1999 BLR 135 ( 140 )[ ဒေါပန်း တင် နှင့် ဦးအောင်တင် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ[ က ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1999 BLR 135 ( 140 )


[ ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ]အမှု


သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ က ]


———————————————-


1999 BLR 135 ( 140 )


တရားမအထွေထွေအယူခံမှု


တရားရုံးချုပ်တရားသူကြီးဦးချစ်လွင်ရှေ့တွင်


ဒေါ်ပန်းတင် နှင့် ဦးအောင်တင်


၁၉၉၉ နိုဝင်ဘာလ ၈ ရက်


အမှုတွင်တရားရုံးချုပ်၏သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စအားမဆွေးနွေးမီ၊ပုဒ်မ၂(၂)၊ပုဒ်မ၄၇၊ပုဒ်မ၉၆၊ပုဒ်မ၁၀၄၊အမိန့်၄၃၊နည်း၁တို့၏ဥပဒေသဘောကိုဦးစွာဆွေးနွေးလိုပါသည်။


ဒီကရီ နှင့် အမိန့်


တရားရုံး၏ဆုံးဖြတ်ချက်များကိုဒီကရီနှင့်အမိန့်ဟူ၍ခွဲခြားနိုင်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်ဒီကရီကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်-


၂(၂)။  ။ဒီကရီဆိုသည်မှာအမှုကိုဆုံးဖြတ်သည့်တရားရုံးနှင့်သက်ဆိုင်သမျှယင်းအမှုတွင်အငြင်းပွါးလျက်ရှိသောအကြောင်းအရာအားလုံးသို့မဟုတ်ယင်းတို့အနက်အကြောင်းအရာတရပ်ရပ်နှင့်စပ်လျဉ်း၍အမှုသည်တို့၏ရပိုင်ခွင့်များကိုအပြီးအပြတ်သတ်မှတ်ပေးသည့်စီရင်ဆုံးဖြတ်ချက်တရပ်အားထုံးနည်းတကျရေးသားဖော်ပြချက်ကိုဆိုသည်။


ဒီကရီသည်ပဏာမဒီကရီသော်လည်းကောင်း၊အပြီးသတ်ဒီကရီသော်လည်းကောင်းဖြစ်နိုင်သည်။


ဒီကရီဆိုသည့်စကားရပ်တွင်ဆိုလွှာကိုပယ်သည့်အမိန့်နှင့်ပုဒ်မ၄၇သို့မဟုတ်

ပုဒ်မ၁၄၄၌အကျုံးဝင်သောပြဿနာတရပ်ရပ်အပေါ်ဆုံးဖြတ်ချက်လည်းပါဝင်

သည်ဟုမှတ်ယူရမည်။


သို့ရာတွင်အောက်ပါတို့မပါဝင်စေရ-


(က)အမိန့်တရပ်ကိုအယူခံမှုအဖြစ်ဖြင့်အယူခံဝင်နိုင်သောစီရင်ဆုံးဖြတ်ချက်


(ခ)တရားရုံးသို့မလာရောက်ခြင်းကြောင့်ပလပ်သည့်အမိန့်။


ရှင်းလင်းချက်။   ။အမှုကိုအပြီးအပြတ်စီရင်ခြင်းမပြုနိုင်သေးဘဲနောက်ထပ်

ဆောင်ရွက်ဖွယ်ရာများကျန်ရှိသောဒီကရီသည်ပဏာမဒီကရီဖြစ်သည်။


အမှုကိုအပြီးအပြတ်စီရင်သောဒီကရီသည်အပြီးသတ်ဒီကရီဖြစ်သည်။


ဒီကရီတရပ်သည်တစိတ်တဒေသအားဖြင့်ပဏာမဒီကရီဖြစ်၍၊တစိတ်တဒေသအားဖြင့်အပြီးသတ်ဒီကရီဖြစ်နိုင်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၁၄)တွင်အမိိန့်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။


အမိန့်များကိုအယူခံဝင်ခွင့်ရှိသောအမိန့်နှင့်အယူခံဝင်ခွင့်မရှိသောအမိန့်ဟူ၍ခွဲခြားနိုင်သည်။


ဆုံးဖြတ်ချက်တရပ်သည်ဒီကရီမြောက်လျှင်အယူခံဝင်ခွင့်ရှိသည်။


ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်း[ 1983 BLR 48 ]အမှုတွင်တိုင်းတရားရုံးကပြင်ဆင်မှု၌ချမှတ်သောဆုံးဖြတ်ချက်သည်ဒီကရီမြောက်သော်လည်းမူလမှုစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ၊အယူခံစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ၊ကျင့်သုံးချမှတ်ခြင်းမဟုတ်သဖြင့်ဆုံးဖြတ်ချက်ကိုအယူခံခွင့်မရှိဟုဆုံးဖြတ်သည်။


