ကွက်တိ[ on all fours ][ Part Two ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ကွက်တိ[ on all fours ][ Part Two ]


————————————


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]


LETTERS PATENT APPEAL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.


DAW SHIN &. ARJANDAS.*


1940 July 29.


အမှုအကြောင်းဆက်လက်ဆွေးနွေးပါမည်။


co-heirs[ တွဲဖက်အမွေဆိုင်များ ]၊ co-owners[ တွဲဖက်ပိုင်ရှင်များ ]ကိုခွဲခြားမှတ်သားရန်လိုပါသည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄ကိုကြည့်ပါ။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုတွင်ရည်ညွှန်းသော co-shares သည် co-heirs ဖြစ်သည်ကိုတွေ့ရသည်။


မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၂၄၆တွင် co-prefix ကိုတွဲဖက်ခြင်းအနက်ဖြင့်နာမ်ရှေ့ဆက်စကားလုံးဟူ၍ပြဆိုပြီး၊စာမျက်နှာ၇၅၀တွင် joint[ adjective ]ပူးတွဲဟုဘာသာပြန်သည်။


မြန်မာဓလေ့ထုံးတမ်းဥပဒေအရပူးတွဲအမွေဆိုင်များသည်၂ပုံ၁ပုံ၊၃ပုံ၁ပုံ၊၄ပုံ၁ပုံစသည်ဖြင့်အစုလိုက်အမွေဆက်ခံကြသည်။


အမွေမခွဲမဝေမချင်း၎င်းတို့အသီးသီးရရှိသောအမွေစုသည်တသီးတခြားတည်ရှိသည်မဟုတ်ပေ။


အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားရုံး၏ဒီကရီဖြစ်စေ၊အမွေဆိုင်ချင်းသဘောတူညီချက်အရဖြစ်စေ၊အမွေခွဲဝေယူမှသာအမွေဆိုင်တဦးစီ၏အမွေစုမှာသီးခြားပေါ်လာသည်။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]


LETTERS PATENT APPEAL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.


DAW SHIN &. ARJANDAS.*


1940 July 29.


အမှုတွင်ရည်ညွှန်းသောအမွေမှုကို-


VOL. VIII INDIAN LAW REPORTS. RANGOON SERIES. 524[ D B ]


Equivalent citation = A. I. R. 1931 Rangoon 32 ( 38 )


MAUNG BA AND BAGULEY, JJ.


Maung Aung Pe and another - Appellants.


                      V.


U Tun Aung Gyaw and others-Respondents.


First Appeals Nos. 14 and 15 of 1930, Decided on 3rd September 1930, from decree of Dist. Judge, Thayetmyo, in Civil Regular Suit No. 1 of 1923.


စီရင်ထုံး၌ဆုံးဖြတ်သည်။


ထိုစီရင်ထုံးတွင်အမွေမှု၌ထုတ်နုတ်ထားသောငြင်းချက်များကိုဖော်ပြထားရာ၊ချစ်တီးထံပေါင်သည်ဆိုသောပစ္စည်းမှာအမွေဆိုင်ဟုတ်၊မဟုတ်အငြင်းပွါးပုံမပေါ်။


ထိုသို့ဆိုလျှင်တရားလိုချစ်တီးအားအမွေဆိုင်မောင်အောင်ဖေကပေါင်နှံခြင်းသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းရန်အကြောင်းမရှိနိုင်။


အထူးခုံရုံးသည် 1940 RANGOON LAW REPORTS. 826 ( 830)[ D B ] အမှုကိုဆုံးဖြတ်ရာ၌၊အခြားဥပဒေပြဿနာအရအဖြေထုတ်နိုင်သဖြင့်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂သည်၊အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်သက်ဆိုင်ခြင်းရှိ၊မရှိအငြင်းပွါးလျက်ရှိသောဥပဒေပြဿနာကိုဖော်ထုတ်ဆုံးဖြတ်ခြင်းမပြုတော့။


