်များဘေးတွင်၊K. C.[ King's Counsel ]၊Q. C.[ Queen's Counsel ]ဟုဖော်ပြသည်။


၎င်းတို့သည်ဝါရင့်ရှေ့နေကြီးများဖြစ်ကြသည်။


ယခင်တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့သော၊Mr. Rutledge သည်၊K. C.ဖြစ်သည်။


1 Ran မှ 1942 R. L. R. စီရင်ထုံးများတွင်၊ပရီဗီကောင်စီစီရင်ထုံးများပါရှိရာပရီဗီကောင်စီရှေ့တွင်နှစ်ဖက်ရှေ့နေများ​၏လျှောက်လဲချက်အကျဉ်းချုပ်ကိုဖတ်ကြည့်ရာ၌၊ပရီဗီကောင်စီသည်အယူခံမှုများကိုဆုံးဖြတ်ရာတွင်၎င်းတို့​၏အကူအညီရခဲ့ကြောင်းအကဲခတ်မိပါသည်။


၁၉၈၈ ခုနှစ်အတွင်းတရားရုံးချုပ်ကိုတည်ထောင်ခဲ့ပြီးနောက်၊စာရေးသူသည်၁၉၈၉ မှ ၁၉၉၁ ခုနှစ်ကုန်အထိ၊သုံးနှစ်တာဝန်ထမ်းဆောင်သည့်ကာလအတွင်းတရားရုံးချုပ်တွင်ဝါရင့်ရှေ့နေကြီးများကိုမတွေ့ရတော့ပါ။


ရှေ့နေအများစုတို့​၏တင်ပြချက်တို့သည်၊တရားရုံးချုပ်တရားသူကြီးများမျှော်လင့်သလောက်အားရဖွယ်မရှိကြောင်းတွေ့ရပါသည်။


၁၉၇၁ ခုနှစ်အထိ၊ခရိုင်တရားရုံးများတွင်လိုက်ပါခဲ့သောရှေ့နေရှေ့ရပ်များလောက်အားထုတ်မှုမရှိသည်ကိုရိပ်စားမိပါသည်။


၎င်းတို့ကိုအပြစ်ပြောရန်မရှိပါ။


အောက်မြန်မာပြည်တရားရုံးချုပ်လက်ထက်မှ ၁၉၆၂ ခုနှစ်တွင်တည်ထောင်ခဲ့သောတရားရုံးချုပ်သက်တမ်းအတွင်း၊၁၉၆၇ ခုနှစ်ကုန်အထိရှေ့နေရှေ့ရပ်များတဗိုလ်ဆင်းတဗိုလ်တက်၊စဉ်ဆက်မပြတ်လိုက်ပါဆောင်ရွက်ခဲ့သောရှေ့နေရှေ့ရပ်တို့​၏အခန်းကဏ္ဍမှာ၊၁၉၆၈ ခုနှစ်မှစ၍ယိမ်းယိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။


၁၉၆၈ ခုနှစ်မှစ၍ရှေ့နေများခါးပြတ်ခဲ့ရာ၊အကြောင်းကြောင်းကြောင့်ပြန်လည်နလန်ထူနိုင်ပုံမပေါ်တော့ပါ။


ယနေ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်၊ယခင်တရားလွှတ်တော်ချုပ်တွင်အမှုလိုက်ပါခဲ့သောသမ္ဘာရင့်၊ဝါရင့်ရှေ့နေကြီးများ​၏အထောက်အကူမျိုးကိုရရှိရန်၊လက်ရှိအ​ခြေအနေ၌မျှော်လင့်နိုင်မည်မဟုတ်ပါ။


တပန်းရှုံးနေပါသည်။


ရှေ့နေရှေ့ရပ်များ​၏အရည်အသွေးမြှင့်တင်ရေးကို၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကတက္ကသိုလ်များရှိဥပဒေပညာပို့ချသူဆရာ၊ဆရာမများနှင့်စုစည်း၍၊ရနိုင်သေးသောဥပဒေပညာရှင်များနှင့်ပူးပေါင်းကာအဖြေမရှာနိုင်ပါက၊ရှေ့နေရှေ့ရပ်များခါးပြတ်ရုံမျှမကဗုန်းဗုန်းလဲမည့်အခြေအနေသို့ပင်ရောက်သွားနိုင်ကြောင်း၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်အယူခံဝင်သော၊မူလအမှုများကိုတည်ဆောက်ရာ၌ပေါ်ပေါက်သည့်အားနည်းချက်များကညွှန်ပြလျက်ရှိသည်ကိုတွေ့ရပါသည်။


စာရေးသူ​၏ရည်ရွယ်ချက်မှာ၊ရှေ့နေရှေ့ရပ်များသိသင့်သောဥပဒေပညာကိုဖောက်သည်ချခြင်းဖြင့်အမှားနည်းသွားစေရန်ရှေ့ရှုသည်။