ဆုံးဖြတ်ချက်တရပ်သည်အမိန့်ဖြစ်လျှင်ပုဒ်မ၁၀၄သို့မဟုတ်အမိိန့်၄၃၊နည်း၁တွင်အကျုံးဝင်သောအမိန့်ဖြစ်မှသာအယူခံဝင်နိုင်သည်။


အခြားအမိန့်များအပေါ်ပြင်ဆင်မှုသာလျှောက်ထားနိုင်သည်။

—————————————-


ဒီကရီတရပ်၏အင်္ဂါရပ်များ


ဒီကရီမြောက်ရန်အောက်ပါအချက်များနှင့်ညီညွတ်ရမည်။


(၁)ဆုံးဖြတ်ချက်ကိုတရားမမှုတွင်ချမှတ်ထားရမည်။


(၂)ဆုံးဖြတ်ချက်ကိုအမှုတွင်အငြင်းပွါးသောအကြောင်းအရာအရပ်ရပ်သို့မဟုတ်တရပ်ရပ်နှင့်စပ်လျဉ်း၍အမှုသည်များ၏ရပိုင်ခွင့်နှင့်ပတ်သက်ပြီးချမှတ်ထားရမည်။


(၃)ဆုံးဖြတ်ချက်သည်ယင်းရပိုင်ခွင့်များနှင့်စပ်လျဉ်း၍အပြီးအပြတ်ဆုံးဖြတ်သောဆုံးဖြတ်ချက်ဖြစ်ရမည်။


(၄)ဆုံးဖြတ်ချက်ကိုထုံးနည်းတကျဖော်ပြထားရမည်။

—————————————


အငြင်းပွါးသောအကြောင်းများနှင့်စပ်လျဉ်း၍အမှုသည်တို့၏ရပိုင်ခွင့်များ


ဒီကရီမြောက်ရန်အမှုသည်တို့၏ရပိုင်ခွင့်နှင့်စပ်လျဉ်း၍ဆုံးဖြတ်ချက်တရပ်ရှိရမည်။


[ မခြုံ နှင့် မောင်မြင့်၊ 5 Ran. 838 ][ အမှုကိုအမိန့်၁၇၊နည်း၃အရပယ်ခြင်း ]


ရုံးချိန်းပျက်သဖြင့်-


( က )အမှုကိုပလပ်သောအမိိန့်သည်ဒီကရီမဟုတ်။


မန်နက်ဘိုင် နှင့် ပီ၊အယ်လ်၊အက်စ်၊အေ၊မူသီးယားချစ်တီး၊ 4 L.B.R. 17( F.B. )


5 Ran. 838


ဦးညွန့်မောင် နှင့် ဘိုင်အာမက်၊ 1978 BLR 38 


( ခ )အယူခံကိုပလပ်သောအမိန့်သည်ဒီကရီမဟုတ်။


 မောင်သံခဲ နှင့် မောင်ဘိုးသင်၊ 1921-22, U.B.R. 164 

————————————-


အမှုကိုလက်ရှိပုံစံအတိုင်းစွဲဆိုခွင့်မရှိကြောင်းကန့်ကွက်ချက်ကိုပယ်၍အမှုကိုဆက်လက်ဆောင်ရွက်ရန်ချမှတ်သောအမိန့်သည်အမှုတွင်အငြင်းပွါးသောအကြောင်းအရာနှင့်စပ်လျဉ်း၍အမှုသည်တို့၏ရပိုင်ခွင့်ကိုဆုံးဖြတ်သောအမိန့်

မဟုတ်၍ဒီကရီမဟုတ်။


မဂွမ်း နှင့် အာရ်၊မူနီရန်ဒီဆာဗေး၊ 8 L.B.R. 213


အေ၊ဂျီ၊မဒါရီ နှင့် အာရ်၊မစ်ဆာ၊ 9 B.L.T. 119 


မောင်(င)မိတ် နှင့် မောင်(င)ကြီး၊ 1917-20, U.B.R. 1 

—————————————-


တဘက်တွင်တရားလိုသည်အမှုစွဲဆိုခွင့်မရှိကြောင်းဆုံးဖြတ်ရာရောက်သောအမိန့်သည်ဒီကရီဖြစ်သည်။


ရာစူးဘီဘီ နှင့် အာ၊မက်အီဘရာဟင်မဒါး၊ 1953 BLR ( H C ) 16( အမှုကိုပယ်စေရာရောက်သောအမိိန့်ဖြစ်သည်။အမှုတွင်ဒီကရီမဆွဲဘဲထုံးပုံကျအမိန့်သာရေးဆွဲသည်။ )

———————————-


အမှုကိုပလပ်ပစ်ရာရောက်သောအမိန့်(ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှတရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားလာရာ၌အမှုပိတ်သောအမိန့်)သည်ဒီကရီဖြစ်သည်။