အမွေမှုမပြီးပြတ်မီအတွင်းတရားပြိုင်မောင်အောင်ဖေက၊အမွေဆိုင်ပစ္စည်းတွင်

မိမိ၏အစုကိုချစ်တီးထံပေါင်နှံခဲ့သည်။


သို့ဖြစ်ရာအမွေခွဲဝေရာ၌၊ပူးတွဲအမွေဆိုင်မစောခင်[ မောင်အောင်ဖေ၏အဒေါ် ]ရသွားသောအိမ်နှင့်မြေမှာတရားလိုချစ်တီးထံ[ ပေါင်နှံထားခြင်းနှင့်လွတ်ကင်းသည်မဟုတ်၍ ]အပေါင်မှုတွင်အပေါင်ပစ္စည်းကိုဝယ်ယူခဲ့သောတရားလိုချစ်တီးကထိုပစ္စည်းများတွင်ပေါင်သူမောင်အောင်ဖေ၏ဝေစု၃ပုံ၁ပုံကိုရထိုက်ခွင့်ရှိသည်ဟုအရေးဆိုခြင်းဖြစ်သည်။


[ တရားပြိုင်ဒေါ်ရှင်တို့သည်ထိုပစ္စည်းများကိုနောက်ဆုံးဝယ်ယူလက်ရောက်ရခဲ့သူများဖြစ်ကြသည်။ ]


တရားလွှတ်တော်ကတရားမဒုတိယအယူခံမှုတွင်[ 1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုမဟုတ် ]ထိုဥပဒေသဘောတရားကိုလက်ခံကာချစ်တီးအားအနိုင်ပေးခြင်းဖြစ်သည်။


ထိုဥပဒေရှုထောင့်မှကြည့်လျှင်မှန်ပုံရသည်ကိုမငြင်းနိုင်။


သို့သော်ဥပဒေမှာအပြောကျယ်လှပါသည်။


ရှုထောင့်တရပ်တည်းမှမှုခင်းများကိုဆုံးဖြတ်ရုံမျှဖြင့်အမှန်မရနိုင်ပါ။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေတွင်အကျုံးဝင်သောရောင်းချခြင်း၊ပေါင်နှံခြင်း၊ငှါးရမ်းခြင်း၊လဲလှယ်ခြင်းနှင့်အပိုင်ပေးခြင်းတည်းဟူသောလွှဲပြောင်းမှုများနှင့်သက်ဆိုင်သောပြဌာန်းချက်များမတိုင်မီလွှဲပြောင်းခြင်းဆိုင်ရာဥပဒေသများကိုပုဒ်မ၆မှပုဒ်မ၅၃( ဂ )တွင်ပြဌာန်းထားသည်။


[ အလျဉ်းသင့်၍ဖော်ပြရန်ဥပဒေသတရပ်မှာ၊ဗုဒ္ဓဘာသာလင်မယားတို့သည်လင်မယားပိုင်ပစ္စည်းတွင်လည်းကောင်း၊အမွေဆိုင်များသည်အမွေဆိုင်ပစ္စည်းတွင်လည်းကောင်း[ vested interest ]အပြီးအပိုင်ရရှိမည့်အကျိုးခံစားခွင့်[ ပိုင်ခွင့် ]ရရှိသည်ဟုစီရင်ထုံးများတွင်ပြဆိုထားရာ၊ပုဒ်မ၁၉တွင်အဆိုပါစကားရပ်ကိုပြဆိုထားသည်ကိုရှင်းပြလိုပါသည်။ ]


ပူးတွဲအမွေဆိုင်မောင်အောင်ဖေထံမှအမွေဆိုင်ပစ္စည်းများတွင်၎င်း၏အစုကိုအပေါင်ခံသောချစ်တီးသည်၊နောက်ပိုင်း၌အပေါင်မှုတွင်ထိုအစုကိုဝယ်ယူသောအခါ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄တွင်သတ်မှတ်ထားသောအခွင့်အရေးများရရှိသည်မှန်သော်လည်း[ အကြွင်းမဲ့အခွင့်အရေးများရရှိသည်မဟုတ်။ ]


