အမှုခေါ်စာချွန်တော်အမိန့်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုခေါ်စာချွန်တော်အမိန့်
၂၀၁၄ ခုနှစ်စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ ၂( ဆ )တွင်အောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်-
[ အမှုခေါ်စာချွန်တော်အမိန့်ဆိုသည်မှာတရားရုံးတရုံးရုံးသို့မဟုတ်တရားစီရင်မှုသဘောသက်ဝင်သည့်ကိစ္စတခုခု၏ဆုံးဖြတ်ဆောင်ရွက်ချက်သည်ဥပဒေနှင့်ညီညွတ်မျှတမှုမရှိကြောင်းစိစစ်တွေ့ရှိရပါကထိုဆုံးဖြတ်ဆောင်ရွက်ချက်ကိုဥပဒေနှင့်ညီညွတ်စေရန်ရေးသားထုတ်ပြန်သည့်အမိန့်စာကိုဆိုလိုသည်။ ]
ပုဒ်မ ၂( ဆ )အရပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်အမှုခေါ်စာချွန်တော်အမိန့်ထုတ်ခွင့်အာဏာရှိသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၁၅ ခုနှစ်တရားမအထွေထွေလျှောက်ထားမှုအမှတ် ၁၃၃ တွင်အမှုခေါ်စာချွန်တော်ထုတ်ဆင့်ပေးရန်တင်သွင်းသည့်လျှောက်လွှာကိုပယ်ရာ၌အောက်ပါအတိုင်းအကြောင်းပြသည်-
[ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်မိမိလက်အောက်ရှိတရားရုံးတရုံးရုံးကချမှတ်သည့်စီရင်ချက်သို့မဟုတ်အမိန့်တရပ်ရပ်သည်မိမိအားအပ်နှင်းထားခြင်းမရှိသည့်စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးဆောင်ရွက်ထားကြောင်းတွေ့ရှိရလျှင်ဖြစ်စေ၊မိမိအားအပ်နှင်းထားသည့်စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရန်ပျက်ကွက်ကြောင်းတွေ့ရှိရလျှင်ဖြစ်စေအပေါ်ယံကြောကြည့်ရုံမျှဖြင့်မှားယွင်းသည့်အမိန့်တရပ်ဖြစ်ကြောင်းထင်ရှားမြင်သာလျှင်ဖြစ်စေယင်းအမိန့်ကိုအမှုခေါ်စာချွန်တော်ထုတ်ဆင့်ပယ်ဖျက်ခွင့်ရှိသည်။
လက်အောက်ခံတရားရုံးများ၏ဆုံးဖြတ်ချက်အပေါ်အယူခံမှုတင်သွင်းခြင်းသို့မဟုတ်ပြင်ဆင်မှုလျှောက်ထား၍အမြင့်ဆုံးတရားရုံးဖြစ်သောပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဆုံးဖြတ်ပြီးဖြစ်ပါကအမြင့်ဆုံးတရားရုံး၏ဆုံးဖြတ်ချက်အပေါ်အဆင့်တူအမြင့်ဆုံးတရားရုံးကကြီးကြပ်ကွပ်ကဲမှုအာဏာသို့မဟုတ်ကြီးကြပ်မှုအာဏာကိုသုံးစွဲ၍စာချွန်တော်အမိန့်ဖြင့်ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။ ]
————————————
1955 BLR ( S C ) 54 ( 79 )
SUPREME COURT.
D. D. GROVER (APPLICANT)
v.
A. C. KOONDA CONTROLLER OF RENT, MANDALAY.(RESPONDENTS)*
Civil Misc, Application No. 36 of 1955.
Present: U THEIN MAUNG, Chief Justice of the Union, MR.JUSTICE MYINT THEIN and MR. JUSTICE CHAN HTOON.
S.C. 1955 Sept. 22.
စီရင်ထုံးအရဆိုပါကပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အထက်ပါအဆုံးအဖြတ်ကိုအငြင်းပွါးရန်အကြောင်းမရှိ။
သို့သော်တဖက်တွင် ၂၀၁၄ ခုနှစ်စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ ၂( ဆ )လာ[ တရားရုံးတရုံးရုံး ]ဟူသောစကားရပ်ရှေ့တွင်မိမိ[ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ][ လက်အောက် ]ဟူသောစကားရပ်ကိုဖြည့်စွက်အဓိပ္ပာယ်ကောက်ယူခြင်းသည်-
1949 BLR ( S C ) 160 ( 167 )
SUPREME COURT.
