2012 BLR 127 ( 137 ) [ ဒေါ်အေးအေး နှင့် ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင် ]စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2012 BLR 127 ( 137 ) [ ဒေါ်အေးအေး နှင့် ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင် ]


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

——————————-


ရှေ့နေရှေ့ရပ်အများစုသည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့တရားမအယူခံတင်သွင်းရာတွင်၊ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၂ ကိုသာရေးသားပြီး၊တရားမကျင့်ထုံးဥပဒေအရပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံဝင်ရာတွင်ကျင့်သုံးသော၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ ကိုကိုးကားရေးသားနိုင်ခြင်းမရှိကြောင်းတွေ့ရသည်။


အမှန်မှာပြည်ထောင်စုတရားစီရင်ရေးဥပဒေဟူသည်၊တရားရုံးများကိုထူထောင်ထားပုံနှင့်စပ်လျဉ်းပြီးပြဌာန်းထားခြင်းဖြစ်ကာ၊စီရင်ပိုင်ခွင့်များအတွက် Bare Act ဖြင့်အပ်နှင်းရသေးသည်။


တရားမကျင့်ထုံးဥပဒေတွင်၊တရားလွှတ်တော်ချုပ်[ Supreme Court ]သို့အယူခံတက်လျှင်လိုက်နာရမည့်သီးခြားပြဌာန်းချက်ရှိသည်။


အဆိုပါပြဌာန်းချက်သည် ၁၉၆၂ ခုနှစ်တရားရုံးချုပ်ကိုတည်ထောင်လိုက်ချိန်မှစတင်ပြီး၊ယခုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုမတည်ထောင်မီ ၂၀၁၁ ခုနှစ်အထိ၊လေ့လာကျင့်သုံးမှုမရှိဘဲတိမ်မြုပ်၊လူသိနည်းနေခဲ့သည်။


စာရေးသူဘာသာပြန်ရေးသားထုတ်ဝေသော၊တရားမကျင့်ထုံးဥပဒေပထမတွဲ[ နောက်ပိုင်းတွင်ပထမတွဲနှင့်ဒုတိယတွဲကိုပေါင်း၍ထုတ်ဝေသည် ]တွင်အဆိုပါပြဌာန်းချက်ကိုဘာသာပြန်ထားသော်လည်း၊အသုံးနည်းသဖြင့်ဖတ်မှတ်လေ့လာသူမရှိသလောက်ဖြစ်နေဟန်တူပါသည်။


တရားလွှတ်တော်ချုပ်သို့အယူခံဝင်ရန်ပြဌာန်းထားသောပြဌာန်းချက်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ ဖြစ်ပြီး၊ပုဒ်မ ၁၀၉ တွင်ပုဒ်မခွဲ(က)၊(ခ)နှင့်(ဂ)ဟူ၍သုံးမျိုးပြဌာန်းထားသည်။


Appeal to the Supreme Court.


109. Subject to such rule as may , from time to time , be made by [ the Supreme Court ] regarding appeals from [ other Courts in the Union of Myanmar ] and to the provisions hereinafter contained , an appeal shall lie to [ the Supreme Court ]-


( a ) from any decree of final order passed on appeal by a High Court of the Region or a High Court of the State or any other Court of final appellate jurisdiction ;


( b ) from any decree or final order passed by a High Court of the Region or a High Court of the State in the exercise of original jurisdiction ; and


( c ) from any decree or order when the case , as hereinafter provided , is certified to be a fit one for appeal to [ the Supreme Court ]


တရားလွှတ်တော်ချုပ်သို့အယူခံဝင်ခြင်း


မည်သည့်အခါတရားလွှတ်တော်ချုပ်၌အယူခံဝင်နိုင်ခြင်း


၁၀၉။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိအခြားတရားရုံးများမှတရားလွှတ်တော်ချုပ်၌အယူခံဝင်ခြင်းနှင့်စပ်လျဉ်း၍တရားလွှတ်တော်ချုပ်ကအခါအားလျော်စွာပြဌာန်းထားသည့်နည်းဥပဒေများနှင့်လည်းကောင်း၊နောက်တွင်ဖော်ပြပါရှိမည့်ပြဌာန်းချက်များနှင့်လည်းကောင်းမဆန့်ကျင်စေဘဲအောက်ပါတို့နှင့်စပ်လျဉ်း၍တရားလွှတ်တော်ချုပ်တွင်အယူခံဝင်နိုင်သည်-


(က)တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်၊သို့မဟုတ်၊အပြီးသတ်အယူခံစီရင်ပိုင်ခွင့်အာဏာရှိသည့်အခြားတရားရုံးတရုံးရုံးကအယူခံတွင်ချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်


(ခ)တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်က၊တရားမမူလစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်


(ဂ)နောက်တွင်ပြဌာန်းပါရှိမည့်အတိုင်းအမှုတမှုသည်တရားလွှတ်တော်ချုပ်၌အယူခံဝင်ရန်သင့်တော်သောအမှုဖြစ်ကြောင်းထောက်ခံလျှင်ယင်းအမှုတွင်ချမှတ်သောဒီကရီတရပ်ရပ်သို့မဟုတ်အမိန့်


အထက်ပါပြဌာန်းချက်များအရတရားလွှတ်တော်ချုပ်သို့တရားလွှတ်တော်​၏ဒီကရီ၊အမိန့်များကိုတက်ရောက်သောအယူခံမှုများကို၊ပထမအယူခံ၊ဒုတိယအယူခံ၊အထွေထွေအယူခံစသည်ဖြင့်မဖော်ပြရဘဲ၊တရားမအယူခံဟုသာရေးသားဖော်ပြရမည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တင်သွင်းသောအယူခံတွင်[ တရားမပထမအယူခံ၊တရားမဒုတိယအယူခံ ]ဟူ၍မရှိနိုင်။


တရားမအယူခံသာရှိနိုင်သည်။


သာဓကအားဖြင့်ပုဒ်မ ၁၀၉ အရတင်သွင်းသောအယူခံမှုများသည် ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများတွင်မပါရှိသေး။


၁၉၄၉ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများ[ တရားလွှတ်တော်ချုပ် ]စာမျက်နှာ ၄၆၊၅၆၊၆၄၊၇၄၊၈၆၊၁၂၅၊၁၃၂ အစရှိသည်တို့မှာ၊တရားလွှတ်တော်ကအယူခံတွင်ချမှတ်သောဒီကရီများအပေါ်အယူခံဝင်ရောက်လာသောအမှုများဖြစ်သည်။

—————————


1949 BLR ( S C ) 46 


SUPREME COURT.