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄ပါ[ subject to the condition and liabilities ]ဟူသောပြဌာန်းချက်ကို[ အထောက်အထားပြု၍ ]ရရှိခြင်းဖြစ်သည်။


[ မှတ်ချက်။   ။ subject to မှာအဓိပ္ပာယ်အမျိုးမျိုးရရှိကြောင်း၊ဥပဒေပြဿနာအဖြာဖြာစာအုပ်၊စာမျက်နှာ၂၂တွင်ရှင်းပြပြီးဖြစ်သည်။ ]


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ A I R Commentaries ( အေအိုင်အာရ်ဝေဖန်ချက်များ )ကျမ်း( တတိယအကြိမ်မြောက် ၁၉၅၀ပြည့်နှစ်ထုတ် )၊ပထမတွဲ၊စာမျက်နှာ၆၄၀တွင် 1 I A 106 အပါအဝင်စီရင်ထုံးအများအပြားကိုကိုးကားကာပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄ပါ[ subject to the condition and liabilities ]ဟူသောပြဌာန်းချက်ကိုရည်ညွှန်းပြီးအောက်ပါအတိုင်းပြဆိုသည်-


[ ပူးတွဲပိုင်ရှင်များပိုင်သောပစ္စည်းများအနက်ပစ္စည်းတခုတွင်ပူးတွဲပိုင်ရှင်တဦးကမိမိရရန်ရှိသောအစုကိုအပေါင်ခံသူသည်အခြားပူးတွဲပိုင်ရှင်များကပစ္စည်းခွဲဝေစေခွင့်ကိုအထောက်အထားပြု၍သာလျှင်ထိုအစုကိုရမည်ဖြစ်သည်။ထိုသို့ခွဲဝေရာ၌၊အပေါင်ခံပစ္စည်းကိုအခြားပူးတွဲပိုင်ရှင်အားခွဲဝေပေးလိုက်လျှင်၊ခွဲဝေရရှိသူသည်ပစ္စည်းကိုအပေါင်လွတ်ရရှိပြီးအပေါင်ခံသူလက်ဝယ်ရှိအစားထိုးရရှိသောပစ္စည်း(မှတ်ချက်။  ။ပစ္စည်းခွဲဝေရာ၌ရရှိသောပစ္စည်း)အပေါ်တွင်သာအရေးယူဆောင်ရွက်နိုင်သည်။ ]


ချစ်တီးစွဲဆိုသောအမှုကိုအဆုံးအဖြတ်ပေးရသည့်တရားလွှတ်တော်တဦးထိုင်တရားသူကြီးသည်အမှုနှင့်တိုက်ရိုက်သက်ဆိုင်သောပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄ပါပြဌာန်းချက်များကိုသတိမမူမိဘဲဆုံးဖြတ်ခြင်းဖြစ်သည်။


သို့သော်အမှုတွင်သက်ဝင်လျက်ရှိသောဥပဒေပြဿနာနက်ရှိုင်းသည်ကိုရိပ်စားမိသဖြင့်တရားမအယူခံတင်သွင်းသင့်ကြောင်းထောက်ခံသဖြင့်အယူခံတွင်အမှန်ကိုဖော်ထုတ်ဆုံးဖြတ်ခွင့်ရရှိခဲ့သည်။


ထိုထောက်ခံချက်ကိုငြင်းပယ်ခဲ့လျှင်အမှန်တရားကိုဖော်ထုတ်နိုင်မည်မဟုတ်။


တရားလွှတ်တော်များသည်အယူခံမှု၌မိမိတို့ဆုံးဖြတ်ချက်များ[ မသေချာဟုသဘောရရှိလျှင် ]ထောက်ခံချက်ပေးပါက၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉( ဂ )အရပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံဝင်ရန်လမ်းပွင့်သွားနိုင်သည်ကိုသတိချပ်သင့်သည်။