L. HOKE SEIN (APPLICANT)
V.
THE CONTROLLER OF RENTS FOR THE CITY OF RANGOON AND ONE (RESPONDENTS). *
Civil Misc. Application No. 41 of 1949.
Present: SIR BA U, Chief Justice of the Union of Burma, MR. JUSTICE KYAW MYINT and U TUN BYU, J.
S.C. 1949 Aug. 9.
အမှု၌၊ယခင်တရားလွှတ်တော်ချုပ်က[ The Court should not read into an Act of Parliament words which are not there, in the absence of clear necessity. ]ဟူသောထုံးဖွဲ့ချက်နှင့်ညီညွတ်ပါသလား ?
တရားလွှတ်တော်ချုပ်တရားဝန်ကြီးချုပ်ဆာဘဦးကစီရင်ထုံးစာမျက်နှာ ၁၆၄ ၌နိုင်ငံခြားစီရင်ထုံးတရပ်ကိုကိုးကား၍အောက်ပါအတိုင်းမြွက်ဆိုသည်-
[ "It is a strong thing to read into an Act of Parliament words which are not there and, in the absence of clear necessity, it is a wrong thing to do," per Lord Mersey in Thompson v. Goold (1). (1910) 79 L.J.(K.B.) 905 at 911 ]
———————————-
ထို့အပြင်-
1969 BLR ( C C ) 205 ( 209 )
နိုင်ငံတော်တရားရုံးချုပ်
တရားမအထွေထွေလျှောက်လွှာ
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးချစ်တို့ရှေ့တွင်
စိန်ရတနာပိုးယက်ကန်းစက်လီမိတက်( လျှောက်ထားသူ )
နှင့်
ကုန်သွယ်လုပ်ငန်းခွန်မင်းကြီးပါ ၃( လျှောက်ထားခံရသူ )
၁၉၆၈ ခုနှစ်၊တရားမအထွေထွေလျှောက်လွှာအမှတ် ၇၀။
ရန်ကုန်မြို့ကုန်သွယ်လုပ်ငန်းခွန်မင်းကြီး၏ပြင်ဆင်မှုအမှတ် ၂၇/၆၇-၆၈ တွင် ၁၉၆၈ ခုနှစ်၊ဧပြီလ ၉ ရက်နေ့စွဲပါအမိန့်၊အယူခံအမှတ် ၂၉/၆၄-၆၅ တွင် ၁၉၆၆ ခုနှစ်၊ဇွန်လ ၃ ရက်နေ့စွဲပါအမိန့်နှင့်ကုန်သွယ်ရေးလုပ်ငန်းခွန်လက်ထောက်မင်းကြီး၏အယူခံမှုအမှတ် ၁၀၉/၆၄-၆၅ တွင် ၁၉၆၆ ခုနှစ်၊မတ်လ ၂၅ ရက်နေ့စွဲပါအမိန့်တို့ကိုမကျေနပ်၍၊အမှုခေါ်စာချွန်တော်ထုတ်ဆင့်ပေးပါရန်လျှောက်ထားသောလျှောက်လွှာ။
၁၉၆၉ ဒီဇင်္ဘာလ ၂၇ ရက်။
အမှုတွင်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ကစီရင်ထုံးစာမျက်နှာ ၂၀၈ ၌အောက်ပါအတိုင်းမြွက်ဆိုသည်-
[ ရောင်းခွန်စည်းကြပ်သောပုဂ္ဂိုလ်များ၊အယူခံ၊ပြင်ဆင်မှုတို့ကိုကြားနာဆုံးဖြတ်သောပုဂ္ဂိုလ်များ၊လွှဲအပ်မှုများတွင်ပေါ်ပေါက်သောပြဿနာတို့ကိုသုံးသပ်ဆုံးဖြတ်ရသောနိုင်ငံတော်တရားရုံးချုပ်စသည်တို့သည်ရောင်းခွန်အက်ဥပဒေကအပ်နှင်းထားသောလုပ်ပိုင်ခွင့်၊စီရင်ပိုင်ခွင့်တို့ကိုခံယူ၍ဥပဒေ၊နည်းဥပဒေပြဌာန်းချက်တို့ကိုတိကျစွာဆောင်ရွက်ကျင့်သုံးကြရမည်။