A.S.P.S.K.R. KARUPPAN CHETTYAR AND ONE (APPELLANTS)


                      V.


A. CHOKKALINGAM CHETTIAR (RESPONDENT).*


Civil Appeal No. 2 of 1948.


Before the Hon'ble Sir BA U, Chief Justice of the Union of Burma, MR. JUSTICE E MAUNG and MR. JUSTICE KYAW MYINT.


S.C. 1949 April 4.


အမှု၊စီရင်ထုံးစာမျက်နှာ ၄၉ တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ On appeal the learned Judges of the appellate Court observed: ]


[ The learned Judges then set aside the decree of the trial Court as against the appellants and decreed the suit as against them also, ]


ထို့အပြင်စီရင်ထုံးစာမျက်နှာ၅၀တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ We respectfully agree with the views thus expressed by the learned Judges of the appellate Court. ]


စီရင်ထုံးစာမျက်နှာ ၅၂ တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ In the present case, as pointed out by the learned Judges of the appellate Court, ]

————————


1949 BLR ( S C ) 56


SUPREME COURT.


V.E.R.M. KRISHNAN CHETTYAR (APPELLANT)


                       V.


M.M.K. SUBBIAH CHETTYAR (RESPONDENT).*:


Civil Appeal No. 5 of 1948.


Before the Hon'ble Sir BA U, Chief Justice of the Union of Burma, MR. JUSTICE E MAUNG and MR. JUSTICE KYAW MYINT.


S.C. 1949 April 4.


အမှု၊စီရင်ထုံးစာမျက်နှာ ၅၈ နှင့် ၅၉ တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ The appellant's objection was rejected by the District Court of Bassein, and his appeal against the order of the District Court of Bassein was dismissed by the High Court, and it is against  the judgment of the High Court that this appeal is preferred to this Court under section 6 of the Union Judiciary Act. ]

———————


1949 BLR ( S C ) 64


SUPREME COURT.


R.M.M.R.M. PERICHIAPPA CHETTYAR (APPELLANT)


                           V.


KO KYAW THAN (RESPONDENT).*


Civil Appeal No. 10 of 1948.


Before the Hon'ble Sir BA U, Chief Justice of the Union of Burma, MR. JUSTICE E MAUNG and MR. JUSTICE KYAW MYINT.


S.C. 1949 April 4.


အမှု၊စီရင်ထုံးစာမျက်နှာ ၆၆ တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ The trial Court , as also the High Court on appeal from the trial Court , rejected the appellant's claim and the appellant has preferred this appeal.


Both in the trial Court and in the High Court, as also before us, ]


စီရင်ထုံးစာမျက်နှာ ၇၃ တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ In other words, the prohibition was never intended to operate in circumstances  relevant to the decision of this appeal.


It cannot, therefore, be said that the concurrent findings of facts of the two lower Courts are open to reconsideration by us. ]

—————————


အလားတူသာဓကများကို ၁၉၄၉ ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများ၏အောက်ဖော်ပြပါအမှုများတွင်လည်းတွေ့ရှိနိုင်သည်။


1949 BLR ( S C ) 74


SUPREME COURT.


MA THIN (APPELLANT)


                  V.


MAUNG SEI TIN (RESPONDENT).*


Civil Appeal No. 11 of 1948.


Present : Sir BA U, Chief Justice of the Union of Burma, MR. JUSTICE E MAUNG and MR. JUSTICE KYAW MYINT.


S.C. 1949 Feb. 10.

———————-


1949 BLR ( S C ) 86


SUPREME COURT.


TAI CHUAN & CO. (APPELLANTS)


                        V.


CHAN SENG CHEONG (RESPONDENT).*


Civil Appeal No. 8 of 1948.


Present : Sir BA U, Chief Justice of the Union of Burma, MR. JUSTICE KYAW MYINT and MR. JUSTICE SAN MAUNG.


S.C. 1949 June 15.

————————-


1949 BLR ( S C ) 125


SUPREME COURT.


SYED ALLY AND ONE (APPELLANTS)


                      V.


CASSIM MOHAMED SURETY (a) U MAUNG MAUNG (RESPONDENT).*


Civil Appeal No. 7 of 1948.


Present : Sir BA U, Chief Justice of the Union of Burma, MR. JUSTICE KYAW MYINT and U TUN BYU, J.


S.C. 1949 June 20.

——————————


1949 BLR ( S C ) 132


SUPREME COURT.


PEERBHAI VEERJEE (APPELLANT)


                       V.


DR. A. K. BHATTACHARJEE (RESPONDENT).*


Civil Appeal No. 1 of 1948.


Present : Sir BA U, Chief Justice of the Union of Burma, MR. JUSTICE KYAW MYINT and U TUN BYU, J.


S.C. 1949 July 4.

————————


ထို့အပြင် ၁၉၅၀ ပြည့်နှစ်စီရင်ထုံးများတွင်လည်းအလားတူဖော်ပြထားသည်။


သာဓကအားဖြင့် ၁၉၅၁ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ[ တရားလွှတ်တော်ချုပ် ]စာမျက်နှာ ၆၃ တွင်၊တရားလွှတ်တော်က ၁၉၄၉ ခုနှစ်၊တရားမအယူခံမှုအမှတ် ၁ တွင်ချမှတ်သော၊ ၁၉၄၉ ခုနှစ်၊ဩဂုတ်လ ၂၅ ရက်စွဲပါစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသော၊ ၁၉၅၀ ပြည့်နှစ်၊တရားမအယူခံမှုအမှတ် ၄ ဟုဖော်ပြထားသည်။


1951 BLR ( S C ) 63


SUPREME COURT 


DAW HLA MAY ( APPELLANT )


        V.


U KO YIN ( RESPONDENT )


Civil Appeal No 4 of 1950 being appeal against the decree and judgment of the High Court in Civil 1st Appeal No. 1/49, dated the 25th August 1949. 