သို့ဖြစ်၍ဤကားအမှား၊ဤကားအမှန်ဟုခွဲခြားပြခြင်းဖြင့်ပညာရစေရန်ရည်သန်သည်။


အမှားကျူးလွန်သူတို့ကိုအပုတ်ချရန်ရည်ရွယ်ချက်မရှိ။


သို့သော်အမှားကိုမပြဘဲအမှန်ကိုလွယ်လွယ်မြင်မည်မဟုတ်။


တက္ကသိုလ်တွင်ဥပဒေပညာအမှန်ကိုသင်ကြားပို့ချသော်လည်း၊လက်တွေ့နယ်ပယ်၌မှားမှန်းမသိ၍အမှားကျူးလွန်ရာ၌၊ဓားစာခံမှာအမှုသည်များဖြစ်ကြသည်။


၎င်းတို့ကိုအကျိုးပြုသောရှေ့နေရှေ့ရပ်များပေါ်ထွန်းရေးကိုစာရေးသူဦးတည်သည်။


ရှေ့နေရှေ့ရပ်တို့​၏အမှားသည်၊ရှေ့နေလောကတရပ်လုံးကိုအကျိုးဖြစ်ထွန်းစေရန်၊အမှန်ကိုအမှန်ဟုသိအောင်၊စာရေးသူရေးသားထုတ်ဝေနေခြင်းဖြစ်သည်ကိုသာဓုခေါ်စေချင်သည်။


သာဓုခေါ်သည့်တချိန်တည်းမှာပင်သင်ခန်းစာယူစေချင်သည်။


ဤကားစာရေးသူ​၏အကြွင်းမဲ့စေတနာဖြစ်ချေသည်။


လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံပေါ်ထွန်းသောအခါတည်ထောင်ခဲ့သောတရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့သည်၊၎င်းတို့ကိုဖျက်သိမ်းသည့် ၁၉၆၂ ခုနှစ်ဆန်းအထိ၊ခဲရာခဲဆစ်ဥပဒေပြဿနာတို့ကိုဖြေရှင်းနိုင်ခဲ့သည်။


ရုံးထိုင်တရားဝန်ကြီးချုပ်များနှင့်တရားဝန်ကြီးများ၊လျှောက်လဲဆောင်ရွက်သောရှေ့နေရှေ့ရပ်များ​၏အားထုတ်မှုသည်၊သမိုင်းတွင်ကျန်ရစ်ခဲ့သည်။


ယခင်ကဟိုက်ကုတ်လွှတ်တော်တွင်လိုက်ပါဆောင်ရွက်သောရှေ့နေရှေ့ရပ်တို့သည်၊ဥပဒေပညာကိုမည်မျှခုံခုံမင်မင်လေ့လာသူများဖြစ်ကြောင်းစီရင်ထုံးများကညွှန်ပြပါသည်။


1940 RLR 826 ( DB )အမှုကိုစီရင်သော၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ်[ Sir Ernest H. Goodman Roberts ]နှင့်တရားဝန်ကြီး[ Mr. Justice Mosely ]တို့သည်၊ဒေါ်ရှင်​၏ရှေ့နေ[ P. K. Basu ]တင်ပြသောစီရင်ထုံးများအပြင်

အခြားစီရင်ထုံးများကို၊မကိုးကားနိုင်ခြင်းကဒေါ်ရှင်​၏ရှေ့နေ[ P. K. Basu ]သည်ဆိုင်ရာစီရင်ထုံးများကို၊အကုန်အစင်တင်ပြနိုင်ကြောင်းမြင်သာစေသည်။


နောင်တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ​၏နိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာသူဦးသိမ်းမောင်သည်၊ဝတ်လုံစာမေးပွဲအောင်ပြီးမြန်မာနိုင်ငံသို့ပြန်ရောက်သောအခါ၊ထိုစဉ်ကအောက်မြန်မာပြည်တရားရုံးချုပ်ရှိတရားဝန်ကြီးဦးခင်[ ပထမဆုံးမြန်မာတရားဝန်ကြီး ]နှင့်တွေ့သောအခါ၊ဦးခင်ကဦးသိမ်းမောင်အား၊ရန်ကုန်တွင်မဟုတ်ဘဲနယ်တွင်စတင်ရှေ့နေလိုက်ရန်အကြံပေးခြင်းသည်၊ရန်ကုန်မြို့ဟိုက်ကုတ်လွှတ်တော်၌ရှေ့နေလိုက်သူများမှာ၊ 1940 RLR 826 ( DB )အမှု၌၊အယူခံတရားလိုဒေါ်ရှင်​၏ရှေ့နေကဲ့သို့ဝါရင့်ပညာရှင်ရှေ့နေများဖြစ်ကြသဖြင့်၊ဝင်တိုးရန်မလွယ်ခြင်းကြောင့်ဖြစ်တန်ရာသည်။