လုပ်ပိုင်ခွင့်၊စီရင်ပိုင်ခွင့်တို့ကိုမိမိတို့သဘောအလျောက်ချဲ့ထွင်ခြင်း၊ချုံးခြင်း၊ငြင်းဆန်ခြင်းမပြုနိုင်ကြပေ။
ယင်းသို့ပြုကြလျှင်၊ဥပဒေပြုလုပ်ပိုင်ခွင့်ရှိသောအဖွဲ့အစည်း၏လုပ်ပိုင်ခွင့်ကိုလွန်ရာရောက်ပေလိမ့်မည်။
ရှင်းလင်းထင်ရှားသောဥပဒေစကားရပ်တို့ကိုတရားရုံးများကသော်လည်းကောင်း၊အခြားအုပ်ချုပ်ရေးဆိုင်ရာတို့ကသော်လည်းကောင်း၊အဓိပ္ပာယ်ဖွင့်ရန်၊ဋီကာချဲ့ရန်မလိုပေ။
ယင်းသို့ပြုပြန်လျှင်၊အဓိပ္ပာယ်ဖွင့်သလိုနှင့်၊ဥပဒေကိုချဲ့ခြင်း၊ချုံးခြင်း၊ထွင်ခြင်းစသည်ကိုပြုမိတတ်ကြသည်။
ချဲ့ရန်၊ချုံးရန်၊ထွင်ရန်လိုလျှင်ဥပဒေပြုအဖွဲ့အစည်းကသာလိုအပ်သလိုပြုနိုင်သည်။
ဥပဒေစကားရပ်များကမထင်ရှား၊မသဲကွဲဖြစ်နေမှသာလျှင်၊လက်ငင်းအားဖြင့်ဥပဒေပြုအဖွဲ့အစည်း၏ရည်ရွယ်ချက်ဖြစ်မြောက်စေလေအောင်၊ဥပဒေစကားနှင့်လက်တွေ့အခြေအနေစပ်ဟပ်မိနိုင်လေအောင်၊လိုအပ်သလောက်အဓိပ္ပာယ်ဖွင့်ဆိုရသည်။
ယင်းသို့အဓိပ္ပာယ်မဖွင့်လျှင်မဖြစ်သောအခြေအနေမျိုးနှင့်တွေ့ကြုံရလျှင်အမြင့်ဆုံးသောတရားရုံးကသာလျှင်အထူးသတိထား၍စည်းကမ်းစောင့်ထိန်းကာမိမိ၏စီရင်ပိုင်ခွင့်ကိုမလွန်စေပဲ၊ညီညွတ်သောထုံးပြုပေးရသည်။ ]
———————————-
1971 BLR 92 ( 102 )
နိုင်ငံတော်တရားရုံးချုပ်
အခွင့်ထူးတရားမအယူခံမှု
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးကျော်ဇံဦးတို့ရှေ့တွင်
၁။ ဦးထွန်းလှိုင်
၂။ ဦးသာဝင်း
နှင့်
၁။ ဦးကြည်ဝင်းပါ ၅
၂။ ဦးကျော်စိန်ပါ ၄
၁၉၇၁ ခုနှစ်၊ အခွင့်ထူးတရားမအယူခံမှုအမှတ် ၃ နှင့် ၄
၁၉၆၇ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၁၁ တွင်
နိုင်ငံတော်တရားရုံးချုပ်ကချမှတ်သောစီရင်ချက်ကိုအယူခံဝင်မှု။
၁၉၇၁ မေလ ၂၂ ရက်။
အမှုတွင်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။သာဓကလုပ်ထုံးမှားယွင်းချွတ်ချော်နေသည်ကိုမြင်ရလျှင်သင့်မြတ်သလိုပြင်ပေးရန်တရားရုံးချုပ်တွင်တာဝန်ရှိသည်။
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ပင်လျှင်၊ကာလမမင်းတို့အားဆုံးမစကားမြွက်ကြားရာ၌၊”သင်တို့သည်ပြောသံကြားကာမျှဖြင့်၊ဟုတ်ပြီ၊မှန်ပြီဟုအတည်မယူကုန်လင့်ဦး၊အစဉ်အဆက်စကားမျှဖြင့်လည်းမယူကုန်လင့်ဦး၊ဤသို့ဖြစ်ဖူးသတတ်ဟူသောစကားမျှဖြင့်လည်းမယူကုန်လင့်ဦး………….”စသည်ဖြင့်သတိပေးတော်မူကာ၊ဤကားကုသိုလ်တရားတည်း၊ဤကားအကုသိုလ်တရားတည်းဟုမိမိတို့ကိုယ်တိုင်သိသောအခါ၌မူ၊ပယ်စွန့်ခြင်း၊ပြည့်စုံစေခြင်းတို့ကိုပြုအပ်ပေ၏ဟုဟောတော်မူ၏။