Present : Sir Ba U, Chief Justice of ths Union of Burma, Mr. Justice E Maung and U Thaung Sein, J. 


နောက်ပိုင်းစီရင်ထုံးများတွင်လည်းအလားတူဖော်ပြထားသည်ကိုလေ့လာတွေ့ရှိနိုင်သည်။

———————————-


တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) အရအယူခံမှုနှစ်မျိုးနှစ်စားရှိသည်။


ပထမအမျိုးအစားမှာ၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသောအယူခံမှုဖြစ်သည်။


ဒုတိယအမျိုးအစားမှာ၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်သောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသောအယူခံမှုဖြစ်သည်။


အဆိုပါအယူခံမှုနှစ်မျိုးနှစ်စားတွင်၊အယူခံအကြောင်းပြချက်၊အယူခံဝင်ခွင့်ရသောဥပဒေအချက်အလက်များမတူညီပါ။


ပထမအမျိုးအစားဖြစ်သော၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောစီရင်ချက်နှင့်ဒီကရီအား၊တရားလွှတ်တော်ချုပ်[  Supreme Court  ]သို့အယူခံဝင်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ တတိယအပိုဒ်တွင်ပြဌာန်းထားသော[ Substantial question of law ][ အရေးယူလောက်သောဥပဒေပြဿနာ ]ကိုသာအယူခံဝင်ခွင့်ရှိသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) တွင်၊အပြီးသတ်အမိန့်[ final order ]ဟူသောစကားလုံးကိုသုံးနှုန်းထားသည်။


အပြီးသတ်အမိန့်ဟူသောစကားရပ်နှင့်ပတ်သက်၍-


တရားလွှတ်တော်[  High Court  ]ကခရိုင်တရားရုံး​၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီး၊တရားမကျင့်ထုံးဥပဒေအမိန့် ၄၁၊နည်း၂၃ အရပြန်လည်စစ်ဆေးစေရန်[  Remand ]ပြုလုပ်သောအမိန့်သည်၊ပုဒ်မ ၁၀၉(က) ပါအပြီးသတ်အမိန့်မဟုတ်ဟု၊အဗ္ဗဒူရာမံ နှင့် ဒီ၊ကေ၊ကာဆင်နှင့်သားများ၊ 11 Ran ( P C ) 58 [ Present : Lord Tomlin, Lord Thankerton, Lord Wright, Sir George Lowndes and Sir Dinshan Mulla. ]အမှုတွင်စီရင်ထုံးဖွဲ့ခဲ့သည်။


အဆိုပါစီရင်ထုံးအားမြန်မာနိုင်ငံတရားစီရင်ထုံးအချို့တွင်အစဉ်တစိုက်လိုက်နာခဲ့သော်လည်း၊ဒေါ်မြရင်ပါ၅ နှင့် ဒေါ်စော၊ 1970 BLR ( F B ) 232 အမှုတွင်၊ထိုစဉ်ကအတည်ဖြစ်သော ၁၉၄၈ ခုနှစ်၊ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ လာ[ တရားမမှု၊ရာဇဝတ်မှုသို့တည်းမဟုတ်အခြားအမှုတွင်တရားရုံးတရပ်ရပ်(တရားရုံးချုပ်တရားသူကြီးတဦးဖြင့်ဖြစ်စေ၊နှစ်ဦးဖြင့်ဖြစ်စေဖွဲ့စည်းထားသောတရားရုံးအပါအဝင်)ကချမှတ်သောစီရင်ချက်ကိုသို့တည်းမဟုတ်အပြီးအသတ်အမိန့်ကိုအယူခံဝင်ရန်တရားရုံးချုပ်သည်မိမိသဘောအတိုင်းအခွင့်ထူးပေးနိုင်သည် ]ဟူသောပြဌာန်းချက်အရအဓိပ္ပာယ်ဖွင့်ဆိုကောက်ယူခဲ့ပြီး၊အဗ္ဗဒူရာမံအမှုကိုလိုက်နာသောအမှုများပါ[ အပြီးသတ်အမိန့် ]ဟူသောစကားရပ်​၏အဓိပ္ပာယ်ဖွင့်ဆိုချက်အားပယ်ဖျက်ခဲ့ဖူးသည်။


အမှန်အားဖြင့်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) ပါပြဌာန်းချက်များနှင့်

ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ ပါပြဌာန်းချက်များကိုယှဉ်တွဲဖတ်ရှုလေ့လာပါက၊ပြဌာန်းချက်နှစ်ရပ်သည်ကွဲပြားကြောင်းထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။


သို့ဖြစ်၍၊1970 BLR ( F B ) 232 စီရင်ထုံးသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) အရတင်သွင်းသောအယူခံမှုနှင့်သက်ဆိုင်ရန်အကြောင်းမရှိ။


11 Ran ( P C ) 58 စီရင်ထုံးသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) အရတင်သွင်းသောအယူခံမှုနှင့်သက်ဆိုင်မြဲသက်ဆိုင်မည်ဖြစ်ကြောင်းမှတ်သားရန်ဖြစ်သည်။

—————————


တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) နှင့်သက်ဆိုင်သော၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏အဆုံးအဖြတ်ကိုအတည်ပြုသောအဆုံးအဖြတ်များအပေါ်တရားလွှတ်တော်ချုပ်[ Supreme Court  ]သို့တင်သွင်းသောအယူခံမှုသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ တတိယအပိုဒ်လာအရေးယူလောက်သောဥပဒေပြဿနာ[ Substantial question of law ]တွင်သက်ဝင်ရမည်။


စစ်ကြိုခေတ် High Court ကစီရင်ဆုံးဖြတ်ထုံးပြုခဲ့သော-


အမ်စီပတေးပါ၂  နှင့် အိပ်ချ်ဂျီအာရစ်ပါအများ၊ 


13 Ran 744 


Before Sir Arthur Page, Kt., Chief Justice and Mr. Justice Ba U. 