ဒေါ်တင်ကြည် နှင့် ဦးစန်းမြင့်၊ 1998 BLR 34(37)( F B )

—————————————


ထိုနည်းတူအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်အမွေဝေစုရလိုကြောင်းတရားပြိုင်ကလျှောက်ထားချက်ကိုပယ်သောအမိန့်သည်ပုဒ်မ၂(၂)တွင်အကျုံးဝင်သည့်ဒီကရီဖြစ်သည်။


ဦးခင်မောင်စိုး နှင့် ဦးအောင်သန့်ဇင်၊ ၂၀၀၈ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၁။

—————————


အပြီးသတ်ဆုံးဖြတ်ခြင်း


အမိန့်ချမှတ်သောတရားရုံးနှင့်စပ်လျဉ်းသမျှအမှုသည်တို့၏အခွင့်အရေးများကိုအပြီးသတ်ချမှတ်သောဆုံးဖြတ်ချက်ဖြစ်မှသာဒီကရီဖြစ်သည်။


မလှရီ နှင့် မသန်းစိန်၊ 1953 BLR 55( S C )

————————————


ဆုံးဖြတ်ချက်တရပ်သည်အမှုကိုအပြီးအပြတ်စီရင်ခြင်းမပြုစေကာမူအမှုသည်၏ရပိုင်ခွင့်များကိုအပြီးအပြတ်သတ်မှတ်ပေးရာရောက်သောဒီကရီဖြစ်နိုင်သည်။


A.I.R. 1941 Cal. 618.


မောင်(င)မိတ် နှင့် မောင်(င)ကြီး၊ 1917-20, UBR 1(ဝန်ထမ်းအပေါ်ပုဒ်မ၈၀အရနို့တစ်စာပေးရန်လိုကြောင်းပဏာမငြင်းချက်အပေါ်ချမှတ်သည့်အမိန့်)

———————————-


အယူခံဝင်ခွင့်ရှိသောအမိန့်သည်ဒီကရီမဟုတ်


အယူခံရုံးကအယူခံတွင်မူလမှုကိုပြန်လည်စစ်ဆေးစီရင်စေရန်အမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်သည်အမိန့်၄၃၊နည်း၁(ပ)အရအယူခံဝင်ခွင့်ရှိသောအမိန့်ဖြစ်သဖြင့်ထိုအမိန့်သည်ဒီကရီမဟုတ်။


ဦးဘကြည် နှင့် ဒေါ်ကြွယ်၊ 1986 BLR 156

———————————


ဇာရီမှုတွင်ချမှတ်သောဆုံးဖြတ်ချက်များ


ဇာရီမှုတွင်ချမှတ်သောအမိန့်များသည်ဒီကရီမြောက်စေရန်အောက်ပါအချက်များနှင့်ညီညွတ်ရမည်-


(က)အမိန့်သည်မူလအမှုမှအမှုသည်များနှင့်ဖြစ်စေ၊၎င်းတို့၏အကျိုးဆက်ခံသောသူများနှင့်ဖြစ်စေသက်ဆိုင်ရမည်။


(ခ)အမိန့်သည်ဒီကရီအတည်ပြုခြင်းသို့မဟုတ်ဒီကရီအရပေးဆပ်ခြင်းသို့မဟုတ်ဒီကရီကိုကျေအေးပြေငြိမ်းအောင်ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ပေါ်ပေါက်သောပြဿနာတရပ်ရပ်နှင့်ပတ်သက်ရမည်။


(ဂ)အမိန့်သည်အမှုသည်တို့၏ရပိုင်ခွင့်များကိုအပြီးအပြတ်အဆုံးအဖြတ်ပေးရမည်။


A.I.R. Cal 618.

—————————————-


တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇သည်တရားရှုံးမဟုတ်သူများသို့မဟုတ်တရားရှုံး၏အကျိုးကိုဆက်ခံသူသောသူမဟုတ်သူများအကြားတွင်ပေါ်ပေါက်သောပြဿနာအားအဆုံးအဖြတ်ပေးခြင်းနှင့်မသက်ဆိုင်။သို့ဖြစ်၍ဇာရီမှုတွင်အမှုသည်မဟုတ်သူ၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍ချမှတ်သောအမိန့်သည်ဒီကရီမဟုတ်။


ဦးအောင်တင် နှင့် ဦးခွေး၊ 1984 BLR 104

——————————————


အမိန့်၂၁၊နည်း၉၇အရချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်မရှိ။


ဒေါ်ဆင့် နှင့် ဦးမောင်မြရှိန်၊ 1958 BLR ( H C ) 252

———————————————


တရားရှုံးမဟုတ်သူကဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်ထားရာလျှောက်လွှာပယ်သောအမိန့်ကိုအယူခံဝင်ခွင့်မရှိ။