ကောင်းမြတ်သောရှေးထုံးတို့ကိုမပယ်ကောင်း၊သို့ရာတွင်ရှေးထုံးကိုသာလျှင်ရင်ဝယ်ပိုက်ကာပြုပြင်ပြောင်းလွဲခြင်းမပြုလျှင်မူကားတရားဥပဒေသည်၊ရှေးခေတ်၌ပင်ဝပ်လျှိုး၍နေရစ်မည်ဖြစ်ကြောင်းကိုလည်းအလျဉ်းသင့်သလိုညွှန်ပြခဲ့ကြဘူးပြီ၊တရားရုံးချုပ်၏တရားဥပဒေသဘာဝယုတ္တိတို့နှင့်အညီချမှတ်ခဲ့သောစီရင်ထုံးတို့ကိုအောက်ရုံးများကတညီတညွတ်လိုက်နာကြရန်ဖြစ်သော်လည်း၊တရားရုံးချုပ်၏စီရင်ထုံးသည်ပင်မှားယွင်းချွတ်ချော်နေသည်။သို့မဟုတ်ခေတ်နှင့်မလျော်ဖြစ်နေသည်ကိုတွေ့ရလျှင်တရားရုံးချုပ်ကပင်လိုအပ်သလိုပြန်လည်သုံးသပ်ပြင်ဆင်ပေးရမည်ဖြစ်ပေသည်။
ထိုသို့မဟုတ်က၊အမှား၏အသက်သည်ရှည်လိမ့်မည်။
တရားဥပဒေသည်လက်တွေ့အခြေအနေနှင့်ကင်းကွာနေလိမ့်မည်။
ကေသမုတ္တိသုတ် အင်္ဂုတ္ထိုရ်ပါဠိတော်၊ ၂ မဟာဝဂ်၊ ဗုဒ္ဓသာသနာအဖွဲ့နှင့်၊ ဒေါ်မြရင်ပါ ၅ နှင့် ဒေါ်စော၊ ၁၉၆၈ ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ ၃၈၊( စုံညီခုံရုံး )တို့ကိုရည်ညွှန်းသည်။
တရားရုံးသည်၊ဥပဒေကိုရှင်းလင်းထင်ရှားသလိုကျင့်သုံးရသည်။ရှင်းလင်းထင်ရှားသောဥပဒေစကားရပ်ကိုတရားရုံးကအဓိပ္ပာယ်ဖွင့်ဆိုရန်၊ဋီကာချဲ့ရန်မလို၊အဓိပ္ပာယ်ဖွင့်သလိုနှင့်ဥပဒေကိုချဲ့ခြင်း၊ချုံးခြင်း၊ထွင်ခြင်းပြုမိတတ်သည်ကိုဆင်ခြင်ရမည်။ယင်းသို့ပြုရန်လိုလျှင်၊ဥပဒေပြုအာဏာပိုင်အဖွဲ့ကသာလုပ်ပိုင်ခွင့်ရှိသည်ဟုလည်းမကြာခဏသတိပေးခဲ့ဘူးပြီ၊စိန်ရတနာပိုးယက်ကန်းစက် နှင့် ကုန်သွယ်လုပ်ငန်းခွန်မင်းကြီး၊ ၁၉၆၉ ခုနှစ်၊မြန်မာနိုင်ငံစီရင်ထုံး ၂၀၅။ ဝင်နီဆူးမား နှင့် ဒေါ်အေးကြည်၊ ၁၉၆၉ ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ ၁၄၆ တို့ကိုရည်ညွှန်းသည်။
ထပ်မံဆုံးဖြတ်ချက်။ ။တရားရုံးသည်ဥပဒေကမိမိအားအပ်နှင်းသောအာဏာကိုသာသုံးစွဲနိုင်သည်။အာဏာကိုဖန်တီးပြုလုပ်ယူ၍မရ၊စီရင်ပိုင်ခွင့်အာဏာကိုမလွန်စေရဟူ၍လိုအပ်သလိုညွှန်ပြခဲ့ဘူးပြီ။မကြင်မွှေး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၈ ခုနှစ်၊ရာဇဝတ်ပြင်ဆင်မှု ၂၅၀( ခ )။ဦးဘရှင် နှင့် ဟာဆန်၊ ၁၉၆၉ ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ ၇။ဒေါ်အေးတင် နှင့် မိတ္ထိလာခရိုင်ဒေသပြည်သူ့တရားရုံးအယူခံအဖွဲ့၊ ၁၉၆၉ ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ ၁၈။ဦးဘညွန့် နှင့် ဦးစိန်ကြည်၊ ၁၉၇၀ ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ ၄၁ တို့ကိုရည်ညွှန်းသည်။ ]
———————————-
အထက်ပါစီရင်ထုံးများ၌တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ညွန်ပြသောထုံးများနှင့်လည်းကောင်းညီညွတ်ပါသလားဟုစောဒကတက်စရာဖြစ်နေသည်။