အမှုတွင်၊ပုဒ်မ၁၁၀ပါအရေးယူလောက်သောဥပဒေပြဿနာကို-


[ a question of law fairly open to argument , and not merely an alleged question of law , is involved in the appeal  ]


[ အတော်အတန်အချေအတင်ပြောရန်လမ်းပွင့်လျက်ရှိသောဥပဒေပြဿနာ

ဖြစ်သည်။


အယူခံတွင်ဥပဒေပြဿနာသက်ဝင်သည်ဟုဆိုရန်သက်သက်မဟုတ် ]


ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။


အဆိုပါစီရင်ထုံးအား၊မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်သောတရားလွှတ်တော်က-


ဟာဂျီအယ်(လ်)၊အေ၊အမ်၊နကူးယားမီရာရားနှင့်သားများ 


                                   နှင့် 


ဘီဟာရီးလား(လ်)ချွတ်မား(လ်)၊ 


1950 BLR ( H C ) 61 


အမှုတွင်၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်၊တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးက၊အမ်စီပတေးစီရင်ထုံးပါထုံးဖွဲ့ချက်ကိုလိုက်နာပြီး-


[ However the question of law involved must be fairly open to argument.


Where the principles of law are well settled their application to perticular set of facts is not substantial question of law ]


[ အမှုသည်အချင်းချင်းအကြားအငြင်းပွားသောဥပဒေပြဿနာဖြစ်ပါက၊ယေဘုယျအားဖြင့်အရေးမကြီးစေကာမူ၊အရေးယူလောက်သောဥပဒေပြဿနာဖြစ်သည်။


သို့ရာတွင်သက်ဝင်သောဥပဒေပြဿနာမှာအတော်အတန်အချေအတင်ပြောစရာရှိသည့်ပြဿနာဖြစ်ရမည်။


ဥပဒေမူသဘောတရားများမှာတစုံတခုသောအကြောင်းခြင်းရာများနှင့်

ဆက်စပ်ကျင့်သုံးခြင်းသည်အရေးယူလောက်သောဥပဒေပြဿနာမဟုတ်။ ]


ဟုထုံးဖွဲ့လိုက်ရာ၊ယနေ့အထိဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိသေးပါ။


သို့ဖြစ်၍၊ခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောတရားလွှတ်တော်[  High Court  ]၏စီရင်ချက်နှင့်ဒီကရီကိုတရားလွှတ်တော်

ချုပ်[ Supreme Court  ]သို့တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) အရအယူခံဝင်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ တတိယအပိုဒ်ပါ၊အရေးယူလောက်သောဥပဒေပြဿနာအပေါ်သာအယူခံဝင်ခွင့်ရှိပါသည်။

————————-


ဒုတိယအမျိုးအစားဖြစ်သော၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်လိုက်သောဆုံးဖြတ်ချက်အား၊တရားလွှတ်တော်ချုပ်[ Supreme Court ]သို့အယူခံဝင်ရာတွင်မူ၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ တတိယအပိုဒ်ပါပြဌာန်းချက်နှင့်မသက်ဆိုင်ပါ။


1951 BLR ( S C ) 108 ( 132 )


SUPREME COURT.


DR. THA MYA (APPELLANT)


             V.


DAW KHIN PU (RESPONDENT),*


Civil Appeal No. 1 of 1950 against the decree of the High Court, Appellate Side in Civil 1st Appeal No. 76 of 1948.


Present: The Hon'ble SIr BA U, Chief Justice of the Union of Burma, MR. JUSTICE E MAUNG and U THAUNG SEIN, J.


S.C. 1951 Mar. 19.


အယူခံမှုသည်၊မူလတရားရုံး​၏အဆုံးအဖြတ်ကိုတရားလွှတ်တော်[ High Court  ]ကပယ်ဖျက်သောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသည့်အယူခံမှုဖြစ်သည်။


စီရင်ထုံးစာမျက်နှာ ၁၁၁ တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ The appellant's suit was decreed by the Court of first instance ; but the High Court on appeal by the respondent set aside the decree and dismissed the suit.


It is from this decree on appeal of the High Court that this appeal was laid in this Court. ]


စီရင်ထုံးစာမျက်နှာ ၁၁၃ တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


[ The trial Court accepted the appellant's claim that he must be deemed to have deserted the respondent as from the 27th April 1939, when the respondent found it necessary to resort to action at law to enforce her right to maintenance.


xxxxxxxxxxxxxxxxxxxxx , the trial Court, on these findings, declared the marriage dissolved as from the 27th April 1942.


In the event , a decree was granted to the appellant. ]


အဆိုပါအယူခံမှုအရ၊အရေးယူလောက်သောဥပဒေပြဿနာသက်ဝင်ကြောင်းအကြောင်းပြရန်လိုအပ်ခြင်းမရှိကြောင်းစီရင်ထုံးပါသုံးသပ်ဆုံးဖြတ်ချက်များအရပေါ်လွင်သည်။


သို့ဖြစ်၍၊တရားလွှတ်တော်ချုပ်ကဥပဒေပြဿနာများနှင့်အကြောင်းခြင်းရာများကိုဆုံးဖြတ်ထားခြင်းဖြစ်သည်။


ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊ 1949 BLR ( H C ) 283 ( F B )အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဒေါက်တာသာမြကမယားဖြစ်သူဒေါ်ခင်ပုအား(၃)နှစ်ကျော်စွန့်ပစ်ပြီးဖြစ်၍၊ဒေါ်ခင်ပုသည်မိမိ​၏မယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာပေးရန်နှင့်အခြားသက်သာခွင့်များရလိုကြောင်းတရားစွဲဆိုသည်။


အမှုစွဲဆိုစဉ်အခါက၊လင်ကမယားကိုဖြစ်စေ၊မယားကလင်ကိုဖြစ်စေ၊သတ်မှတ်ကာလကြာစွန့်ပစ်လျှင်လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲသွားသည်ဟုပြဆိုသော၊မညွန့် နှင့် မောင်စံသိန်း၊ရန်ကုန်အတွဲ၅၊စာ၅၃၇(စုံညီ)စီရင်ထုံးအပေါ်အခြေခံ၍၊ဒေါက်တာသာမြကမိမိသည်ဒေါ်ခင်ပုအား(၃)နှစ်ကျော်စွန့်ပစ်ခဲ့ခြင်းကြောင့်၊သို့မဟုတ်၊မယားကမိမိအားတနှစ်ကြာစွန့်ပစ်ခြင်းကြောင့်ဒေါ်ခင်ပုသည်မိမိ​၏မယားမဟုတ်တော့ဟုအကြောင်းပြစွဲဆိုခြင်းဖြစ်သည်။