မိုဟာမက်ရှာဘန်း နှင့် ဒေါ်အမာဂျန်၊ 1964 BLR 345

————————————————-


ဝရမ်းခွါပေးရန်တရားရှုံးကလျှောက်ထားချက်အပေါ်ချမှတ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးဝင်သည်ဖြစ်၍အယူခံဝင်ခွင့်ရှိသည်။


မမေမြင့် နှင့် ဦးဘမောင်၊ 1959 BLR ( H C ) 33

————————————————


တရားနိုင်ရုံးချိန်းပျက်သဖြင့်ဇာရီမှုကိုပလပ်သောအမိန့်သည်ဒီကရီမဟုတ်၍အယူခံမဝင်နိုင်။


မန်နေဂျာ(မြန်မာ့စီးပွါးရေးဘဏ်ခွဲ) နှင့် ဒေါ်ခင်ခင်၊ 1991 BLR 110(112)

———————————————-


ဒီကရီကိုအတည်ပြုရာတွင်အရေးပါသောအကြောင်းအရာနှင့်စပ်လျဉ်း၍အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်အဆုံးအဖြတ်ပေးသောအမိန့်ကိုသာအယူခံဝင်ခွင့်ရှိသည်။


မလှရီ နှင့် မသန်းစိန်၊ 1953 BLR ( S C ) 55


မဧငြိမ်း နှင့် မမကြီး၊ A.I.R. 1935 Ran. 500

—————————————————


ဒီကရီကိုဇာရီပြုနိုင်၊မပြုနိုင်ပြဿနာနှင့်စပ်လျဉ်း၍ချမှတ်သောဆုံးဖြတ်ချက်သည်ဒီကရီဖြစ်သည်။


ဒေါ်ပန်းတင် နှင့် ဦးအောင်တင်၊ 1999 BLR 135

———————————————————


ဇာရီမှုတွင်တရားရှုံးပိုင်မြေကွက်ကြီးမှဖယ်ထုတ်ရမည့်မြေအစိတ်အပိုင်း၏တည်နေရာကိုသတ်မှတ်သောအမိန့်သည်ဒီကရီဖြစ်သည်။


ဦးမြတ်ထွန်း နှင့် ဒေါ်တင်အုန်း၊ 2005 BLR 83

—————————————————-


ဇာရီမှုကိုဆိုင်းငံ့သောသို့မဟုတ်ဆိုင်းငံ့ထားရန်ငြင်းပယ်သောအမိန့်ကိုအယူခံဝင်ခွင့်မရှိ။


ဦးစံဝ နှင့် ဦးချစ်၊ 9 Ran. 354


ဒေါ်ညွန့်ကြည် နှင့် ဒေါ်တင်နွဲ့၊ 1983 BLR 24


ဦးကိုကိုလတ် နှင့် ဒေါ်တင်ညွန့်၊ 1984 BLR 113


1938 R.L.R. 580

————————————————-


ယင်းအမိန့်သည်ဒီကရီအရခွင့်ပြုထားသောသက်သာခွင့်နှင့်စပ်လျဉ်း၍အမှုသည်များ၏ရပိုင်ခွင့်နှင့်တာဝန်များကိုအပြီးအပြတ်အဆုံးအဖြတ်ပေးသည်ဟုမယူဆနိုင်။


မထွန်း နှင့် မအညို၊ 1959 BLR ( H C ) 257

————————————————-


တဘက်တွင်ဇာရီမှုကိုအကန့်အသတ်မရှိရပ်ဆိုင်းသောအမိန့်ကိုအယူခံနိုင်သည်။


မောင်သာဆိုင် နှင့် မအိမ်သာ၊ 1957 BLR ( H C ) 16

—————————————————-


ဇာရီမှုတွင်လေလံဆွဲသူနှင့်ပတ်သက်သောအငြင်းပွါးချက်များသည်ဇာရီပြုလုပ်ရာတွင်ပေါ်ပေါက်သောပြဿနာများဖြစ်သည်ဟုမဆိုနိုင်။


ဦးလှတင် နှင့် ဦးမြကြိုင်၊ 1972 BLR 66( Digest တွင် 1967 BLR 66 ဟုဖော်ပြထားသည်)(ဤစီရင်ထုံးသည် 1967 BLR 435 ကိုပယ်ဖျက်သည်)

—————————————————-

တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇တွင်အကျုံးဝင်သောအမိန့်အရပ်ရပ်သည်ဒီကရီမဟုတ်။သို့ဖြစ်ရာအမိန့်၂၁၊နည်း၉၀အရအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးဝင်သော်လည်းအမိန့်အဖြစ်အယူခံဝင်ခွင့်ရှိသည်ဖြစ်၍ဒီကရီမဟုတ်ချေ။