စီရင်ထုံးသမိုင်းကိုကြည့်လျှင်တရားလွှတ်တော်တရားသူကြီးများကအယူခံတွင်မိမိအဆုံးအဖြတ်များအပေါ်ထပ်မံအယူခံသင့်ကြောင်းထောက်ခံချက်ပေးသဖြင့်အမှားများပြင်ဆင်နိုင်ခဲ့သည်ကိုတွေ့မြင်နိုင်သည်။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုတွင်စီရင်ထုံးစာမျက်နှာ၈၃၀၌၊စီရင်လျက်ရှိသောအယူခံမှုတွင်ပေါ်ပေါက်သောအမှုနှင့်အများဆုံးဆင်တူသည်ဟုအကြောင်းပြကိုးကားသော I L R 13 Lahore 702 ( P C )စီရင်ထုံးမှာပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃အရဆုံးဖြတ်သောအမှုဖြစ်သည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ A I R Commentaries[ အေအိုင်အာရ်

ဝေဖန်ချက်များ ]ကျမ်း[ တတိယအကြိမ်မြောက် ၁၉၅၀ပြည့်နှစ်ထုတ် ]တွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃ပါဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန်ဖြစ်သည်ဟုအထက်ပါကျမ်းဒုတိယတွဲစာမျက်နှာ၁၃၀၃၌ပင်အောက်ပါအတိုင်းပြဆိုသည်-


[ သို့ဖြစ်ရာပေါင်သောပစ္စည်းမှာပစ္စည်းတွင်မခွဲဝေရသေးသောအစုဖြစ်ပြီး၊ပူးတွဲအစုရှင်များသည်ခွဲဝေကြလျှင်အပေါင်ခံသူ၏အာမခံ(ပစ္စည်း)သည်မိမိအားပေါင်နှံသူကိုတဦးချင်းအလိုက်ခွဲဝေသတ်မှတ်ပေးသောဝေစုနှင့်သက်ဆိုင်သည်။ ]


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃သည်အာမခံချက်များအစားထိုးခြင်းဆိုင်ရာဥပဒေ[ The doctrine of substituted securities ]ကိုကျင့်သုံးမှုတရပ်ဖြစ်သည်။


39 Madras 283 နှင့် I L R( 1933 )Allahabad 513( F B )စီရင်ထုံးများကိုကြည့်ပါ။


သို့ဖြစ်ရာမခွဲဝေရသေးသောပစ္စည်းတွင်ပူးတွဲအစုရှင်တဦးကမိမိအစုကိုပေါင်ခဲ့ပြီးနောက်ပစ္စည်းခွဲဝေသည့်အခါအပေါင်ခံသူသည်ပေါင်နှံသူရရှိသောအစုကိုအပေါင်ပစ္စည်းအဖြစ်ရရှိသည်ဖြစ်၍ထိုအစုအပေါ်အပေါင်မှုစွဲဆိုနိုင်သည်။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုတွင်ဆိုင်ရာပြဌာန်းချက်များနှင့်စပ်ဟပ်အဖြေထုတ်မပြဘဲ၊ပရီဗီကောင်စီ၏စီရင်ထုံးများကိုကိုးကားဆုံးဖြတ်သည်ဖြစ်၍၊ဆိုင်ရာစီရင်ထုံးများကိုဖတ်ခွင့်မရဘဲထုံးဖွဲ့ချက်များကိုနားလည်နိုင်မည်မဟုတ်၍ဆိုင်ရာပြဌာန်းချက်များနှင့်စပ်ဟပ်ဆွေးနွေးရန်လိုအပ်သည့်အလျောက်ပြည့်ပြည့်စုံစုံဆွေးနွေးခြင်းဖြစ်သည်။


ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်ဖြစ်သည်။

Comments

Popular posts from this blog

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]