တရားလွှတ်တော်[ High Court ]က၊မညွန့်စီရင်ထုံးကိုပယ်ဖျက်ပြီး၊ဒေါက်တာသာမြနှင့်ဒေါ်ခင်ပုတို့လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲခြင်းမရှိဟုဆုံးဖြတ်သဖြင့်၊တရားလိုဒေါက်တာသာမြအမှုရှုံးသည်။


တရားလွှတ်တော်[ High Court ]၏အဆုံးအဖြတ်ကို၊တရားလွှတ်တော်

ချုပ်[ Supreme Court ]က၊ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု၊ 1951 BLR ( S C )108အမှုတွင်အတည်ပြုရာ၌၊စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောမိမိ​၏ဆန္ဒကိုအတိအလင်းဖြစ်စေ၊ထိုဆန္ဒကိုညွှန်ပြသောအပြုအမူဖြင့်ဖြစ်စေ၊တုံ့ပြန်မှသာလင်ခန်းမယားခန်းပြတ်စဲသည်ဟုပြဆိုပြီး၊စီရင်ထုံးစာမျက်နှာ၁၃၂၌၊ဒေါ်ခင်ပုသည်ထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖြတ်လိုသည့်မိမိ​၏ဆန္ဒကိုနှုတ်ဖြင့်ဖြစ်စေ၊အပြုအမူဖြင့်ဖြစ်စေပြခဲ့ကြောင်းတရားလိုဒေါက်တာသာမြကအဆိုမပြု။


တဖက်တွင်၊ဒေါ်ခင်ပုကထိုနှောင်ကြိုးတည်မြဲတည်ရှိကြောင်းအခွင့်အရေးရတိုင်းအခိုင်အမာဖော်ထုတ်ခဲ့သည်။


[ It has not been pleaded by him that the respondent either by word or conduct evinced any desire to have the marriage bond dissolved.


On the contrary, the respondent has taken every opportunity to assert the subsistence of the bond. ]


ဟုအကြောင်းပြသည်။


ဒေါက်တာသာမြတရားစွဲဆိုသည့်နေ့တွင်၊ဒေါ်ခင်ပုသည်ဒေါက်တာသာမြ​၏မယားဖြစ်မြဲဖြစ်နေသေးခြင်းကြောင့်၊ဒေါက်တာသာမြတောင်းဆိုချက်ကိုအရှုံးပေးဆုံးဖြတ်သည်။


ဒေါက်တာသာမြစွဲဆိုသောအမှုတွင်၊ဒေါ်ခင်ပုသည်လင်မယားပြတ်စဲလိုသောဆန္ဒကိုဒေါက်တာသာမြတရားမစွဲဆိုမီတုံ့ပြန်ခဲ့ခြင်းမရှိ၍၊လင်မယားဖြစ်မြဲဖြစ်နေသည့်အလျောက်၊ဒေါက်တာသာမြစွဲဆိုသောအမှုရှုံးနိမ့်ရခြင်းဖြစ်သည်။


အကယ်၍သာစွန့်ပစ်ခံရပြီးအနည်းဆုံးသုံးနှစ်အကြာ၌၊ဒေါ်ခင်ပုသည်လင်ခန်းမယားခန်းပြတ်စဲလိုသောမိမိ​၏ဆန္ဒကိုထုတ်ဖော်ခဲ့သည့်အပြင်၊ဒေါက်တာသာမြကဒေါ်ခင်ပုအားထောက်ပံ့မှုလည်းမရှိခဲ့လျှင်၊ထိုသို့ထုတ်ဖော်သည်နှင့်တပြိုင်နက်လင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်၍၊ဒေါက်တာသာမြစွဲဆိုသောအမှုနိုင်ချေရှိသည်။


ဒေါက်တာသာမြအမှုတွင်ယခင်တရားလွှတ်တော်ချုပ်[ Supreme Court ]က၊လင်သည်မယားကိုစွန့်ပစ်ပြီးသုံးနှစ်တိုင်တိုင်ထောက်ပံ့မှုမပြုဘဲနေသည့်အပြုအမူက၊ထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖျက်သိမ်းလိုသည့်မိမိ​၏ဆန္ဒကိုထုတ်ဖော်ခြင်းဖြစ်၍၊ထိုဆန္ဒသက်သက်ဖြင့်လင်နှင့်မယားတို့​၏အပြန်အလှန်သဘောတူချက်အရပေါက်ဖွားသောထိုနှောင်ဖွဲ့မှုကိုတရားဝင်ဖျက်သိမ်းရန်လုံလောက်သည်မဟုတ်။


ထိုနှောင်ဖွဲ့မှုကိုတရားဝင်ဖျက်သိမ်းရန်အလို့ငှာ၊မယားဖြစ်သူကလည်းလင်ခန်းမယားခန်းပြတ်စဲလိုသောမိမိဆန္ဒဖြင့်တုံ့ပြန်ရန်လိုအပ်သည်ဟုပြဆိုထားရာ၊စွန့်ပစ်ခံရသူကထိုဆန္ဒကိုတနည်းနည်းဖြင့်ဖော်ထုတ်လိုက်ပါမှလင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်သည်။


ဒေါက်တာဦးဧမောင်က၎င်း​၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း[ ၁၉၇၀ ပြည့်နှစ်ထုတ် ]စာမျက်နှာ ၉၀ တွင်၊ဒေါက်တာသာမြစီရင်ထုံးကိုရည်ညွှန်းပြီးနောက်၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားပြတ်စဲခြင်းသည်အနှစ်သာရအားဖြင့်နှစ်ဦးသဘောတူကွာရှင်းခြင်းဖြစ်ကြောင်း-


[ Dissolution of marriage in these circumstances , was , in essence , one by mutual consent , the wife reciprocating the husband's desire to have the marriage dissolved and vice versa. ]


ဟုပြဆိုထားခြင်းသည်၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်အတွက်တရားစွဲဆိုရန်မလိုကြောင်းမြင်သာစေသည်။