မောင်ရွှေမြတ် နှင့် မောင်ရွှေဘန်း၊ 1914-16, U.B.R. 139

—————————————————————


အမိန့်၂၀၊နည်း၁၀(၂)အရဒီကရီကျငွေကိုအရစ်ကျပေးစေသောအမိန့်သည်ပုဒ်မ၂(၂)/၄၇အရဒီကရီဖြစ်သည်။


ဦးဘသွင် နှင့် ဦးဘသာ၊ 1959 BLR ( H C ) 311

————————————-


အယူခံဝင်ခွင့်မရှိသောအမိန့်များ


မူလတရားရုံးကအမှုကိုစီရင်ပိုင်ခွင့်အာဏာရှိကြောင်းချမှတ်သည့်အမိန့်ကိုအယူခံဝင်ခွင့်မရှိ။


ဆူးဘန်း နှင့် ခါလီးလ်၊ 1959 BLR ( H C ) 306


အေ၊ဂျီ၊မဒါရီ နှင့် အာမစ္စာ၊ 9 B.L.T. 119

—————————————————


အမှုတွင်တရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းပေးရန်လျှောက်ထားသည့်လျှောက်လွှာကိုပလပ်လိုက်သောအမိန့်ကိုအယူခံဝင်ခွင့်မရှိ။


ဒေါ်တင်ကြည် နှင့် ဦးစန်းမြင့်၊ 1990 BLR 34 ( F B )

————————————————


ကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရချမှတ်သောအမိန့်သည်ဒီကရီမဟုတ်။


အမန်နီအမ်မားလ် နှင့် ဦးချစ်စိန်၊ 1963 BLR 6

——————————————————


သို့သော်ပုဒ်မ၁၅၁အရအာဏာများကိုသုံးစွဲပြီးအမိန့်ချမှတ်လျှင်ပုဒ်မ၂(၂)အရဒီကရီချမှတ်သည်ဟုယူဆရမည်။


ဦးကျော်ဝင်း နှင့် ဒေါ်သောင်း၊ 1962 BLR ( C C ) 529

—————————————————-


တရားရုံးကမူလဘူတအာဏာအရရောင်းချခြင်းကိုအလျောက်ဘာသာပယ်ဖျက်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရချမှတ်သောအမိန့်ဖြစ်၍အယူခံဝင်ခွင့်မရှိ။


ဒေါ်ယုံ နှင့် ဦးစန်ထွန်း၊ 1964 BLR 334

————————————————————-


နိုင်ငံတော်ကောင်စီကတရားရုံးတရုံး၏ဒီကရီကိုပယ်ဖျက်လိုက်ခြင်းကြောင့်ပိုနေမြဲ၊ကျားနေမြဲပြန်ထားရန်ချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရချမှတ်သောအမိန့်ဖြစ်၍အယူခံဝင်ခွင့်မရှိ။


ဒေါ်အံ့ နှင့် ဒေါ်မြကြွယ်၊ 1988 BLR 48(50)

——————————————


အမှုကိုပြန်လည်စစ်ဆေးစေသောအမိန့်များ


အမှုကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရပြန်လည်စစ်ဆေးစေသောအမိန့်သည်ဒီကရီမဟုတ်၍အယူခံဝင်ခွင့်မရှိ။


A.I.R. 1980 Orissa 177

——————————————————————-


ဇာရီမှုတွင်ချမှတ်သောအမိန့်များ


သတိချပ်ရန်မှာဇာရီမှုတွင်ချမှတ်သောအမိန့်တိုင်းသည်ဒီကရီမဟုတ်။ဒီကရီအတည်ပြုခြင်းနှင့်စပ်လျဉ်း၍မူလအမှုမှအမှုသည်များအကြားပေါ်ပေါက်သည့်ပြဿနာကိုအပြီးအပြတ်ဆုံးဖြတ်သည့်အမိန့်များသာလျှင်ဒီကရီများဖြစ်သည်။


မဧငြိမ်း နှင့် မမကြီး၊ A.I.R. 1935 Ran. 500.