8 Ran 524 အမှုကို၊အယူခံတရားလိုဘက်မှဦးမောင်ကြီး[ တရားလွှတ်တော်၌တရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ ]၊အယူခံတရားပြိုင်ဘက်မှဦးသိမ်းမောင်လိုက်ပါဆောင်ရွက်ခဲ့ရာ၊ဦးသိမ်းမောင်ကစီရင်ထုံးစာမျက်နှာ ၅၃၂ တွင်ဖော်ပြထားသည့်အတိုင်းလျှောက်လဲခဲ့သော်လည်းအနိုင်မရခဲ့။


ရှေးအခါကမြန်မာနိုင်ငံ၌အဆင့်အမြင့်ဆုံးဟိုက်ကုတ်လွှတ်တော်၌သမ္ဘာရင့်ဝါရင့်ရှေ့နေကြီးများလိုက်ပါဆောင်ရွက်သဖြင့်၊တရားစီရင်သောတရားသူကြီးများအား၊များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။


လွတ်လပ်သောမြန်မာနိုင်ငံတော်​၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာမည့်ဦးဘဦးသည်၊ဝတ်လုံအဖြစ်မြန်မာနိုင်ငံသို့ပြန်ရောက်သောအခါရန်ကုန်မြို့တွင်ရှေ့နေလိုက်ခဲ့ရာ၊၎င်း​၏ My Burma စာအုပ်တွင် Life at the Bar အခန်းတွင်၊၎င်း​၏ရှေ့နေဘဝကိုပြန်ပြောင်းရေးသားရာ၌၊စာမျက်နှာ၅၃၌-


[ My father supported me and I had my way , but knew I would have to try hard , as the Rangoon bar was not only overcrowded , but the strongest bar in Burma . It was reputed that the Rangoon bar could hold its own against any in India. ]


ဟုရေးသားထားသည်ကိုကောက်နုတ်ဖော်ပြပါသည်။


[ မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၉၇၂၌ hold its own against....ဟူသောစကားရပ်ကို၊တောင့်ခံသည်ဟုဘာသာပြန်ပါသည် ]


ယနေ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်​၏အခြေအနေနှင့်မတူပါ။


ဥပဒေပြဿနာအဖြာဖြာစာအုပ်အမှာစာ၌၊စာရေးသူညွှန်ပြခဲ့သည့်လက်ခုပ်တဖောင်မြင့်သောဘီရိုကြီးများတွင်ဥပဒေစာအုပ်များအပြည့်ရှိသောရှေ့နေများကဲ့သို့စီရင်ထုံးများ၊ဥပဒေကျမ်းများပြည့်ပြည့်စုံစုံမရှိသူ၊မဖတ်ဖူးသူများလည်းရှေ့နေလိုက်လျက်ရှိရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်၎င်းတို့ထံမှအကူအညီပြည့်ပြည့်စုံစုံရရန်မျှော်လင့်မရနိုင်သည်မှာဖြစ်သင့်သည်မဟုတ်။


ယခင်ကနယ်နှင့်ရန်ကုန်မြို့ရှိရှေ့နေကြီးများ​၏ဘီရိုကြီးများ၌၊မြန်မာနိုင်ငံစီရင်ထုံးများသာမကအိန္ဒိယနိုင်ငံတရားလွှတ်တော်များ၊ပရီဗီကောင်စီတို့​၏စီရင်ထုံးများလည်းရှိကြသည်။


မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မတ်လအထိ Asia Foundation မှ၊အိန္ဒိယနိုင်ငံစီရင်ထုံးများနှင့်ကျမ်းများကိုဝယ်ယူကာတရားလွှတ်တော်ချုပ်၊တရားလွှတ်တော်နှင့်ခရိုင်တရားရုံးများကိုလှူဒါန်းခဲ့သည်။


တော်လှန်ရေးအစိုးရတက်လာသောအခါဆက်လက်၍ထောက်ပံ့ခြင်းမပြုတော့။


အိန္ဒိယနိုင်ငံမှဥပဒေစာအုပ်များကိုလည်းဝယ်မရတော့သဖြင့်၊ယခုအခါမြန်မာနိုင်ငံသည်ဥပဒေရေးရာတွင်ခေတ်နောက်ကျလျက်ရှိသည်။


သို့သော် Internet တွင်၊ထိုစီရင်ထုံးများကိုဖတ်ခွင့်ရသဖြင့်စန်းတက်လာပြီဟုဆိုနိုင်သည်၊အားထုတ်ဖို့သာလိုသည်။


ရှေ့နေရှေ့ရပ်တို့သည်၊ 1940 RLR 826 အမှုတွင်၊ဒေါ်ရှင်ဘက်မှလိုက်ပါဆောင်ရွက်သောရှေ့နေ(P. K. Basu)ကဲ့သို့၊ဥပဒေပညာဗဟုသုတရရှိကြိုးစားအားထုတ်ရန်တိုက်တွန်းလိုသည်။


တတ်အပ်သောဥပဒေပညာမရှိဘဲရှေ့နေလိုက်ခြင်းသည်၊သမ္မာအာဇီဝလောဟု၊မိမိကိုယ်ကိုမိမိစောကြောသင့်သည်။

Comments

Popular posts from this blog

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]