သို့ဖြစ်၍၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) အရတင်သွင်းသောအယူခံမှုနှစ်မျိုးတွင်၊အယူခံတင်သွင်းရာ၌ဥပဒေပြဿနာမတူသည်ကိုအလေးအနက်ထားမှတ်သားစေလိုပါသည်။


ထို့အပြင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ အရအယူခံမှုများတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၀ နှင့်ပတ်သက်၍ထုံးဖွဲ့ထားသောစီရင်ထုံးများကိုကိုးကားတင်ပြမလျှောက်လဲရန်အထူးသတိချပ်စေလိုပါသည်။

————————-


2023 BLR 164 ( 173 )


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးမျိုးမောင်ရှေ့တွင်


ဒေါ်ပြုံးပြုံးထွေး


          နှင့်


ဦးကိုလေး(ခ)ဦးကျော်မြူးပါ၁၀(ကွယ်လွန်သူဦးကြိုင်၏တရားဝင်ကိုယ်စားလှယ်များ)


အမှုတွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


ဆုံးဖြတ်ချက်။   ။တရားလွှတ်တော်ကအယူခံတွင်ဆုံးဖြတ်ထားသောစီရင်ချက်နှင့်ဒီကရီကိုတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) တွင်လမ်းဖွင့်ပေးထားသော်လည်း၊တရားလွှတ်တော်ကခရိုင်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုထားသည့်ဆုံးဖြတ်ချက်မှပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်အယူခံဝင်ရောက်သည့်အယူခံမှုတွင်မူပုဒ်မ ၁၀၀(၁) အရတင်သွင်းသည့်ဒုတိယအယူခံမှုထက်ပို၍ကျဉ်းမြောင်းစွာဘောင်ခတ်ထားသည်ကိုသတိမူရန်လိုပါသည်။


အကြောင်းမူထိုအယူခံမှုမျိုးတွင်အရေးယူလောက်သောဥပဒေပြဿနာသက်ဝင်သည့်အယူခံအကြောင်းပြချက်မျိုးကိုသာတင်ပြခွင့်ရှိကြောင်းပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်တွင်ထပ်လောင်းဘောင်ခတ်ထားပြန်ပါသည်။


ထပ်မံဆုံးဖြတ်ချက်။    ။ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌တင်သွင်းသောအယူခံမှုသည်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) တွင်အကျုံးဝင်သောအယူခံမှုဖြစ်သည်။


ပုဒ်မ ၁၀၉(က) အရတင်သွင်းသောအယူခံမှုတွင်ပုဒ်မ ၁၁၀ တတိယစာပိုဒ်တွင်ပြဌာန်းချက်အရအရေးယူလောက်သောပြဿနာသက်ဝင်ရမည်ဟုပြဌာန်းထားသည်။


အမ်စီပတေးပါ၂ နှင့် အိပ်ဂျီအရစ်နှင့်အခြားသူများ၊ရန်ကုန်၊အတွဲ ၁၃၊စာ-၇၄၄ အမှုတွင်၊ပုဒ်မ ၁၁၀ ပါအရေးယူလောက်သောပြဿနာဆိုသည်မှာအတော်အတန်အချေအတင်ပြောရန်ရှိသည့်ဥပဒေပြဿနာကိုဆိုလိုသည်ဟုထုံးဖွဲ့ထားသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ ၁၇၁၊၁၇၂၊၁၇၃ တွင်အောက်ပါအတိုင်းသုံးသပ်သည်-


တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၀(၁) အရဒုတိယအယူခံမှုတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၀(၁)(ဃ) အရတင်သွင်းသောအယူခံမှုမှတပါးဥပဒေဆိုင်ရာအကြောင်းပြချက်များကိုသာတရားလွှတ်တော်ကစီရင်ဆုံးဖြတ်ခွင့်ရှိရာတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၀(၁)(ဃ) တွင်တရားလွှတ်တော်၏အယူခံအာဏာကိုကန့်သတ်ထားကြောင်းတွေ့မြင်နိုင်သည်။


တရားလွှတ်တော်ကအယူခံတွင်ဆုံးဖြတ်ထားသောစီရင်ချက်နှင့်ဒီကရီကိုတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) တွင်လမ်းဖွင့်ပေးထားသော်လည်း၊တရားလွှတ်တော်ကခရိုင်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုထားသည့်ဆုံးဖြတ်ချက်မှပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်အယူခံဝင်ရောက်သည့်အယူခံမှုတွင်မူပုဒ်မ ၁၀၀(၁) အရတင်သွင်းသည့်အယူခံမှုထက်ပို၍ကျဉ်းမြောင်းစွာဘောင်ခတ်ထားသည်ကိုသတိမူရန်လိုပါသည်။


အကြောင်းမူထိုအယူခံမှုမျိုးတွင်အရေးယူလောက်သောဥပဒေပြဿနာသက်ဝင်သည့်အယူခံအကြောင်းပြချက်မျိုးကိုသာတင်ပြခွင့်ရှိကြောင်းပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်တွင်ထပ်လောင်းဘောင်ခတ်ထားပြန်ပါသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ Where the decree or final order appealed from affirms the decision of the Court immediately below the Court passing such decree or final order, the appeal must involve some substantial question of Law. ]


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်ခရိုင်တရားရုံး၏အဆုံးအဖြတ်တွင်အရေးယူလောက်သောဥပဒေပြဿနာများကိုသာစစ်ဆေးစီရင်ပိုင်ခွင့်ရှိကြောင်းတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်တွင်ပြဌာန်းထားသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) အရတင်သွင်းသောတရားမအယူခံမှုတွင်စိစစ်ဆုံးဖြတ်ရမည့်ပြဿနာများမှာတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်တွင်အကျုံးဝင်သောဥပဒေပြဿနာများဟုတ်မဟုတ်ဖြစ်သည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌တင်သွင်းသောအယူခံမှုသည်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) တွင်အကျုံးဝင်သောအယူခံမှုဖြစ်သည်။


ပုဒ်မ ၁၀၉(က) အရတင်သွင်းသောအယူခံမှုတွင်ပုဒ်မ ၁၁၀ တတိယစာပိုဒ်တွင်ပြဌာန်းချက်အရအရေးယူလောက်သောပြဿနာသက်ဝင်ရမည်ဟုပြဌာန်းထားသည်။