—————————————————


ဒီကရီအတည်ပြုရာ၌အရေးပါသောအကြောင်းအရာနှင့်စပ်လျဉ်းသည့်အမှုသည်များ၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်သောအမိန့်သာလျှင်ဒီကရီဖြစ်သည်။


မလှရီ နှင့် မသန်းစိန်၊ 1953 BLR ( S C ) 55

——————————————-


အောက်ပါအမိန့်များကိုအယူခံဝင်နိုင်သည်-


ဒီကရီကိုအတည်မပြုသင့်ကြောင်းကန့်ကွက်ချက်အပေါ်ချမှတ်သောအမိန့်


ပီ၊ချင်းနီးယား နှင့် အေ၊စီ၊ဒေး၊ 1954 BLR ( H C ) 9

——————————————————


တရားနိုင်ကပ်ထားသောဝရမ်းကိုခွါပေးရန်တရားရှုံးကလျှောက်ထားရာတွင်ချမှတ်သောအမိန့်။


မမေမြင့် နှင့် ဦးဘမောင်၊ 1959 BLR ( H C ) 33

————————————-


တရားနိုင်၏တရားဝင်ကိုယ်စားလှယ်ကဒီကရီကိုအတည်ပြုပေးရန်လျှောက်ထားချက်ကိုခွင့်ပြုသောအမိန့်။


ဦးခင် နှင့် အမ်၊အက်စ်၊အေ၊အလာဂပ္ပချစ်တီးရား၊ 1949 BLR ( H C ) 36

———————————————


ဒီကရီကျငွေကိုအရစ်ကျပေးဆောင်ခွင့်ပြုသောအမိန့်။


ဦးဘသွင် နှင့် ဦးဘသာ၊ 1959 BLR ( H C ) 311

————————————————————


ဒီကရီကိုအတည်ပြုရန်ငြင်းပယ်သောအမိန့်။


မမဲ နှင့် မောင်အောင်မင်း၊ 1914-16, UBR 119

———————————————-


ဇာရီမှုကိုရက်အကန့်အသတ်မရှိဆိုင်းငံ့သောအမိန့်။


မောင်သာဆိုင် နှင့် မအိမ်သာ၊ 1957 BLR ( H C ) 16

—————————————————————


အောက်ပါအမိန့်များကိုအယူခံဝင်ခွင့်မရှိ-


တရားနိုင်အားလေလံဆွဲဝယ်ခွင့်ငြင်းပယ်သောအမိန့်။


သာညှင်း နှင့် နှင်းအိ၊ 6 L.B.R. 26 ( P C )

————————————————-


ဝရမ်းကပ်သောပစ္စည်းကိုအပေါင်ခံထားသူကဝရမ်းခွါပေးရန်တင်သွင်းသည့်လျှောက်လွှာကိုပလပ်သောအမိန့်။


မောင်သာဦး နှင့် မောင်လှ၊ 1914-16, UBR 133

—————————————-


အမိန့်၂၁၊နည်း၆၆(၄)အရချမှတ်သောအမိန့်။


အင်၊စီ၊ချက်တာဂျီ နှင့် အာ၊အမ်၊ကေ၊ကာပန်ချစ်တီး၊ 8 L.B.R. 350

———————————-


ဒီကရီကျငွေကိုအရစ်ကျပေးစေရန်ဒီကရီတွင်ထိုသို့အရစ်ကျပေးကြောင်းအမိန့်ချမှတ်ခြင်းမပြု၊တင်သွင်းသည့်လျှောက်လွှာကိုငြင်းပယ်သည့်အမိန့်ကိုအယူခံဝင်ခွင့်မရှိဟု 7 L.B.R. 70 မဟာမက်အီဘရာဟင် နှင့် အေဆူဘီးယားပန်ဒရမ် စီရင်ထုံးတွင်ပြဆိုသော်လည်း၊၁၉၅၉၊မတစ(တရားလွှတ်တော်)၃၁၁အမှုတွင်မူထိုအမိိန့်ကိုအယူခံနိုင်သည်ဟုထုံးဖွဲ့သည်။

——————————————


ဇာရီမှုကိုအမိန့်၂၁၊နည်း၂၉အရဆိုင်းငံ့ပေးရန်တင်သွင်းသည့်လျှောက်လွှာကိုငြင်းပယ်သောအမိန့်။


ကေ၊အမ်၊စီ၊တီချီဒမ်ဘရမ်ချစ်တီးယား နှင့် အမ်၊အက်(စ်)၊အမ်၊ဆိုမာဆွန်ဒရမ်

ချစ်တီးယား၊ 1938 RLR 580

———————————————————————-


တရားရုံးကမူလဘူတအာဏာအရလေလံတင်ရောင်းချခြင်းကိုအလျောက်ဘာသာပယ်ဖျက်သောအမိန့်။


ဒေါ်ယုံ နှင့် ဦးစံထွန်း၊ 1964 BLR 334

——————————————-


အမိန့်၂၁၊နည်း၉၇အရချမှတ်သောအမိန့်။


ဒေါ်ဆင့် နှင့် ဦးမောင်မြရှိန်၊ 1958 BLR ( H C ) 252

—————————————————-


ဇာရီမှုကိုဆိုင်းငံ့သည့်အမိန့်။


မိုဟာမက်ရှာဘန်း နှင့် ဒေါ်အမာဂျန်၊ 1964 BLR ( H C ) 345

——————————————


တရားနိုင်အား၎င်းလေလံဆွဲဝယ်သောပစ္စည်းကိုအမိိန့်၂၁၊နည်း၉၅အရလက်ရောက်ပေးအပ်စေရန်ချမှတ်သောအမိန့်။