——————————————
ယခင်ပြည်ထောင်စုတရားစုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ လာ[ တရားရုံးတရပ်ရပ် ]ဆိုသည့်စကားစပ်[ context ]ဟု၊ယခင်တရားလွှတ်တော်ချုပ်မပါသည်မှာမြင်သာပါသည်။
တဖက်တွင် ၂၀၁၄ ခုနှစ်စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ ၂( ဆ )ပါ[ တရားရုံးတရုံးရုံး ]ဟူသောစကားရပ်တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်မပါဟုသဲသဲကွဲကွဲပြဌာန်းထားခြင်းမရှိ၍အချင်းဖြစ်လျှောက်လွှာကိုတင်သည့်ရှေ့နေကိုအဓိပ္ပာယ်ကောက်ခြင်းမမှန်ဟုပြည်ထောင်စုတရားလွှတ်တော်ချုပ်က 1955 BLR ( S C ) 54 ( 79 ) အမှုတွင်စီရင်ထုံးစာမျက်နှာ ၅၆ မှစ၍စာချွန်တော်ထုတ်ဆင့်ခြင်းဆိုင်ရာပြဿနာများကိုကိုးကားပြီးနောက်သမိုင်းနောက်ခံကိုဖော်ပြကာအကျယ်တဝင့်စိစစ်ဆုံးဖြတ်ထားသည့်နည်းတူပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအမှုခေါ်စာချွန်တော်အမိန့်ထုတ်ဆင့်ခြင်းသည်လက်ရှိပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃( က ) အရလက်အောက်ခံတရားရုံးများကိုကြီးကြပ်ခွင့်အာဏာအားတနည်းသုံးစွဲခြင်းဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကမိမိရုံးကိုကြီးကြပ်ခြင်းဟူ၍တရားစီရင်မှုတွင်မရှိနိုင်သည့်ကိစ္စအလို့ငှါအထူးအယူခံဝင်နိုင်ရန်လမ်းဖွင့်ထားပုံမှအစထုံးသာဓကများဖြင့်ဝေဝေဆာဆာကြောင်းကျိုးဆင်ခြင်ဆုံးဖြတ်သင့်ပါသည်။
————————————
1956 BLR ( S C ) 7 ( 15 )
တရားလွှတ်တော်ချုပ်
မစ္စတာလီအံ့ခူး (လျှောက်ထားသူ)
နှင့်
နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (လျှောက်ထားခံရသူ)
၁၉၅၅ ခုနှစ်၊ တရားမသေးလျှောက်လွှာနံပါတ် ၅။
တရားဝန်ကြီး ဦးချန်ထွန်းအမိန့်ချမှတ်သည်။
၁၉၅၅ ဩဂုတ်လ ၁။
အမှုမှာကဲ့သို့နိုင်ငံတော်ရှေ့နေချုပ်ကိုရုံးသဟာယအဖြစ်ကြားနာအပ်ပါသည်။
1949 BLR ( S C ) 160 အမှု၌[ in the absence of clear necessity ]ဟုပြဆိုထားသည်ကိုထောက်ပြပြီးပုဒ်မ ၂( ဆ )လာ[ တရားရုံးတရုံးရုံး ]ဟူသောစကားရပ်တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်မပါဟုကောက်ယူရန်အထင်အရှားလိုအပ်သည်ကိုထုံးသာဓကအကိုးအကားဖြင့်အဓိပ္ပာယ်ဖွင့်ဆိုရန်ဖြစ်ပါသည်။
ပုဒ်မ ၂( ဆ )၌တရားရုံးတရုံးရုံးဟူသောစကားရပ်ရှေ့၌ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏လက်အောက်ခံဟူသောစကားရပ်ကိုဖြည့်စွက်ကာဥပဒေကိုပြင်ဆင်ခြင်းသာလျှင်အသင့်မြတ်ဆုံးအဖြေဖြစ်ပါလိမ့်မည်။
———————————-
Comments
Post a Comment