အမ်စီပတေးပါ၂ နှင့် အိပ်ဂျီအရစ်နှင့်အခြားသူများ၊ရန်ကုန်၊အတွဲ ၁၃၊စာ-၇၄၄ အမှုတွင်ပုဒ်မ ၁၁၀ ပါအရေးယူလောက်သောပြဿနာဆိုသည်မှာအတော်အတန်အချေအတင်ပြောရန်ရှိသည့်ဥပဒေပြဿနာကိုဆိုလိုသည်ဟုထုံးဖွဲ့ထားသည်။


သို့ဖြစ်၍မန္တလေးခရိုင်တရားရုံး၏ဒီကရီကိုအတည်ပြုသည့်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ဒီကရီအပေါ်တင်သွင်းသည့်အယူခံမှုတွင်အရေးယူလောက်သောဥပဒေပြဿနာပေါ်ပေါက်ကြောင်းတင်ပြထားခြင်းမရှိဘဲပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံကိုခွင့်ပြုခဲ့ပါကတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်ပါပြဌာန်းချက်နှင့်ညီညွတ်မှုရှိမည်မဟုတ်ပေ။


ထို့ကြောင့်ဤတရားမအယူခံမှုကိုစရိတ်နှင့်တကွပလပ်လိုက်သည်။

————————————


2012 BLR 127 ( 137 )


တရားမဒုတိယအယူခံမှု


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးသာဌေးရှေ့တွင်


ဒေါ်အေးအေး 


            နှင့် 


ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင်


၂၀၁၁ ခုနှစ်၊တရားမဒုတိယအယူခံမှုအမှတ် ၂၂၄


၂၀၁၁ ခုနှစ်၊တရားမပထမအယူခံမှုအမှတ် ၈၂ တွင်ချမှတ်သည့် ၂၀၁၁ ခုနှစ်၊အောက်တိုဘာလ ၅ ရက်နေ့စွဲပါမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏စီရင်ချက်နှင့်ဒီကရီကိုအယူခံမှု။


၂၀၁၂ ခုနှစ် မေလ ၁၁ ရက်


အမှုတွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ဆုံးဖြတ်ချက်။      ။ xxxxxxxxxxxxxxxxxxxxxxxxx ။ဤအခြေအနေတွင်သက်သေခံ(က)နှင့်(၁၃)ဟန်ဆောင်စာချုပ်အရအယူခံတရားလိုလက်ခံရယူထားသည့်စရန်ငွေကျပ် ၁၉၄၇.၅ သိန်းကိုပြန်ပေးရန်တာဝန်ရှိသည်ဆိုသောမူလရုံးနှင့်ပထမအယူခံရုံးတို့၏ဆုံးဖြတ်ချက်သည်မှန်ကန်သည်ဟုမဆိုနိုင်ပေ။ ]


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ ၁၂၈ နှင့် ၁၂၉ တို့တွင်အောက်ပါအတိုင်းသုံးသပ်သည်-


[ မန္တလေးတိုင်းဒေသကြီးတရားရုံး၏ ၂၀၀၉ ခုနှစ်၊တရားမမှုကြီးအမှတ် ၁၉၀ တွင်ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင်ကဒေါ်အေးအေးအပေါ်ပဋိညာဉ်အတိုင်းကျန်ငွေကျပ် ၁၀၅၂.၅ သိန်းလက်ခံ၍မြေနှင့်အဆောက်အအုံကိုမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးလက်ရောက်ပေးအပ်စေရန်ထိုသို့မဖြစ်နိုင်ပါကတရားပြိုင်ရယူထားသောငွေကျပ် ၁၉၄၇.၅ သိန်းကိုရုံးတော်ကခွင့်ပြုသည့်အတိုးနှင့်ပြန်ပေးရန်လျှောက်ထားစွဲဆိုရာငွေကျပ် ၁၉၄၇.၅ သိန်းကိုစရိတ်နှင့်တကွပေးစေရန်ဒီကရီရရှိသည်။


ဒေါ်အေးအေးကမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ၂၀၁၁ ခုနှစ်၊တရားမပထမအယူခံမှုအမှတ် ၈၂ တွင်အယူခံသော်လည်းမအောင်မြင်၍ဤအမှုတင်သွင်းခဲ့သည်။ ]


မူလတိုင်းဒေသကြီးတရားရုံးကအဆိုအချေအရငြင်းချက် ၅ ချက်ထုတ်နုတ်စစ်ဆေးပြီးယင်းငွေများကိုတရားလိုဒေါ်နန်းလီထံပြန်ပေးသင့်ကြောင်းဖြေဆိုဆုံးဖြတ်သည်။


ပထမအယူခံရုံးဖြစ်သည့်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကလည်းတရားပြိုင်သည်မိမိရယူထားသောထိုငွေကိုတရားလိုထံပြန်ပေးဆပ်ရန်တာဝန်ရှိသည်ဟုဆိုကာမူလရုံး၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသည်။


အယူခံတရားလို၏ရှေ့နေကသက်သေခံ(က)နှင့်(၁၃)အရောင်းအဝယ်စာချုပ်မှာချေးငွေရင်းကျပ်သိန်း ၅၀၀ အပေါ်ပေးဆပ်ရန်ကျန်တိုးရင်းပေါင်းငွေကျပ် ၁၉၄၇.၅ သိန်းအတွက်ဟန်ဆောင်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း၊ပထမအယူခံရုံးသည်သက်သေခံအက်ဥပဒေပုဒ်မ ၉၂ ပြဌာန်းချက်၏ပထမပိုင်းကိုသာကွက်၍စဉ်းစားပြီးအမှု၌အမှန်ပေါ်ပေါက်နေသောနှုတ်သက်သေခံချက်နှင့်စာမှတ်စာတမ်းသက်သေခံချက်အပေါ်စိစစ်သုံးသပ်ရန်ပျက်ကွက်ခဲ့ကြောင်းစသည်ဖြင့်လျှောက်လဲတင်ပြသည်။