အာ၊ကေ၊ဒတ်(စ်) နှင့် ကေ၊အင်၊အာ၊အမ်၊အင်၊အာ၊နဂပ္ပချစ်တီးယား၊ 1950 BLR ( H C ) 19

—————————————


ပုဒ်မ၄၇၏အတိုင်းအတာ


ဒီကရီကိုအတည်ပြုခြင်း၊ဒီကရီအရပေးဆပ်ခြင်း၊ဒီကရီကိုကျေအေးပြေငြိမ်းခြင်းနှင့်စပ်လျဉ်း၍ဒီကရီချမှတ်ခဲ့သည့်အမှုမှအမှုသည်များအချင်းချင်းတွင်ပေါ်ပေါက်လာသောအငြင်းပွါးမှုများကိုဒီကရီအတည်ပြုသည့်တရားရုံးကအဆုံးအဖြတ်ပေးရမည်။ဤပြဿနာများကိုသီးခြားတရားတထုံးစွဲဆို၍အဆုံးအဖြတ်ခံယူခြင်းမပြုရ။အကုန်အကျမများစေဘဲသွက်သွက်လက်လက်ဆုံးဖြတ်ဖြေရှင်းနိုင်ရန်လည်းကောင်း၊အမှုပွါးများခြင်းကိုပိတ်ပင်တားဆီးနိုင်ရန်လည်းကောင်း၊အဆိုပါပြဿနာများကိုဇာရီမှုများမှာပင်အဆုံးအဖြတ်ခံယူရန်ပြဌာန်းထားခြင်းဖြစ်သည်။


19 Cal. 683 ( P C )

——————————————————-


သို့သော်ဒီကရီကိုအတည်ပြုခြင်း၊ဒီကရီအရပေးဆပ်ခြင်း၊ဒီကရီကိုကျေအေးပြေငြိမ်းခြင်းနှင့်ပတ်သက်ခြင်ူမရှိသည့်ပြဿနာတရပ်ရပ်ပေါ်ပေါက်လာလျှင်မူတရားတထုံးထပ်မံစွဲဆိုဖို့လိုသည်။


ပုဒ်မ၄၇(၁)

——————————————


ပုဒ်မ၄၇တွင်အကျုံးဝင်သောကိစ္စများ


ဒီကရီပြေငြိမ်းကျေအေးပြီး၊မပြီး


အက်(စ်)အက်(စ်)ဗွီရာမချန်ဒရန် နှင့် ကေ၊ပီ၊အေ၊အင်၊အက်(စ်)နာရရန်နန်ချစ်တီးယား၊ 1967 BLR 317

————————-


သေသူတရားရှုံး၏ကိုယ်စားလှယ်အဖြစ်ဇာရီမှုတွင်ပါဝင်ရသူတဦးသည်ဝရမ်းကပ်သောပစ္စည်းမှာမိမိပိုင်ပစ္စည်းဖြစ်သည်ဟုကန့်ကွက်လာလျှင်ကန့်ကွက်ချက်ကိုဇာရီမှုတွင်အဆုံးအဖြတ်ပေးရမည်။


ဗွီတီအရွန်နာချယ်လမ်ချစ်တီး နှင့် မောင်စံငွေ၊ 2 Ran. 168

————————————


ဒီကရီကိုဇာရီမှုပြုနိုင်သည်သို့မဟုတ်မပြုနိုင်ဟုတနည်းနည်းဖြင့်အဆုံးအဖြတ်ပြုသည့်ဆုံးဖြတ်ချက်သည်ပုဒ်မ၄၇အရချမှတ်သောအမိန့်ဖြစ်သည်။


ဒေါ်ပန်းတင် နှင့် ဦးအောင်တင်၊ 1999 BLR 135

—————————-


အပြီးသတ်ဒီကရီကိုအတည်ပြုရာတွင်ပေါ်ပေါက်လာသောပြဿနာနှင့်ပတ်သက်၍ချမှတ်သောအမိန့်သည်ပုဒ်မ၂(၂)/၄၇အရဒီကရီဖြစ်သည်။


ဦးဆင် နှင့် ဒေါ်ရင်ရွှေ၊ 1981 BLR 45

————————


ပုဒ်မ၄၇တွင်အကျုံးမဝင်သောပြဿနာများ


တရားရှုံးအပေါ်၎င်း၏ပစ္စည်းကိုလေလံဆွဲဝယ်သည့်တရားနိုင်၏အခွင့်အရေးသည်ပုဒ်မ၄၇တွင်အကျုံးမဝင်။