အယူခံတရားပြိုင်၏ရှေ့နေကအမှုကိုမူလတိုင်းဒေသကြီးတရားရုံးနှင့်ပထမအယူခံရုံးတို့ကသက်သေခံချက်အကြောင်းခြင်းရာနှင့်ပတ်သက်၍တသဘောတည်းကောက်ယူဆုံးဖြတ်ထားရှိပြီးဖြစ်၍ဒုတိယအယူခံရုံးအနေဖြင့်ဝင်ရောက်စွက်ဖက်ခွင့်မရှိပါကြောင်း၊ဤအယူခံကိုပလပ်ရမည်သာဖြစ်ကြောင်းစသည်ဖြင့်လျှောက်လဲတင်ပြသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ ၁၃၅ နှင့် ၁၃၆ တို့တွင်အောက်ပါအတိုင်းသုံးသပ်သည်-


[ ဤအခြေအနေတွင်သက်သေခံ(က)နှင့်(၁၃)ဟန်ဆောင်စာချုပ်အရအယူခံတရားလိုလက်ခံရယူထားသည့်စရန်ငွေကျပ် ၁၉၄၇.၅ သိန်းကိုပြန်ပေးရန်တာဝန်ရှိသည်ဆိုသောမူလရုံးနှင့်ပထမအယူခံရုံးတို့၏ဆုံးဖြတ်ချက်သည်မှန်ကန်သည်ဟုမဆိုနိုင်ပေ။


အကြောင်းခြင်းရာနှင့်ပတ်သက်၍ပထမအယူခံရုံးဆုံးဖြတ်ချက်ကိုသက်သေအထောက်အထားမရှိလျှင်ဖြစ်စေ၊ဥပဒေသဘောသက်ရောက်သည့်ချွတ်ချော်မှုရှိလျှင်ဖြစ်စေဒုတိယအယူခံရုံးကဝင်ရောက်စွက်ဖက်ခွင့်ရှိသည်။


ဦးပိန်ပါ ၂ နှင့် ဦးဘသစ်ပါ ၂ အမှု၊ ၁၉၆၆ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ ၁၂၉၈ တွင်ကြည့်ပါ။


ဤအမှုတွင်သက်သေခံ(က)နှင့်(၁၃)အိမ်နှင့်မြေအရောင်းအဝယ်စရန်ပေးကတိစာချုပ်အပေါ်ဟန်ဆောင်စာချုပ်ဟုတ်မဟုတ်နှင့်အချင်းဖြစ်စာချုပ်အရစရန်ငွေကျပ် ၁၉၄၇.၅ သိန်းကိုအယူခံတရားလိုအမှန်ရယူခဲ့သည့်ငွေများဟုတ်မဟုတ်မူလရုံးနှင့်ပထမအယူခံရုံးတို့ကစိစစ်ရာတွင်အထက်ဖော်ပြပါအတိုင်းအမှုတွင်ပေါ်လွင်ထင်ရှားသည့်သက်သေခံချက်များနှင့်အယူခံတရားပြိုင်ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင်ကိုယ်တိုင်ထွက်ဆိုဝန်ခံထားသည့်အချက်များသည်ဥပဒေကြောင်းအရမည်သို့အကျိုးသက်ရောက်မှုရှိသည်ကိုသုံးသပ်ရန်ပျက်ကွက်ခဲ့ခြင်းဖြစ်သဖြင့်ဒုတိယအယူခံရုံးအနေဖြင့်ဝင်ရောက်စွက်ဖက်ရမည်ဖြစ်သည်။ ]


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ ၁၃၇ တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ထို့ကြောင့်ဤအယူခံမှုကိုခွင့်ပြုသည်။


မူလမန္တလေးတိုင်းဒေသကြီးတရားရုံး၏စီရင်ချက်နှင့်ဒီကရီ၊ယင်းစီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏စီရင်ချက်နှင့်ဒီကရီတို့ကိုပယ်ဖျက်ပြီးဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင်စွဲဆိုသောအမှုကိုတရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွပလပ်လိုက်သည်။ ]


အထက်ဖော်ပြပါသုံးသပ်ချက်များနှင့်ဆုံးဖြတ်ချက်မှန်ကန်မှုရှိမရှိစာဖတ်သူဥပဒေပညာရှင်များအကြောင်းအကျိုးဆက်စပ်စဉ်းစားသည့်ဥာဏ်ဖြင့်တွေးတောဆင်ခြင်ကြည့်ပါ။


အထက်ဖော်ပြပါအမှု၌နှစ်ဖက်သောရှေ့နေများကပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့တက်ရောက်သောအမှုသည်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က) နှင့်သက်ဆိုင်ကြောင်းမျက်ချေပြတ်ခဲ့ကြပြီး၊တရားမဒုတိယအယူခံမှုလမ်းကြောင်းသို့ရေလိုက်လွဲခဲ့ကြသည်။


အယူခံတရားလိုဒေါ်အေးအေးသည်မူလတရားရုံးနှင့်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်ပါရှုံးနိမ့်ခဲ့သဖြင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌တင်သွင်းသောအယူခံမှုသည်တရားမကျင့်ထုံးဥပဒေပုဒ််မ ၁၀၉(က) တွင်အကျုံးဝင်သောအယူခံမှုဖြစ်ပါမှမှန်ကန်မည်ဖြစ်သည်။


ထို့အပြင်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က)အရတင်သွင်းသောအယူခံမှုတွင်တရားမကျင့်ထုံးဥပဒေပုဒ် ၁၁၀ တတိယစာပိုဒ်တွင်ပြဌာန်းချက်အရအရေးယူလောက်သောပြဿနာသက်ဝင်ရမည်ဟုပြဌာန်းချက်အရအယူခံတရားလိုဒေါ်အေးအေးသည်၎င်းတင်သွင်းသောအယူခံတွင်အရေးယူလောက်သောပြဿနာကိုတင်ပြနိုင်ရမည်။


ထိုသို့တင်ပြနိုင်ခြင်း၊တင်ပြထားခြင်းမရှိဘဲအယူခံကိုခွင့်ပြုခဲ့ခြင်းသည်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်ပါပြဌာန်းချက်နှင့်မညီညွတ်။


အယူခံတရားပြိုင်ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင်ဖက်မှလည်းတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉(က)၊ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၀ ၏တတိယစာပိုဒ်ပါပြဌာန်းချက်တို့ကိုကိုးကား၍ချေပလျှောက်လဲတင်ပြနိုင်ခြင်းမရှိ။


———————————

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]