လေလံတင်ရောင်းချသောပစ္စည်းကိုလက်ရောက်ပေးအပ်ရန်ကိစ္စသည်ဒီကရီကိုအတည်ပြုခြင်း၊ဒီကရီအရပေးဆပ်ခြင်း၊ဒီကရီကိုကျေအေးပြေငြိမ်းခြင်းနှင့်ပတ်သက်ခြင်းမရှိ။


အမိန့်၂၁၊နည်း၉၅အရလျှောက်ထားရာတွင်ပစ္စည်းလက်ရောက်မရလျှင်ရရန်

အတွက်သီးခြားတရားမမှုစွဲဆိုနိုင်သည်။


ဂျေ၊အေ၊မာတင် နှင့် အက်စ်၊အမ်၊ဟာရှင်၊ 8 Ran. 162


အာ၊ကေ၊ဒတ်စ် နှင့် ကေ၊အင်၊အာ၊အမ်၊အင်၊အာနဂပ္ပချစ်တီးယား၊ 1950 BLR ( H C )19.

—————————————


ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။


အေ၊အမ်၊စီ၊ဘီချီဒမ်ဘာရန် နှင့် အာ၊အမ်၊အက်(စ်)၊အမ်၊ဆိုမာဆွန်ဒရမ်ချစ်တီးယား၊ 1938 RLR 580.

——————————————————


ဇာရီမှုကိုဆိုင်းငံ့သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။


မထွန်း နှင့် မအညို၊ 1959 BLR ( H C ) 257.

—————————————


အကျုံးဝင်၊မဝင်ကိစ္စကိုအမှုတမှုစီတွင်ပေါ်ပေါက်သောအကြောင်းခြင်းရာနှင့်ပတ်ဝန်းကျင်အကြောင်းအချက်များအရဆုံးဖြတ်ရမည်။


ဇာရီမှုကိုရက်အကန့်အသတ်မရှိဆိုင်းငံ့ခြင်းကိုအယူခံနိုင်သည်။


မောင်သာဆိုင် နှင့် မအိမ်သာ၊ 1957 BLR ( H C ) 16.

—————————


အမိန့်များကိုအယူခံဝင်ခြင်း


အယူခံနိုင်သောအမိန့်များ


ပုဒ်မ၁၀၄။(၁)အောက်ပါအမိန့်များကိုအယူခံဝင်ခွင့်ရှိပြီးဤဥပဒေ၏ပင်ရင်းပြဌာန်းချက်တွင်ဖြစ်စေ၊တည်ဆဲအခြားဥပဒေတရပ်ရပ်တွင်ဖြစ်စေအတိအလင်းအခြားနည်းပြဌန်းထားသည်မှတပါးမည်သည့်အခြားအမိန့်များကိုမျှအယူခံဝင်ခွင့်မရှိစေရ။


xxxxxxxxxxxxxxxxxx


အယူခံဝင်ခွင့်ရှိသောအမိန့်များ


ဤပုဒ်မတွင်ပုဒ်မခွဲ(စစ)၊(ဆ)နှင့်(ဇ)တို့၌အယူခံဝင်ခွင့်ရှိသောအမိန့်များကိုဖော်ပြထားသည်။


အမိန့်၄၃၊နည်း၁တွင်လည်းပုဒ်မ၁၀၄အရအယူခံဝင်ခွင့်ရှိသောအမိန့်များကိုဖော်ပြထားသည်။


အမိန့်တရပ်သည်ပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်လျှင်ဖြစ်စေ၊ပုဒ်မ၁၀၄(၁)တွင်ဖော်ပြထားသောအမိန့်တရပ်မဟုတ်လျှင်ဖြစ်စေ၊အမိန့်၄၃၊နည်း၁တွင်အကျုံးမဝင်လျှင်ဖြစ်စေအယူခံဝင်ခွင့်မရှိ။


ဆုံးဖြတ်ချက်များကိုဒီကရီနှင့်အယူခံဝင်ခွင့်ရှိသောအမိန့်များအဖြစ်ခွဲခြားသတ်မှတ်ထားရခြင်းမှာအယူခံဝင်ခွင့်ကိုကန့်သတ်လို၍ဖြစ်သည်။


ခရိုင်တရားရုံးကချမှတ်သောဒီကရီ(ပြင်ဆင်မှုတွင်ချမှတ်သောဒီကရီမှတပါး)ကိုပြည်နယ်၊တိုင်းတရားရုံးတွင်တကြိမ်၊တရားရုံးချုပ်တွင်တကြိမ်၊ပေါင်းနှစ်ကြိမ်အယူခံဝင်ခွင့်ပေးထားသော်လည်း၊အယူခံဝင်ခွင့်ရှိသောအမိန့်ကိုမူတကြိမ်သာအယူခံဝင်ခွင့်ရှိသည်။


————————————-

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]